အောင်ပွဲခံလှည့်လည်မှုတွေအပေါ် ကျန်းမာရေးအသိုင်းအဝိုင်း စိုးရိမ်
2020.11.11
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်အတော်များများ ထွက်ပေါ်လာချိန်မှာ အနိုင်ရ ပါတီဝန်းရံသူတွေ၊ ထောက်ခံသူတွေက လူစုလူဝေးနဲ့ တိုင်းနဲ့ ပြည်နယ်အတော်များများမှာ အောင်ပွဲခံလှည့်လည်နေကြပါတယ်။
အခုလက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်းက မကျသေးဘဲ မြင့်တက်နေဆဲဖြစ်တာကြောင့် ဒီလို လူစုလူဝေးနဲ့ အောင်ပွဲခံတာတွေဟာ နောက်ဆက်တွဲ ကူးစက်မှုတွေပိုများလာနိုင်တယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းက သတိပေးနေကြပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၈ ရက်နေ့ညကစလို့ ရန်ကုန်တိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်ရှေ့မှာ လူအများအပြား အောင်ပွဲခံခဲ့သလို တိုင်းနဲ့ပြည်နယ် အတော်များများမှာလည်း မြို့ထဲလှည့်လည်ပြီး အောင်ပွဲခံနေကြပါတယ်။
ကပ်ဘေးကာလအတွင်း ဒီလိုစုဝေးပွဲတွေလုပ်တာဟာ ကျန်းမာရေးအရ အန္တရာယ်ရှိတာကြောင့် ဒီလို အောင်ပွဲခံမှုတွေ ဆက်လုပ်နေရင် ရောဂါပိုးကူးစက်မှုတွေ သေဆုံးမှုတွေ များလာနိုင်တယ်လို့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာန ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ပြောပါတယ်။
“ဒါမလုပ်သင့်တဲ့ကိစ္စပဲ။ ဒီလိုလုပ်လို့ ကူးစက်မှုတွေ ပိုများလာရင် လုပ်လိုက်တဲ့သူမှာ တာဝန်ရှိတယ်။ နိုင်တာလဲ နိုင်ပြီးသွားပြီ။ လူတွေအားလုံး ဝမ်းသာနေတဲ့အချိန်မှာ ဝမ်းနည်းစရာသတင်းအဖြစ် လုပ်မပစ်ပါနဲ့လို့ ပြောချင်တယ်။ နောက်တစ်ပတ်လောက်ကြာတဲ့အခါကျတော့ သိသိသာသာ သိလာမှာ။ တကယ်လို့ ဒီလိုထပ်လုပ်နေရင် နောက်တစ်ပတ် နှစ်ပတ်လောက်အကြာမှာ သိလာရမှာ။ ကူးစက်မှုတွေ များလာမယ်။ သေဆုံးမှုတွေ များလာမယ်။ လူတွေကလည်း လိုက်နာဖို့လိုတယ်။ ထိန်းတဲ့သူတွေကလည်း ဒီထက် ပိုထိန်းဖို့လိုတယ်။ မထိန်းဘဲနဲ့ ထိန်းချင်ယောင်ဆောင်လို့မရဘူး။"
နေအိမ်မှာပဲနေထိုင်ကြဖို့ ( stay at home ) အစီအစဉ်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်နေ့အထိ တိုးမြှင့်ထုတ်ပြန်ထားပေမယ့်လည်း ဒါကို မလိုက်နာဘဲ လူစုလူဝေးနဲ့ အောင်ပွဲခံနေကြတာပါ။
ဒီကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အွန်လိုင်းကနေ မေတ္တာရပ်ခံနေတာမျိုးထက် ကြပ်ကြပ်မတ်မတ် ထိန်းချုပ်သင့်တယ်လို့ ကျန်းမာရေးအသိပညာ မျှဝေနေတဲ့ စာရေးဆရာ ဒေါက်တာ ဖြိုးသီဟ က တိုက်တွန်းပါတယ်။
"စည်းကမ်းတကျနဲ့ ကြပ်မတ်ပေးဖို့လူ လိုတယ်။ တစ်နည်းအားဖြင့် အုပ်ချုပ်တဲ့သူတွေရဲ့ အခန်းကဏ္ဍလို့ ထင်ပါတယ်။ တစ်နည်းအားဖြင့် မေတ္တာရပ်ခံထားတယ်ဆိုပေမယ့် မေတ္တာရပ်ခံရုံနဲ့ တချို့ကိစ္စတွေက မလုံလောက်ဘူးပေါ့နော်။ အရေးယူဖမ်းဆီးဖို့တော့ မဟုတ်ဘူး။ အဲဒီမှာပဲတစ်ခါတည်းလူစုခွဲဖို့ တစ်ခါတည်း ပြောခိုင်းရင် အဆင်ပြေတာပေ့ါနော်။ အွန်လိုင်းကနေပဲ မေတ္တာရပ်ခံနေတာထက် ပိုပြီးတော့ သက်ရောက်မှု ရှိတဲ့ လုပ်ဆောင်ချက်တွေ ပိုပြီးလုပ်ဖို့လိုတယ်။ ဒီလိုမျိုး လူစုလူဝေးလုပ်တာကို ရှောင်ကျဉ်စေချင်တယ်။ အချိန်ကာလကြာလာတဲ့အခါ လူတွေရဲ့စိတ်တွေက ထိခိုက်ညစ်ငြူးတာကို နားလည်ပါတယ်။ ဒါပေမဲ့ အဲလောက်ထိ လူစုလူဝေးနဲ့ နေ့စဉ်ရက်ဆက် လုပ်နေတာကိုတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး။"
အခုလိုလူစုလူဝေးနဲ့ အောင်ပွဲခံတဲ့ ဝန်းရံသူတွေဟာ ပိုးကူးစက်နိုင်တဲ့ အခွင့်အလမ်းပိုများတာကြောင့် နေအိမ်တွေမှာ သီးသန့်ခွဲနေကြဖို့လည်း ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းနေကြပါတယ်။
ဒီလိုလူစုလူဝေးနဲ့ အောင်ပွဲခံတာတွေဟာ NLD ပါတီ ဝန်းရံထောက်ခံသူတွေ ပြုလုပ်ကြတာများပါတယ်။ ဒီလုပ်ရပ်တွေအပေါ် ပါတီခေါင်းဆောင်ပိုင်းတွေက တစ်စုံတစ်ရာ ကြပ်မတ်မှု မရှိဘူးဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ ပြောခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကတော့ အောင်ပွဲခံတာတွေမှာ မပါဝင်ဖို့ ပါတီဝင်တွေကို တားမြစ်ထားပေမယ့် ဝန်းရံထောက်ခံသူတွေကိုတော့ မေတ္တာရပ်ခံတာမျိုးပဲ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။
“ပါတီကိုဝန်းရံထောက်ခံသူတွေကို အခုလိုရွေးကောက်ပွဲကာလမှာ ထိန်းချုပ်ဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ်။ ဝန်းရံထောက်ခံပွဲတွေကို လုံးဝပါဝင်ခြင်းမပြုဖို့ ပါတီဝင်တွေကို မှာထားပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနကလည်း အရေးယူမယ်ဆိုတာ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ မကြာခင်မှာ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားမယ်လို့ မျှော်လင့်ပါတယ်။ အခုချိန်မှာပါတီက လုပ်နိုင်တာမေတ္တာရပ်ခံတာပဲရှိပါတယ်။"
ရန်ကုန်တိုင်းမှာ NLD ပါတီကိုယ်စားပြုပြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာ ကျော်စွာဦးကလည်း - လူစုလူဝေးရှောင်ပြီး နေအိမ်တွေမှာပဲ အောင်ပွဲခံကြဖို့ တိုက်တွန်းပါတယ်။
“ကိုဗစ် 19 က လူစုလူဝေးကတစ်ဆင့် ကူးစက်တာမြန်တယ် ။ များနိုင်တယ်။ ဒါ့ကြောင့် အောင်ပွဲခံတာကို ကိုယ့်မိသားစုနဲ့ပဲ အောင်ပွဲခံတာမျိုး၊ အိမ်မှာပဲ တစ်ခုခုလုပ်စားတာမျိုး လုပ်သင့်တယ်။ ကိုယ့်ကျန်းမာရေးကိုယ် စောင့်ရှောက်သလို ကိုယ့်မိသားစုကျန်းမာရေးကိုလည်း စောင့်ရှောက်ပြီးသားဖြစ်တာပေါ့။"
ဒီလိုလူစုလူဝေးလုပ်တာတွေဟာ နောက်ဆက်တွဲဆိုးကျိုးကို ဖြစ်စေတာကြောင့် သက်ဆိုင်ရာပါတီ တာဝန်ရှိသူတွေက ထိန်းသိမ်းသင့်တယ်လို့ ဒေါက်တာ ဥက္ကာကြည်ဝင်း က ထောက်ပြပါတယ်။
“လူစုလူဝေးလုံးဝမလုပ်ဖို့ ဆိုပြီးတားမြစ်ဖို့ဆိုတာ တော်တော်လေးခက်မယ်။ ပြည်သူတွေ ပျော်ရွှင် တက်ကြွနေတာကို တားဖို့ခက်မယ်။ ကျနော်မြင်တာ နှစ်ချက်၊ ရောဂါပိုးကူးစက်မှုနဲ့ နောက်တစ်ချက်က လုံခြုံရေးအခြေအနေပေါ့။ အခုရက်ပိုင်းကြားနေရတာတွေက အဆိုးဘက်ကို ဦးတည်သွားနိုင်တဲ့သတင်းတွေ ကြားနေရတာဆိုတော့ လူစုလူဝေးကိုထိန်းမယ်ဆိုရင် သက်ဆိုင်ရာတွေက အကျိုးသင့်အကြောင်းသင့်ပြောပြီး ထိန်းဖို့လုပ်သင့်ပါတယ်။”
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ နေ့စဉ် တစ်ထောင်ဝန်းကျင်နဲ့ သေဆုံးသူ ၁၀ ယောက်ကျော်မှာ ရှိနေတာပါ။ နိုဝင်ဘာ ၁၀ ရက်နေ့ ည ၈ နာရီအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၆၃၂၄၁ ဦး ရှိပြီး သေဆုံးသူ ၁၄၆၁ ဦး ရှိနေပါတယ်။