သောင်ရင်းမြစ်ဘေးက ဒုက္ခသည် ခြောက်ထောင်ကျော် ရေဘေးသင့်
2024.09.11

စက်တင်ဘာ ၉ ရက်နေ့ကစပြီး သုံးရက်ဆက်တိုက် မိုးကြီးပြီး သောင်ရင်းမြစ်ရေ မြင့်တက်လာကြောင့် မြစ်ဘေးတစ်လျှောက်က စစ်ဘေးဒုက္ခသည်စခန်း ငါးခုထက်မနည်းက နေအိမ် သုံးရာလောက် ပျက်စီးပြီး လူဦးရေ ခြောက်ထောင်ကျော် ရေဘေးသင့်နေပါတယ်။
သောင်ရင်းမြစ်ဘေးက ကနဲလေးထ၊ သေဘောဘိုး၊ ဘလယ်ဒို၊ ဝေါလေ၊ ပလောတပို့ စတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေ ရေဘေးကြုံနေရတာပါ။
ရေဘေးသင့် ဒုက္ခသည်တွေကို ကူညီနေသူတွေ ပြောပြချက်အရ မိုးများလို့ ပျက်စီးသွားတဲ့ တဲအိမ်တွေ ရှိသလို မြစ်ကမ်းပါးပြိုကျလို့ ရေထဲမျောပါသွားတဲ့ တဲအိမ်တွေလည်း ရှိပါတယ်။
သောင်ရင်းမြစ်ကမ်းပါးမှာရှိတဲ့ ပလောတပို့စခန်းက တဲအိမ် ဆယ်လုံးလောက် ရေထဲမျောပါသွားတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဦးမင်းမင်းက ပြောပါတယ်။
“ရေကတအားထိုးတယ်၊ တအားထိုးတဲ့အခါကျတော့ ကမ်းပါးတွေပြိုတယ်၊ ပြိုပြီးတဲ့အခါကျတော့ အိမ်တွေပါသွားတယ်၊ နောက်သစ်ပင်တွေလည်းပါသွားတာရှိတယ်၊ လူတွေတော့အထိအခိုက်မရှိဘူး၊ အိမ်တွေပဲပါသွားတာပေါ့’’
ပလောတပို့စစ်ဘေးဒုက္ခသည်စခန်းဟာ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလက လေးကေ့ကော်မြို့သစ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြသူတွေ ခိုလှုံနေတဲ့ စခန်းဖြစ်ပါတယ်။
အရှိန်နဲ့တက်လာတဲ့ သောင်ရင်းမြစ်ရေကြောင့် ကနဲလေးထစခန်းက တဲအိမ်တွေ ရေမြုပ်သွားတယ်လို့ ဒုက္ခသည်တွေကို ကူညီနေသူ နောက်တစ်ဦးဖြစ်တဲ့ ဒေါ်ရီရီဝင်းက ပြောပါတယ်။
“တော်တော်များများမြုပ်တယ်၊ ရေကတက်တာမြန်တော့ စောင့်တော့စောင့်နေတာပေါ့နော်၊ ဒါပေမဲ့ ရေကတက်တာမြန်တော့ ကျွန်မတို့နယ်စပ်ဒေသက အရမ်းအားကိုးရတဲ့ ဆေးခန်းလေးကတော့ ရေမြုပ်သွားတာပေါ့နော်၊ နယ်စပ်ကတချို့တဲတွေလည်း ရေမျောတဲ့အထဲပါ သွားတာပေါ့နော်၊ ကျွန်မတို့ ဒီကနဲလေးဒုက္ခသည်စခန်းမှာလည်း ရေတွေဝင်တယ်ပေါ့နော်’’
ဆက်နွှယ်သောသတင်းများ
သောင်ရင်းမြစ်ဘေးက စစ်ဘေးဒုက္ခသည် ငါးထောင်ဝန်းကျင် ရေဘေးသင့်
မြဝတီမြို့မှာ ရေကြီးရေလျှံမှု အဆိုးရွားဆုံးကြုံနေရ
နေပြည်တော်နဲ့ မြဝတီမြို့အပါအဝင် နေရာအများအပြား ရေကြီး၊ အရေးပေါ်ကယ်ဆယ်ရေး လိုအပ်နေ
သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေ အမှတ် ရှစ်ပေကျော်အထိ မြင့်တက်နေသလို နောက်ထပ် သုံးပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက စက်တင်ဘာလ ၁၁ ရက်နေ့ မနက်က သတိပေးထုတ်ပြန်ထားပါတယ်။
မိုးများပြီး ရေကြီးနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ စားသောက်နေထိုင်ရေး ခက်ခဲနေကြသလို ဖျားနာနေသူတွေအတွက် ဆေးဝါးလိုအပ်နေတယ်လို့ ဦးမင်းမင်းက ပြောပါတယ်။
“တချို့ကတော့ ဘုန်းကြီးကျောင်းမှာ၊ တချို့ကတော့ရွာထဲမှာ၊ တချို့ကတော့အဆင်ပြေသလို နေကြ တာပေါ့ ကမ်းနားတောက်လျှောက်ပေါ့၊ အိမ်တိုင်းလိုလိုကတော့ ခေါင်မိုးတွေ မိုးယိုတာတွေ ရှိနေတယ် အိမ်တိုင်းလေ၊ သူတို့ စားရေးသောက်ရေးလည်းခက်ခဲတယ်၊ အခုက ဘာမှလုပ်လို့မရဘူးလေ၊ သွား လို့လည်းမရဘူးဆိုတော့၊ ကလေးတွေအဖျားအနာတွေရှိတယ်၊ ငှက်ဖျားလည်းဖြစ်တယ်၊ တုပ်ကွေးလည်း ဖြစ်တယ်”
ဒီဒုက္ခသည်စခန်းတွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်ကလည်း တစ်ပတ်ကြာ မိုးများခဲ့တာကြောင့် သောင်ရင်းမြစ်ရေလျှံတက်ပြီး ဒုက္ခသည် ငါးထောင်ဝန်းကျင် ရေဘေးဒဏ်ခံခဲ့ရပါတယ်။
တရုတ်နိုင်ငံမှာ တိုက်ခတ်နေတဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်၊ ချင်းရိုင်ခရိုင်တွေမှာလည်း ရေကြီးမြေပြိုပြီး အနည်းဆုံး လူလေးဦး သေဆုံးခဲ့သလို နေအိမ်ထောင်နဲ့ချီ ရေနစ်မြုပ်နေပါတယ်။
ရေဘေးသင့်မိသားစု ကိုးထောင် လောက်ရှိပြီး ထိုင်းအစိုးရက အရေးပေါ်အကူအညီတွေ ပေးနေပါတယ်။ စက်တင်ဘာ ၁၃ ရက်ကနေ ၁၈ ရက်နေ့အတွင်း မိုးများပြီး ရေကြီးနိုင်တာကြောင့် နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ အန္တရာယ်တွေ သတိထားကြဖို့လည်း ထိုင်းအစိုးရက သတိပေးထားပါတယ်။
မြန်မာနိုင်ငံ တစ်ဝန်းမှာလည်း မိုးကြီးပြီး နေပြည်တော်နဲ့ မြဝတီမြို့အပါအဝင် နေရာတော်တော် များများမှာလည်း ဒေသခံ သောင်းနဲ့ချီ ရေဘေးဒုက္ခကြုံနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။