လူ့အခွင့်အရေးနေ့နဲ့ မြန်မာနိုင်ငံအခြေအနေ


2018.12.10
human-right-620.jpg ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က စက်ဘီးစီးပြီး လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကြစဉ်
Photo: RFA

 

ရန်ကုန်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို တက်ရောက်လာတဲ့ အစိုးရတာဝန်ရှိသူတွေ နဲ့ သံအမတ်တချို့ရဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် ပြောစကားတွေကို RFA သတင်းထောက် ကိုထက်အာကာ က ကောက်နုတ်တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူ့အခွင့်အရေးနေ့နဲ့ မြန်မာနိုင်ငံအခြေအနေ
(ထက်အာကာ)

ဒီကနေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် ၇၀ ပြည့်နေ့လည်း ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မနေ့က ရန်ကုန်မြို့မှာရှိတဲ့ ဂျာမနီသံရုံးက ဖွင့်လှစ်ထားတဲ့ ယဉ်ကျေးမှုဌာနမှာ ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးခ ျိုးဖောက်မှုအများစုမှာ အမုန်စကားပြဿနာတွေ ပါဝင်နေတာတွေ့ရတယ်လို့ ပြောပါတယ်။

"Hate Speech ကို ထိန်းသိမ်းနိုင်ဖို့ အထူးပဲ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ ပြဿနာအားလုံးဟာ Hate Speech က ပါဝင်နေတဲ့ သဘောရှိတယ်"

အခမ်းအနားကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှုး မစ္စတာ Kunt Ostby ကတော့ လက်ရှိအစိုးရအဖွဲ့မှာ အရင်က လူ့အခွင့်အရေးလှုပ်ရှားမှုတွေ အများဆုံး ပါဝင်လာသလို လူအခွင့်အရေး လှုပ်ရှားသူတွေလည်း ထွက်ပေါ်လာတာတွေ့ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ဆန္ဒပြတောင်းဆိုသူ ၃ ဦး အဖမ်းခံရတာ၊ ရိုက်တာ သတင်းထောက်၂ဦး အဖမ်းခံရတာတွေအပေါ် သူ့အနေနဲ့ အစိုးရကို စိတ်ပျက်မိကြောင်း အခုလိုပြောပါတယ်။

"လက်ရှိအစိုးရမှာဆိုရင် လူ့အခွင့်အရေးလှုပ်ရှားသူတွေ အများကြီးပါဝင်ခဲ့တယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေလည်း ပေါ်ထွက်လာခဲ့တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ ဥပမာပြောရရင် ကချင်စစ်ဘေးရှောင်တွေအတွက် လှုပ်ရှားခဲ့တဲ့သူတွေ အပြစ်ပေးခံရတာ၊ ရိုက်တာ သတင်းထောက်၂ဦး သတင်းလိုက်ရင်း အဖမ်းခံရတာတွေဟာ သူ့အနေနဲ့စိတ်ပျက်မိပါတယ် အဲလိုကိစ္စတွေဟာ ရှိလည်း မရှိသင့်တော့ပါဘူး"

ဆက်လက်ပြီး ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ နိုင်ငံမဲ့တွေရဲ့ ကိစ္စကိုဖြေရှင်းဖို့ အရေးကြီးကြောင်း ပြောပါတယ်။

"ရခိုင်ပြည်နယ် နိုင်ငံမဲ့တွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့အင်မတန်မှ အရေးကြီးသလို သူတို့ကို မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ပါဝင်ဆောင်ရွက်ဖို့ နိုင်ငံသားဖြစ်ခွင့်ပေးဖို့က အဓိက အရေးကြီးပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ ထင်ရှားပြတ်သားတဲ့ လမ်းစဉ်နဲ့ လျောက်လှမ်းနိုင်ဖို့ကလည်း အရေးကြီးပါတယ်"

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt ကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဟာ တိုးတက်ဖို့ လိုအပ်သေးကြောင်း ပြောပါတယ်။

"မြန်မာနိုင်ငံဟာ လက်ရှိမှာ လူ့အခွင့်အရေးချိူးဖောက်မှုတွေကို လျော့နည်းအောင် လုပ်ဆောင်နေတယ်လို့ မြင်မိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်ရေးတိုးတက်ဖို့က အခြားနိုင်ငံတွေထက် လိုနေသေးပါတယ်။ လူအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကောင်းကောင်းမွန်မွန် တိုက်ဖျက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ကဏ္ဍတွေမှာ ပိုမိုမြန်ဆန် တိုးတက်လာနိုင်ပါတယ်"

ဒီနေ့မနက်က IBC ခန်းမမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဦးဆောင်ကျင်းပတဲ့ အခမ်းအနားမှာတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လူ့အခွင့်အရေး စံချိန်စံညွန်းတွေ ပြည့်မီဖို့ အစိုးရနဲ့ ပြည်သူ ပူပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

"ပြည်သူ့အစိုးရအနေနဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ ရပ်တည်မှုနဲ့ ဖံ့ွဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနေခြင်းဟာ ပြည်သူတွေ ရရှိခံစားသင့်တဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးနေခြင်းပဲ ဖြစ်ပါတယ်။ အစိုးရက ဆောင်ရွက်ဖို့ တာဝန်ရှိသလိုပဲ ပြည်သူများကလည်း အခွင့်အရေးရဲ့ အဓိပ္ပာယ်က ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် အစိုးရနဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်ပြီး လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို ပြည့်မီအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်"

မြန်မာနိုင်ငံ အမျိူးသားလူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားလာတဲ့စာတွေထဲမှာ ရဲဝန်ထမ်းတွေကို တိုင်ကြားတဲ့စာတွေ အများဆုံးဖြစ်နေတယ်လို့ ဦးဝင်းမြရဲ့ ပြောကြားချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေ ကျင်းပလာတာ ပွဲတွေကိုပြုလုပ်နေတာ ၄နှစ်ရှိပြီဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့်၊ ရခိုင်ပြည်နယ်က နေရပ်စွန်ခွာသွားကြတဲ့ ရိုဟင်ဂျာ မွတ်စလင်အရေး၊ တိုင်းရင်းသားဒေသက စစ်ဘေးဒုက္ခသည်တွေအရေးနဲ့ လွတ်လပ်စွာ သတင်းရယူခွင့်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ဝေဖန်ခံနေရတာတွေ ရှိနေတဲ့အချိန် ဖြစ်ပါတယ်ခင်ဗျာ။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။