လူ့အခွင့်အရေးကြေငြာစာတမ်းနဲ့ မြန်မာနိုင်ငံ
2018.12.10

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်တွေနဲ့ ကိုက်ညီမှုမရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အဆိုးဝါးဆုံး ရှိနေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အပြည့်အစုံကို RFA သတင်းထောက် မသက်စုအောင်က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူ့အခွင့်အရေးကြေငြာစာတမ်းနဲ့ မြန်မာနိုင်ငံ
(သက်စုအောင်)
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာချက်ဖြစ်တဲ့ Universal Declaration of Human Rights ဟာ ထုတ်ပြန်ကြေငြာခဲ့တာ ဒီနေ့ဆိုရင် နှစ် ၇၀ ပြည့်သွားပြီးဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ ရှိနေဆဲဖြစ်ပြီး ပိုဆိုးဝါးတဲ့ အခြေအနေထိ ဖြစ်လာနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခံရဆုံး အချက်တွေကတော့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာ ထင်မြင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးစုဝေးခွင့်၊ အသင်းဖွဲ့စည်းခွင့်၊ စီတန်းလှည့်လည်ခွင့်စတဲ့ အခြေခံလွတ်လပ်ခွင့်တွေ ချိုးဖောက်ခံနေရတာတွေက အဆိုးဆုံး အခြေအနေမှာ ရှိနေတယ်လို့ ဥပဒေအထောက်အကူပြု ကွန်ရက်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ တစ်ဦးဖြစ်တဲ့ ဦးအောင်ထူးက ပြောပါတယ်။
"အသက်ရှင်သန်ပိုင်ခွင့်နဲ့ ပတ်သက်ရင်တော့ စစ်ရာဇဝတ်မှု၊ လူသားဆန့်ကျင်ပြစ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်နေကြောင်း စွပ်စွဲခံရတဲ့အဆင့်ကို ရောက်ရှိနေပြီ။ အခြေခံလွတ်လပ်မှု အခွင့်အရေးနဲ့ပ တ်သက်လို့ ပြောရရင်တော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စည်းရုံးခွင့် စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တွေဟာလည်း တော်တော်ဆိုးဆိုးဝါးဝါး အခြေအနေဖြစ်နေပြီ။ ရိုက်တာ သတင်းထောက်အမှုတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်နဲ့ ပြောမယ်ဆိုရင်လည်း တိုင်းရင်းသားဒေသတွေမှာ မြေယာပိုင်ဆိုင်ခွင့်ဟာ ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရဆုံးကာလ ဖြစ်တယ်လို့ ပြောရမှာပါ။ တိုင်းရင်းသား အခွင့်အရေးဘက်က ပြောမယ်ဆိုရင် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးဟာ နိုင်ငံတကာ စာချုပ်စာတမ်းဖြစ်တဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ သဘောတူစာချုပ် ပုဒ်မ ၁ မှာရော နိုင်ငံရေးနဲ့ နိုင်ငံသား အခွင့်အရေးဆိုင်ရာ ပုဒ်မ ၁ မှာရော ပြဌာန်း ပါရှိထားတယ်။ အဲဒီမှာ ပါရှိထားတဲ့ အချက်တွေ အကုန်လုံး ချိုးဖောက်ခံနေရတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်"
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အသံ အဖွဲ့က ပြုလုပ်ထားတဲ့ စာရင်းတွေအရဆိုရင် ငြိမ်းချမ်းစွာ စုဝေးတာနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ငြိမ်းစုစီ ဥပဒေနဲ့ တရားစွဲ ခံရတဲ့အမှုဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ၄ မှု၊ ၂၀၁၇ ခုနှစ်မှာ ၈ မှုသာရှိခဲ့ရာကနေ ဒီနှစ် ၂၀၁၈ ခုနှစ်မှာ အမှုအရေအတွက်က ၄၂ မှုထိ ရှိလာတာပါ။
ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်သူ၊ သိမ်းဆည်းခံ မြေယာအရေးအတွက် ဆန္ဒဖော်ထုတ်သူ၊ တိုင်းရင်းသားအရေး ဆန္ဒဖော်ထုတ်သူ၊ အမျိုးသားရေးလှုပ်ရှားသူ၊ ပညာရေး၊ အလုပ်သမားအရေး စတဲ့ တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၁၄၉ ဦး တရားရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာပဲ ကချင်ပြည်နယ်က တိုက်ပွဲတွေမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့တဲ့သူ ၃ ဦးကို ထောင်ဒဏ်တွေ ချမှတ်လိုက်တာကလည်း အခြေခံ လူ့အခွင့်အရေးတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို နှိပ်ကွပ်ရာရောက်တာကြောင့် အရပ်ဖက်အဖွဲ့အစည်း ၅၀၀ ကျော်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြီးခဲ့တဲ့ ၈ ရက်က သဘောထားကြေငြာချက် ထုတ်ခဲ့ပါတယ်။
"ကျနော်တို့အမြင်မှာတော့ လူ့အခွင့်အရေးတစ်ရပ်လုံးက မြန်မာနိုင်ငံမှာ တော်တော်လေး ကျဆင်းတယ်လို့ မြင်တယ်။ ပွဲလုပ်ဖို့ နေရာတွေ ရွေးတဲ့နေရာမှာတောင် တားမြစ်ပိတ်ပင်ခံနေရတာတွေ နေရာအနှံ့မှာ တေ့ွလာရတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးက ကောင်းလာပါတယ် အရင်ကထက် တိုးတက်လာပါတယ်ဆိုပြီး သမ္မတမိန့်ခွန်းတွေမှာ ဖော်ပြတာတွေ တေ့ွရပါတယ်။ ဒါပေမဲ့ ကျနော်တု့ိအနေနဲ့ကတော့ အဲဒါကို လက်မခံချင်ပါဘူး။ လက်ရှိအခြေအနေက ဆိုးနေတယ်လို့ပဲ မြင်ပါတယ်။ ပြည်သူ့အခွင့်အရေးတွေ လူ့အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ ယန္တရားက ဘာမှရှိမနေဘူး။ ဒါပေမဲ့ အစိုးရအနေနဲ့ အရင်ကထက် ပိုတက်လာပါတယ်လို့ ပြောတာ အံ့သြမိတယ်"
ဒါက အသံအဖွဲ့က ကိုရဲဝေဖြိုးအောင်က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေပေါ်ကို သုံးသပ်ပြောဆိုခဲ့တာပါ။
အခုနောက်ပိုင်းမှာ အရပ်ဖက် အဖွဲ့အစည်းတွေ ပွဲလုပ်ခွင့်နဲ့ ပတ်သက်ပြီး တင်းကျပ်တာတွေ၊ အလွယ်တကူ ခွင့်ပြုပေးတာမျိုး မရှိတော့တာတွေကလည်း လူ့အခွင့်အရေးကို ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေလို့ သူကပြောပါတယ်။
ဒါအပြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံရမှုတွေဟာလည်း မြင့်တက်လာပြီး ဒီအစိုးရလက်ထက်မှာ ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခံရတဲ့ အရေအတွက်ဟာ ၁၅၀ ကျော် ရှိနေပါတယ်။
ဒါအပြင် သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့လည်း သတင်းထောက်တွေကို တရားစွဲဆိုခံရတာတွေလည်း ရှိနေပြီး သတင်းသမားတွေအပေါ် ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ အရေအတွက်က ၂၀ ကျော် ရှိနေပါတယ်။
သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဦးမြင့်ကျော်က အခုလို သူ့အမြင်ကို ပြောပါတယ်။
"တည်ဆဲဥပဒေတွေကလည်း လူထုရဲ့ လွတ်လပ်ခွင့်တွေကို အာမခံတာထက်ကို ထိန်းချုပ်ဖို့ဆိုတဲ့ဘက်ကို ရည်ရွယ်ချက်က အားများနေတယ်။ အဲဒီဘက်ကို ရည်ရွယ်ပြီး ပြဌာန်းတာ များနေတယ်။ တရားစီရင်ရေးစနစ်ဘက်မှာ တကယ်တရားစီရင်ရေးက မလွတ်လပ်တော့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လူတွေက လွတ်လပ်စွာ ပြောဆိုခွင့်တို့ လွတ်လပ်စွာ သတင်းရေးသား ထုတ်ဖော်ခွင့်တို့ အဲဒီအပိုင်းတွေမှာလည်း အကန့်အသတ်တွေက တရားစီရင်ရေးက ထိန်းချုပ်ဖို့နဲ့ ကြောက်လန့်အောင် ဒါမျိုးတွေ နောက်မလုပ်ဖို့ ဆိုတာမျိုးတွေ သွားဖြစ်တယ်။ ဒီဥပဒေပြင်ဆင်တဲ့အပိုင်းတို့ ဒီတရားစီရင်ရေးစနစ် လွတ်လပ်အောင်လုပ်တဲ့ အပိုင်းတွေမှာလည်း ထင်သလောက် ခရီးမပေါက်ဘူး။ အဲဒါတွေကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က အန္တရာယ်တွေ ကြောက်ရွံ့စရာတွေ များနေဆဲ ခံနေရဆဲဖြစ်တယ်"
လွတ်လပ်စွာ သွားလာခွင့်နဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံမှာ လူမျိုးရေး နဲ့ ပတ်သက်ပြီး လွတ်လပ်စွာ သွားလာခွင့်အပေါ် ကန့်သတ်မှုတွေက ရှိနေဆဲလို့ ထောက်ပြတာတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်လို နေရာမျိုးတွေမှာ အစ္စလာမ် ဘာသာဝင်တွေ နိုင်ငံသားကတ် လျှောက်ထားဆဲအဆင့်မှာလည်း ခရီးသွားထောက်ခံစာရဖို့ အခက်အခဲရှိနေသလို၊ နိုင်ငံသားကတ် ရပြီးသားသူတွေအနေနဲ့လည်း ခရီးသွားလာတဲ့အခါမှာ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေပါတယ်။
ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံမှာ လယ်သိမ်း ယာသိမ်း ပြဿနာတွေဟာ အခုချိန်ထိ ရှိနေဆဲဖြစ်ပြီး သိမ်းဆည်းခံမြေယာတွေ ပြန်ရရေးအတွက် ကြိုးစားရာကနေ တရားရင်ဆိုင်နေရသူ အချုပ်ကျနေရတဲ့ သူဦးရေဟာလည်း မြင့်တက်နေဆဲပဲဖြစ်ပါတယ်။
"လူ့အခွင့်အရေး စံချိန်စံညွှန်းကို တစ်ခုပြီးတစ်ခုကြည့်မယ်ဆို မြန်မာနိုင်ငံက တစ်ခုမှ မမီသေးဘူး။ တော်တော်လေး အဆင့်နိမ့်နေသေးတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ စံချိန်စံညွှန်းတွေကို မီအောင်လိုက်ရမယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ရလိမ့်မယ်။ တရားဥပဒေဆိုင်ရာ တရားစီရင်ရေးဆိုင်ရာတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ရလိမ့်မယ်။ အခြေခံ လူ့အခွင့်အရေးတွေ ညှင်းပန်းနှိပ်စက်ခံရမှုတွေ သတ်ဖြတ်ခံရမှုတွေ ဒါတွေကို ပပျောက်အောင် လုပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အများကြီးလုပ်ဆောင်စရာတွေ ရှိနေတယ်"
ဒါကတော့ ၂၀၁၈ ခုနှစ် EU Shuman Award ဆုရှင် လူ့အခွင့်အရေးလှုပ်ရှာသူ တစ်ဦးဖြစ်တဲ့ မချယ်ရီဇာဟောင် ပြောသွားတာပါ။
ဒီမိုကရေစီ အစိုးရလို့ ကြွေးကြော်ပြီး တက်လာတဲ့ လက်ရှိ NLD အစိုးရလက်ထက်မှာလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်စံနှုန်းတွေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို တိုင်းတာမယ်ဆိုရင် အောက်ဆုံးအဆင့်မှာပဲ ရှိနေသေးတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက သုံးသပ်နေကြပါတယ်ရှင်။