ရေးမြို့နယ်မှာ တစ်သီးပုဂ္ဂလ အမတ်လောင်း အများအပြား ဝင်ပြိုင်မည်
2020.10.03
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမတ်လောင်းတွေဟာ နိုင်ငံရေးပါတီအသီးသီးရဲ့ ကျောထောက်နောက်ခံ ပြုမှု၊ ကူညီထောက်ပံ့မှုရရှိကြပါတယ်။ တစ်သီးပုဂ္ဂလအမတ်လောင်းတွေကတော့ ဒီလို ကူညီမှု မရနိုင်ဘဲ ကိုယ်တိုင်ရုန်းကန်ကြရမှာပါ။ ဒါပေမဲ့ မွန်ပြည်နယ်က မြို့ငယ်လေးတစ်ခုဖြစ်တဲ့ ရေးမြို့နယ်မှာတော့ တစ်သီးပုဂ္ဂလအမတ်လောင်း လေးဦး ရှိနေပါတယ်။
မွန်ပြည်နယ်ထဲမှာ လာမယ့်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ရှိပြီး အဲဒီထဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၁ ယောက် ရှိပါတယ်။
တစ်သီးပုဂ္ဂလတွေ ဝင်ပြိုင်ကြမှာကတော့ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တွေမှာဖြစ်ပြီး ရေးမဲဆန္ဒနယ်လောက်တော့ အရေအတွက် မများပါဘူး။
ရေးမြို့နယ်မှာ တစ်သီးပုဂ္ဂလအမတ်လောင်းတွေက အမျိုးသားလွှတ်တော်ရဲ့ မွန်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၆) မှာ သုံးဦး၊ အမှတ် (၇) မှာ တစ်ဦးရှိပါတယ်။ သူတို့လေးဦးဟာ ရေးမြို့နယ် ဒေသခံတွေလည်း ဖြစ်ပါတယ်။
ရေးမြို့နယ်တစ်ခုလုံးမှာ လူဦးရေ သုံးသိန်းနီးပါး နေထိုင်တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
မဲဆန္ဒနယ် အမှတ် (၆) ဟာ ရေးမြို့နယ် မြောက်ပိုင်းဖြစ်ပြီး ကျေးရွာပေါင်း ၂၂ ရွာပါဝင်ပါတယ်။
မဲဆန္ဒနယ်အမှတ် (၆) က အသက် ၄၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးအောင်နိုင်ဝင်းကတော့ သူ ရွေးကောက်ပွဲ ဝင်ရခြင်းကတော့ တခြားသူတွေထက် ပိုမို လုပ်ကိုင်နိုင်မယ်ဆိုတာ ယုံကြည်တာကြောင့် ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ဒီ ပြီးခဲ့တဲ့ အတွေ့အကြုံ ပြီးခဲ့တဲ့ကာလတွေရဲ့ ပြည်သူ့ကိုယ်စားလှယ်လောင်းတွေရဲ့ စွမ်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့ လိုအပ်ချက်တွေရှိတယ်လို့ မြင်လို့၊ သူတို့ထက်ပိုပြီး စွမ်းဆောင်နိုင်မယ်လို့ ကျွန်တော်ကိုယ် ကျွန်တော် ယုံကြည်လို့၊ ပြီးတဲ့အခါ ဒေသခံပြည်သူတွေရဲ့ တောင်းဆို တိုက်တွန်းမှုအချို့ကြောင့် ကျွန်တော်က ဝင်ရောက် ယှဉ်ပြိုင်ဖြစ်တာပါ”
ဦးအောင်နိုင်ဝင်းမှာ ပြိုင်ဘက် ခုနှစ်ဦး ရှိနေပါတယ်။
ရေးမြို့နယ် လမိုင်းမြို့မှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင် ကိုစိန်ဝင်းက တစ်သီးပုဂ္ဂလ ဝင်ပြိုင်သူ များလာတာကလည်း နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း ရွေးချယ်ခဲ့တဲ့ နေရာမှာ သဘောထား ကွဲလွဲစရာတွေ ရှိလာတာကြောင့် ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“များသောအားဖြင့် NLD ပါတီမှာပေါ့နော် ရွေးချယ်လိုက်ပြီးမှ ပြည်သူလူထုက လက်မခံတာတို့ မကြိုက်တာတို့ ဒါမျိုးတွေ ကျွန်တော်တို့က တော်တော်များများ ကြားရတယ်ခင်ဗျ၊ နောက်ပြီးတော့ အဲဒီလိုမျိုးဖြစ်တဲ့ အချိန်မှာလည်း ကျွန်တော်တို့ တခြား တစ်သီးပုဂ္ဂလ ဘာညာတွေကလည်း အများကြီး ပေါ်ထွက်လာတာ တွေ့ရတယ်၊ မွန်ညီညွတ်ရေးဘက်မှာလည်းပဲ သူတို့ရွေးချယ်လိုက်တဲ့သူသည် ပြည်သူလူထုက လက်မခံတဲ့သူ ရှိပါတယ် ဆိုတဲ့ဟာတွေလည်း ကျွန်တော်တို့က ကြားနေရပါတယ်ခင်ဗျ”
အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးဗညားအောင်ခိုင်ကတော့ ရွေးကောက်ပွဲဝင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို လျှောက်လွှာတင်ခဲ့ပါတယ်။ ပါတီကမရွေးချယ်ခဲ့တာကြောင့် သူက တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအနေနဲ့ ရွေးကောက်ပွဲ ဝင်တော့မှာပါ။ သူ့နယ်မြေက အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၆ ဖြစ်ပါတယ်။
“ဝင်ရောက် အရွေးချယ်ခံတယ်ဆိုတဲ့နေရာမှာက ရှင်းရှင်းလေးပြောရရင် နေရာလိုချင်လို့ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူး၊ ကျွန်တော်ဒေသရဲ့ အကျိုးစီးပွားတွေကို ကျွန်တော်လုပ်ပေးချင်တဲ့စိတ်နဲ့ ဒီဒေသမှာ ဝင်ရောက် အရွေးချယ်ခံတာဖြစ်တယ်၊ ဒေသအကျိုးဆိုတဲ့နေရာမှာ ပညာရေး၊ လူမူရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး အဲဒါမျိုးလေးတွေကို ဆောင်ရွက်ပေးချင်လို့ ဝင်တာ”
မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်းအဖြစ် ရွေးခြယ်တာ မခံရတဲ့ ၅၃ နှစ်အရွယ် ဦးမျိုးအောင်ကလည်း မဲဆန္ဒနယ်အမှတ် (၆) ကနေ တစ်သီးပုဂ္ဂလ ဝင်ပြိုင်မှာပါ။
“ကျွန်တော်တို့က မွန်ညီညွတ်ရေးပါတီက လာတယ်၊ မွန်ညီညွတ်ရေးပါတီမှာလည်း ကိုယ်စားလှယ်ရှိတယ် ဆိုတော့ ရှင်းရှင်း ပြောရင်တော့ အချင်းချင်း ပြန်ပြိုင်ရမယ့်သဘောရှိတယ်၊ ကျွန်တော်တို့က ပိုပြီးတော့ လုပ်ပြရတာပေါ့၊ ပိုပြီးတော့လည်း အားထုတ်ရတာပေါ့၊ ပါတီကျတော့ ဘာပဲပြောပြော ပါတီဝိတ်နဲ့ သူဟာသူ သွားလို့ရတယ် ဆိုပေမယ့် ကျွန်တော်တို့က တစ်သီးပုဂ္ဂလဖြစ်တဲ့ အခါကျတော့ ကိုယ်ကို ဝန်းရံမယ့်သူများမှ ရှင်းရှင်း ပြောရင်တော့ ကိုယ်ဘာလုပ်ခဲ့လဲ၊ ဘာတွေ ဖြတ်သန်းခဲ့လဲ၊ ကိုယ်ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာ ကျွန်တော်တို့က လုပ်ပေးနိုင်မှ ပြောပြနိုင်မှ ရှင်းပြနိုင်မှ လူတွေက ကိုယ်ဘက်ကို ပါလာမှာဖြစ်ပါတယ်”
ဦးမျိုးအောင် ဝင်ပြိုင်မယ့် မွန်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ် (၆) ဟာ ၁၉၉၀ ရွေးကောက်ပွဲကနေ ၂၀၁၅ ရွေးကောက်ပွဲအချိန်ထိ မွန်တိုင်းရင်းသားနိုင်ငံရေးပါတီကသာ မဲအနိုင်ရထားတဲ့ နေရာဖြစ်ပါတယ်။
မွန်တိုင်းရင်းသားပါတီနှစ်ခုကလည်း တစ်ပါတီအဖြစ် ပူးပေါင်းနိုင်ခဲ့ပြီး အမာခံနယ်မြေဖြစ်တဲ့ ရေးမြို့နယ် အပြင် မွန်တိုင်းရင်းသားတွေရှိတဲ့ဒေသတွေမှာ မဲဆွယ်စည်းရုံးနေပါပြီ။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် မဲဆန္ဒရှင်တွေထဲက ၅၁ ရာခိုင်နှုန်းကျော် မဲပေးခဲ့တယ်လို့ သိရပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက်အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)