ကချင်နဲ့ ကယားက ဒုက္ခသည်တွေ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်‌ရှောက်မှု လိုအပ်နေ

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2024.11.27
ကချင်နဲ့ ကယားက ဒုက္ခသည်တွေ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်‌ရှောက်မှု လိုအပ်နေ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နောင်ပကပ် စစ်ဘေးဒုက္ခသည်စခန်းစစ်မှ စစ်ဘေးဒုက္ခများအား ၂၀၂၄ ခုနှစ် ဇွန်လက တွေ့ရစဉ်။
Facebook/ JaoPyinnar Sara

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည် အများစု ရာသီတုပ်ကွေး အဖြစ်များကြပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေနဲ့ ဒုက္ခသည်တွေကပြောပါတယ်။

လက်ရှိ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း (၁၀) ခုလောက်မှာ စစ်ဘေးသင့် ပြည်သူ တစ်ထောင့်ခုနှစ်ရာကျော် ရှိနေပါတယ်။ ဆောင်းဝင်ခါစဖြစ်တဲ့အတွက် သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုံလုံလောက်လောက် မရဘူးလို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဆရာတော် အရှင်ပညာစာရက RFA ကို မိန့်ပါတယ်။

“အဖြစ်များတာက ရာသီပြောင်းဆိုတော့ တုပ်ကွေးပေါ့။ တုပ်ကွေးဆိုရင်လည်း ရိုးရိုးတုပ်ကွေးမဟုတ်ဘူး။ အားအင်ပါ ပျော့ပျက်သွားတဲ့ ပုံစံမျိုး ဘုန်းဘုန်းဆိုရင် တစ်လလောက်ခံရတယ်။ ရာသီတုပ်ကွေး အဖြစ်များတယ်။ ကလေးရော သက်ကြီးရွယ်အိုရော”

အဲဒီဒုက္ခသည်တွေဟာ ၂၀၂၄ ခုနှစ် မတ်လကတည်းက စစ်ဘေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။

အမျိုးသမီးတွေအတွက်လည်း လစဉ်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဝိုင်းမော်မြို့နယ် စစ်ဘေးဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဆေးဝါးပိုင်းက ဒီကချင်ပြည်နယ် ဝိုင်းမော်ဘက် အခြေအနေနဲ့ဆိုရင် တကယ်လို့ လိုချင်တယ်ဆိုရင် ဆေးဝါးက ဝယ်ချင်သလို ဝယ်လို့မှမရတဲ့ဟာကော်ရှိတယ်။ အဲ့ဆေးဝါးက သီးသန့်အနေနဲ့ ဆေးဝါးဆိုပြီးမှ ကူညီထောက်ပံ့ပေးတာမျိုးမရှိဘူး။ အဲ့လိုလဲ (အမျိုးသမီးလစဉ်သုံး) လုံလုံလောက်လောက်မရှိဘူး။ လောလောဆယ်က အခြေခံ စားဖို့ ‌သောက်ဖို့ပဲ စီစဉ်ပေးနိုင်တယ်”

လက်ရှိ ဝိုင်းမော်မှာရှိတဲ့ စစ်ရှောင်စခန်း (၁၀) ဟာ ပုဂ္ဂလိကအလှူရှင်တွေအပြင် နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တွေရဲ့ အကူအညီတွေ ရပေမဲ့ လစဉ် ပုံမှန် ထောက်ပံ့တာ မဟုတ်တဲ့အတွက် လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ ဆောင်းတွင်းကာလ အအေးဒဏ်ကို ဒုက္ခသည်တွေ ရင်ဆိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆရာတော် အရှင်ပညာစာရက မိန့်ပါတယ်။

“တချို့ စစ်ရှောင်စခန်းဆိုရင် ဘုန်းကြီးကျောင်းထဲမှာပဲ နေတဲ့ camp ဆိုရင် သံမံတလင်းပေါ်အိပ်နေရတယ်။ ဆောင်းရာသီနဲ့တော့ မကိုက်ဘူး။ အဲ့ဒါတွေလည်း ကျန်းမာရေး ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်။ အခုလောလောဆယ် အခက်အခဲတွေကတော့ ဒီ စစ်ရှောင်ချိန်သိနေကြအတိုင်း စားဝတ်နေရေး နဲ့ ကျန်းမာရေး ဆောင်းရာသီ ကာလမှာ နွေးနွေးထွေးထွေး ကျော်ဖြတ်နိုင်ဖို့လဲ အရေးကြီးတယ်”


ဆက်နွှယ်သောသတင်းများ

ငါန်းဇွန်မှာ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်ဦး သေဆုံး

စစ်ကိုင်းတိုင်းက နေအိမ်မီးရှို့ဖျက်ဆီးခံရသူတွေ အကူအညီလိုနေ

နိုင်ငံတစ်ဝန်း ဒုက္ခသည် ခြောက်သန်းကျော် အကူအညီလိုအပ်နေ


ဝိုင်းမော်မြို့နယ်က သိမ်ကြီးစုဘုန်းကြီးကျောင်း၊ သာယာအေး သရက်‌တောစခန်း၊ ဝေဠုဝန်ကျောင်း၊ နောင်ပကပ်စခန်း၊ ဘုရားကြီးကျောင်း၊ မာရ်အောင်ကျောင်း၊ မိုင်းနားမှန်ပြစံပြ၊ တိုက်ကုန်းကျောင်း စတဲ့ စခန်းတွေမှာ အရေးပေါ် စားနပ်ရိက္ခာ နဲ့ ဆေးဝါးတွေ လိုအပ်နေတာပါ။

လက်ရှိ ဝိုင်းမော်မြို့နယ် အထူးဒေသ (၁) က တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က နိုဝင်ဘာ (၂၀) ရက်နေ့က အပြီးသတ် သိမ်းယူခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေသေးတဲ့အတွက် ပြည်သူတွေ နေရပ်မပြန်နိုင်ကြသေးပါဘူး။

အလားတူ ကယားပြည်နယ်မှာလည်း ဆောင်းရာသီမှာ သက်ကြီးပိုင်း စစ်ဘေးရှောင်တွေအတွက် လိုအပ်ချက်တွေ များနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ကယားပြည်နယ်မှာ စစ်ကောင်စီက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ပိတ်ပင်ကန့်သတ်နေတဲ့အတွက် အကူအညီတွေ စစ်ဘေးဒုက္ခသည်တွေဆီ ရောက်ဖို့ ခက်ခဲနေတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အခုစစ်ရှောင်ကော်မတီတောင်မှ အခု ညီမတို့ကို ပေးဖို့ သူတို့အတွက်လဲ အရမ်းကို ခက်ခဲသွားတယ်။ စစ်ရှောင်လည်း ပိုများလာတယ်။ အလှူရှင်တွေ ပို့လာတဲ့ဟာတွေလည်း အကုန်မဝင်နိုင်တော့ဘူး။ ဝယ်ပေးဖို့က ကုန်စျေးနှုန်းအရမ်းကြီးသွားတယ်။ ဆေးရုံ ဆေးခန်းတွေက အခမဲ့ ဆေးကုပေးတာတွေ ရှိတယ်။ သူတို့က ရဲဘော်တွေနဲ့ မျှကြည့်ပေးရခါကျတော့လေ တကယ့်အရေးမကြီးရင်တော့ မလာခဲ့နဲ့ အဲ့လိုမျိုးပေါ့။ ကိုယ်ဝန်ဆောင်သည်တွေ တကယ့်အရေးပေါ် မဟုတ်ရင် မလာခဲ့နဲ့ပေါ့။ သူတို့ ကန့်သတ်ထားတာပေါ့နော်”

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ  သာယာအေး စစ်ဘေးဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္သည်များအား ၂၀၂၄ ခုနှစ်ဩဂုတ် ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo : Facebook/ JaoPyinnar Sara)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ သာယာအေး စစ်ဘေးဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္သည်များအား ၂၀၂၄ ခုနှစ်ဩဂုတ် ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo : Facebook/ JaoPyinnar Sara)

ဆေးဝါး အလှူရှင်နည်းပါးတဲ့အတွက် ကိုယ့်နည်းကိုယ့်ဟန် နဲ့ ဖြေရှင်းနေရတယ်လို့လည်း သူက ဆိုပါတယ်။

ကရင်နီပြည်ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ IEC စာရင်းတွေအရ ကယားပြည်နယ်မှာ စစ်ဘေးသင့် ပြည်သူ သုံးသိန်းနှစ်သောင်းဝန်းကျင်ရှိပြီး စစ်ဘေးဒုက္ခသည်စခန်း (၄၁၀) ဝန်းကျင်ရှိပါတယ်။ နေ့စဉ် အကူအညီလိုအပ်တဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်ကတော့ တစ်သိန်းခွဲကျော် ရှိတယ်လို့ IEC က ဆိုပါတယ်။

ဒီဒုက္ခသည်တွေအတွက် အဓိက လိုအပ်တဲ့ ဆေးဝါး ရဖို့ ခက်ခဲနေတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

“ဆေးဝါးရှာဖွေ ဝယ်ယူတဲ့နေရာမှာပိုပြီးတော့မှ ကြန့်ကြာလာတယ်။ ခက်ခဲလာတာပေါ့နော်။ အထူးသဖြင့် ပြည်တွင်းမှာဆိုရင် ရှာဖွေဝယ်ရတာ အရမ်းကို ခက်ခဲတယ်။ ဆေးက အင်မတန်မှကို ကြီးတယ်။ စစ်ကောင်စီကလည်း ဒီဆေးဝါးကို အမြဲတမ်းပိတ်ဆို့အနေအထားမှာ ရှိတဲ့အတွက်ကြောင့် ဝယ်ရပြုရတာ ခက်ခဲလာတယ်”

UNOCHA ရဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၃ ဒသမ ၄သန်းရှိနေပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကတော့ မြန်မာက လူပေါင်း ၁၃သန်းကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ရင်ဆိုင်နေရတယ်လို့ နိုဝင်ဘာ ၂ဝရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။