မြန်မာ့အရေး အိန္ဒိယအစိုးရ မူဝါဒပြောင်းဖို့လိုကြောင်း လေ့လာသူပြော
2024.06.25

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ယဉ်ကျေးမှု၊ ဘာသာရေးအရရော ကုန်းမြေနဲ့ ပင်လယ်နယ်နိမိတ်အရပါ ဆက်စပ်မှုတွေ ရှိနေပေမဲ့ မြန်မာ့နိုင်ငံရေးမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်မှု အားနည်းနေတယ်လို့ ဇွန်လ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော် Stimson Center က ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ အိန္ဒိယနိုင်ငံ၊ ဒေလီတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနက မြန်မာ့အရေးလေ့လာသူ အော်ဖီလီရာ ယွမ်လမ်ဘန် က ပြောပါတယ်။
၂ဝ၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အိန္ဒိယရဲ့မူဝါဒက ပြတ်ပြတ်သားသားမရှိဘဲ ဘယ်သူအနိုင်ရမလဲဆိုတာ စောင့်ကြည့်နေတဲ့ အခြေအနေရှိတယ်လို့လည်း သူက သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အိန္ဒိယရဲ့မူဝါဒက ပြောင်းလဲသွားပါတယ်။ စစ်တပ်က အာဏာသိမ်းတာကို ရှုံ့ချကြောင်း မပြောခဲ့ပဲ၊ မြန်မာစစ်တပ် တစ်ခုတည်းနဲ့ ထိတွေ့ဆက်ဆံမှုတွေ စလုပ်ခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံရဲ့အစိုးရအဖြစ် တော်တော်ကြာအောင် ဆက်ရှိနေလိမ့်မယ်လို့ မှန်းဆလိုက်တာကြောင့် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာစစ်တပ်ကို ဒေါ်လာ ၅၁ သန်းတန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ရေငုပ်သင်္ဘောတစ်စီးပါ ပေးအပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံပိုင် ကုမ္ပဏီတွေကနေလည်း မြန်မာစစ်တပ်ကို နည်းပညာတွေ ကူညီထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ၁ဝ၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာတော့ အခြေအနေတွေ အားလုံးပြောင်းလဲသွားပါတယ်”
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံနဲ့ တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်နဲ့ ထိုင်းနယ်စပ်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းတည်ရှိရာ ရခိုင်ပြည်နယ်က မြို့နယ် အများစုကို ရက္ခိုင့်တပ်တော် AA ကနေ ထိန်းချုပ်လိုက်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ မကြာခင်က အိန္ဒိယဘက်ကို ထွက်ပြေးလာတဲ့ မြန်မာတပ်သားတွေကို ပြန်ပို့ခဲ့တာနဲ့ အိန္ဒိယ စစ်ထောက်လှမ်းရေးအရာရှိတွေ နေပြည်တော်ကို သွားရောက်ခဲ့တာတွေကိုကြည့်ရင် အိန္ဒိယဟာ အာဏာမသိမ်းခင်ကလိုပဲ ဗဟိုအစိုးရလို့ ယူဆတဲ့ မြန်မာစစ်တပ်နဲ့ပဲ ထိတွေ့ဆက်ဆံတဲ့မူကို မပြောင်းသေးတာ တွေ့ရကြောင်းလည်း သူက ပြောပါတယ်။
“ပြီးခဲ့တဲ့ မတ်လကတော့ မီဇိုရမ်ပြည်နယ်က ပါလီမန်အမတ်တစ်ယောက်က ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကုလားတန်စီမံကိန်းနဲ့ နယ်စပ်ဒေသလုံခြုံရေးကိစ္စတွေအတွက် ဆွေးနွေးဖို့ဖြစ်ပါတယ်။ ဒါက အိန္ဒိယအစိုးရဟာ မြေပြင်က လက်ရှိအခြေအနေတွေအတိုင်း ပြောင်းလဲလာပြီလို့ ယူဆလို့ ရပါတယ်။ ဒါပေမယ့် နယူးဒေလီကတော့ တရားဝင်ပြောဆိုလာတာ မရှိသေးပါဘူး”
အိန္ဒိယနိုင်ငံဟာ အစဉ်အလာအရ မြန်မာနိုင်ငံက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို အားပေးထောက်ခံခဲ့ပေမဲ့ အခုအချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တရားဝင်ထိတွေ့ဆက်ဆံမှု မလုပ်သေးဘူးလို့လည်း သူက ပြောပါတယ်။
“တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကို တုံ့ပြန်တဲ့နေရာမှာ နေပြည်တော်က စစ်ကောင်စီကို ထောက်ခံတာ ပိုစိတ်ချရတယ်လို့ အိန္ဒိယအစိုးရက ယူဆတာကြောင့် ဖြစ်ပါတယ်။ ၁ဝ၂၇ စစ်ဆင်ရေး အောင်မြင်တယ် ဆိုတာတောင်မှ မြို့ကြီးတွေကို မြန်မာစစ်တပ်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ နောက်ပြီးစစ်ရေးအရဆိုရင် မြန်မာစစ်တပ်က တော်လှန်ရေးအဖွဲ့တွေထက် အများကြီး ပိုအားကောင်းတယ်လို့ ယူဆတာကြောင့်လည်း ဖြစ်ပါတယ်။ နောက်ပြီး NUG ဟာ မြန်မာနိုင်ငံဒေသအနှံ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံကို မထိန်းချုပ်နိုင်တာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် အိန္ဒိယအစိုးရဟာ အခုအချိန်မှာ မြန်မာစစ်တပ်က ဆုံးရှုံးသွားတဲ့ ဒေသတွေကို ပြန်သိမ်းယူပြီး ထိန်းချုပ်နိုင်မလားဆိုတာ စောင့်ကြည့်တဲ့ နည်းလမ်းကို ကျင့်သုံးနေတာ ဖြစ်ပါတယ်”
အိန္ဒိယ နိုင်ငံဟာ အရှေ့မျှော် Look East မူဝါဒအရ ကုလားတန်စီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း စီမံကိန်းနှစ်ခုကို ချမှတ်အကောင်အထည် ဖော်ခဲ့ပြီး၊ ဒီစီမံကိန်းတွေဟာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးကြီးကြောင်းတယ်လို့လည်း သုံးသပ်ပါတယ်။ အခုဆိုရင် ကုလားတန်စီမံကိန်းမှာ စစ်တွေဆိပ်ကမ်းနဲ့ အိန္ဒိယဘက်ခြမ်းက လမ်းတွေ ပြီးစီးနေပြီး မြန်မာနိုင်ငံဘက်က ပလက်ဝနဲ့ မီဇိုရမ်ပြည်နယ် ဆက်သွယ်မဲ့ လမ်းအပိုင်းသာ ကျန်တော့ကြောင်း ဒီစီမံကိန်းအပြီးသတ်နိုင်ဖို့ အိန္ဒိယနိုင်ငံဟာ AA နဲ့ စေ့စပ်ညှိနှိုင်းဖို့ လိုလာပြီ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
တရုတ်နိုင်ငံဟာဆိုရင်လည်း မြန်မာစစ်တပ်ကို ထောက်ခံကြောင်း ပြထားပေမဲ့ မြန်မာနိုင်ငံက တရုတ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် နယ်စပ်ဒေသက တိုင်းရင်းသားအဖွဲ့တွေနဲ့ တရားမဝင် ထိတွေ့ဆက်ဆံနေတာ အများအသိပဲ ဖြစ်ကြောင်း အိုဖီလီရာ ယွမ်လမ်ဘန်က ပြောပါတယ်။
အိန္ဒိယဟာ မြန်မာစစ်တပ်အပြင်၊ NUG နဲ့ တိုင်းရင်းသားတပ်ဖွဲ့ဝင်အားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး ပိုမိုတက်ကြွတဲ့ မူဝါဒဖြစ်အောင် ပြောင်းလဲဖို့ လိုတဲ့အကြောင်း မြန်မာ့အရေးလေ့လာသူ အိုဖီလီရာ ယွမ်လမ်ဘန်က သုံးသပ်ထားပါတယ်။