လယ်ဝေးမြို့မှာ အဖမ်းခံရတဲ့ ၁၇ နှစ်အရွယ်လူငယ် ရက်ပိုင်းအတွင်း သေဆုံး
2022.12.05

နေပြည်တော်၊ လယ်ဝေးမြို့လယ် ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံက ယာဉ်ထိန်းရဲဂိတ်အနီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် နေ့ကဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ဘုန်းမြတ်ကိုဟာ ဒီဇင်ဘာလ ၄ ရက်နေ့မှာ သေဆုံးသွားပြီလို့ စစ်ကောင်စီတပ်ဘက်က မိသားစုထံ အကြောင်းကြားခဲ့ပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ပိုင်း အဲဒီယာဉ်ထိန်းရဲဂိတ်နားမှာ ဗုံးပေါက်ကွဲပြီးနောက် ညနေ ၆ နာရီလောက်မှာပဲ စစ်ကောင်စီတပ်သားတွေက မောင်ဘုန်းမြတ်ကိုကို ဖမ်းဆီးခဲ့တာလို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
"ညှင်းပန်းနှိပ်စက်ရင်းကနေ လက်လွန်ပြီးတော့ သူ့အသက်ကို ဆုံးရှုံးအောင် လုပ်တယ်ဆိုရင် ဒါက သူ့ရဲ့အသက်ရှင်သန်ပိုင်ခွင့်ကိုပါ ဆက်ပြီးတော့ ဆင့်ကဲဆင့်ကဲ ချိုးဖောက်ရာရောက်တယ်”
ဒီဇင်ဘာလ ၄ ရက်နေ့မှာပဲ စစ်ကောင်စီတပ်က မိသားစုဝင်တွေကိုခေါ်ယူပြီး နေပြည်တော် ကွေ့ကြီးသုဿန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ မောင်ဘုန်းမြတ်ကိုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီဇင်ဘာ ၁ ရက်နေ့က ကိုဘုန်းမြတ်ကိုက လယ်ဝေးမြို့နယ် ဗိုလ်ချုပ်ကြေးရုပ်နားမှာ မိုင်းခွဲလိုက်တာပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး CCTV ကနေပြီး ရှာလာတဲ့အချိန်မှာ ညီလေး ဘုန်းမြတ်ကိုက အကာကွယ် ဘာမှမလုပ်ထားဘဲနဲ့ ပေါ်တင်သွားပြီး လုပ်သလိုဖြစ် သွားတော့ CCTV ကနေလိုက်ပြီး ဖမ်းမိသွားတာ။ အဲဒီကနေ ညနေပိုင်းမှာ ဖမ်းဆီး သွားပြီး စစ်ကြောရေး ပို့လိုက်တယ်လို့ သတင်းရပါတယ်။ ၄ ရက်နေ့ မနက်မှာ သေဆုံးသွားပြီး မိသားစုခေါ်ပြီး သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။ ရုပ်အလောင်းမှာ ရုပ်ပျက်ဆင်းပျက်ပေါ့နော် မျက်နှာမှာ ဖူးရောင်ဒဏ်ရာတွေနဲ့ ထိုးကြိတ်ခံထားရပြီး တော့မှ သင်္ဂြိုဟ်ခါနီးမှာ ရင်ခွဲထားတာတွေလည်း တွေ့ရတယ်လို့ ပြန်လည်ပြောဆို သံတွေတော့ သိရတယ်”
လယ်ဝေးမြို့ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နေပြည်တော်) က မိုင်းနှစ်လုံးမှာ ပထမမိုင်းကို ဖောက်ခွဲနိုင်ခဲ့ပေမယ့် နောက်တစ်လုံးကိုတော့ ပြည်သူတွေ ကောက်ယူသွားတယ်လို့ ယူဆတာကြောင့် မဖောက်ခွဲနိုင်ခဲ့ဘူးလို့ ဒီဇင်ဘာလ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း လယ်ဝေးမြို့က အသက် ၃၉ နှစ်အရွယ် CDM ကျောင်းဆရာ ဦးလှမင်းမောင်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားပြီး နှစ်ဆယ့်လေးနာရီအတွင်း စစ်ကြောရေးမှာ သေဆုံးခဲ့သလို မိသားစုဝင်အနည်းငယ်နဲ့ပဲ သင်္ဂြိုဟ်ခွင့်ရခဲ့တယ်လို့ လယ်ဝေးမြို့ခံတွေက ပြောပါတယ်။
စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးတာတွေဟာ ဥပဒေနဲ့မညီသလို ဒီကိစ္စတွေကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေး အရေးမယူတဲ့အတွက် သေဆုံးမှုတွေ ဆက်ဖြစ်နေတာလို့ ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
“စစ်ကြောရေးမှာ စစ်ကြောတယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းက ၁၉၅၉ ခု တပ်မတော် အက်ဥပဒေ၊ တပ်မတော် နည်းဥပဒေထဲမှာရော မပါဘူး။ ဖမ်းဆီးပြီးတော့ စစ်ဆေးတယ် ဆိုတာကိုက ဥပဒေနဲ့ မညီဘူး။ ဒါ တစ်ချက်ပေါ့။ ဥပဒေအရ ပြောရင်တော့ ဒါတွေက ဥပဒေအရတော့ အကုန်လုံး တားမြစ်ထားတာပဲ။ သက်သေခံဥပဒေကလည်း တားမြစ်ထားတယ်။ ရာဇဝတ်ကျင့်ထုံး ဥပဒေကလည်း တားမြစ်ထားတယ်။ အဲဒါတွေ ဆောင်ရွက်ရင် ဘယ်လိုအပြစ်ပေးမယ်ဆိုတဲ့ ရာဇသတ်ကြီးမှာလည်းပဲ ဥပဒေ ပြဌာန်းချက်တွေ အတိအလင်း ပြဌာန်းထားတာတွေ ရှိပါ တယ်။ အဲဒီတော့ ဥပဒေက ရှိပင်ရှိနေသော်ငြားလည်းပဲ ဒီလိုဖြစ်စဉ်တွေ ဖြစ်ပေါ်လာတာနဲ့တစ်ပြိုင်နက် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက စစ်ဆေးတာမျိုး ကျူးလွန်သူတွေကို အရေးယူတာမျိုး မရှိတဲ့အတွက်ပဲ ဆက်ပြီးတော့ ဖြစ်ပွားနေတယ်လို့ပဲ ပြောရမှာပဲ”
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဖမ်းဆီးမှုတွေကို လုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်သလို သေဆုံးမှုတွေ ရှိခဲ့တယ်ဆိုတာကို မငြင်းလိုကြောင်းနဲ့ တချို့သေဆုံးမှုတွေကို သေမှု၊ သေခင်းဖွင့်ပြီး ဥပဒေအတိုင်း ဆောင်ရွက်တယ်လို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ RFA က မေးမြန်းချိန် ပြန်လည်ဖြေဆိုထားပါတယ်။

စစ်ကြေားရေးမှာ အသက်သေဆုံးတဲ့အထိ ရိုက်နှက်စစ်ဆေးတာတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆင့်ကဲ၊ ဆင့်ကဲ ကျူးလွန်တာလို့ မြန်မာနိုင်ငံအခြေစိုက် Human Rights Initiative (HRI) အဖွဲ့ တာဝန်ရှိသူ ကိုထွန်းက RFA ကို ပြောပါတယ်။
“လူတစ်ယောက်ကို သံသယရှိတယ်ပေါ့။ တစ်ခုခု ပြစ်မှုကျူးလွန်တယ်ဆိုပြီး သံသယရှိတယ်ဆိုရင် အဲဒါကို အမှုမှန် ပေါ်ပေါက်အောင်လို့ စုံစမ်းစစ်ဆေးဖို့ဆိုတာက တာဝန်ရှိသူတွေရဲ့ အလုပ်ဆိုတာမှန်ပေမယ့် သူတို့မှာ အဲဒီလို အမှုမှန်ပေါ်ဖို့ကို လူ့အခွင့်အရေး မချိုးဖောက်ဘဲနဲ့ စစ်ဆေးနိုင်ဖို့ အရည်အချင်းရှိဖို့လိုတယ်။ အဲဒါကိုမှ အဲဒီလို အရည်အချင်း မရှိဘဲနဲ့ အမှုမှန်ပေါ်အောင်လို့ ညှဉ်းပန်းနှိပ်စက်တယ်ဆိုတာ ဒါက လူ့အခွင့်အရေးကို ချိုးဖောက်လိုက်တာနဲ့ အတူတူပဲ။ လူ့အခွင့်အရေးချိုးဖောက်တာတွေ မှာ တစ်ခုနဲ့တစ်ခုက အပြန်အလှန် ဆက်စပ်နေတာမျိုးပေါ့။ အခွင့်အရေးတစ်ခုကို ချိုးဖောက်တာနဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ချိုးဖောက်မိလျက်သား ဖြစ်သွား တတ်တယ်။ ဥပမာ ညှဉ်းပန်းနှိပ်စက်တယ်၊ ညှင်းပန်းနှိပ်စက်ရင်းကနေ လက်လွန်ပြီး တော့ သူ့အသက်ကို ဆုံးရှုံးအောင် လုပ်တယ်ဆိုရင် ဒါက သူ့ရဲ့ အသက်ရှင်သန်ပိုင်ခွင့် ကိုပါ ဆက်ပြီးတော့ ဆင့်ကဲဆင့်ကဲ ချိုးဖောက်ရာရောက်တယ်”
RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ထိ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသူ ၁၅၁ ဦးအထိရှိပါတယ်။
နိုင်ငံအရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၂ ရက်နေ့အထိ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၂,၅၅၃ ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၀၄၀ ဦးအထိ ရှိနေပါတယ်။