မြန်မာပြည်သူတွေကို ဆက်ကူညီမယ်လို့ ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီးကြေညာ

စန်းမော်အောင်၊ နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2025.02.04
မြန်မာပြည်သူတွေကို ဆက်ကူညီမယ်လို့ ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီးကြေညာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji Takuma (မီယာဂျီ တာကုမ) နှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ တွေ့ဆုံခဲ့ကြစဉ်။
Ministry of Foreign Affairs of Japan

မြန်မာပြည်သူတွေကို တောက်လျှောက်ကူညီနေတဲ့ လူသားချင်းစာနာမှုတွေ ဆက်ပြီးပေးသွားမှာဖြစ်သလို သက်ဆိုင်တဲ့နိုင်ငံရေးခေါင်းဆောင်တွေပါတဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်အောင် ဆက်ပြီးတွန်းအားပေးနေမယ်လို့ ဂျပန်နိုင်ငံခြားရေးဒုဝန်ကြီး Mr. Miyaji Takuma (မီယာဂျီ တာကုမ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးအတွက် ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji Takuma (မီယာဂျီ တာကုမ) နဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ ဖေဖော်ဝါရီလ ၄ ရက်နေ့ညနေက မိနစ်နှစ်ဆယ်လောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

ဒုဝန်ကြီးနဲ့မတွေ့ခင် ဖေဖော်ဝါရီ ၃ ရက်နေ့ကတော့ မြန်မာပြည်သူတွေရဲ့အခက်အခဲအကြောင်း ကြားနာပွဲကို ဂျပန်လွှတ်‌တော်အမတ်များရုံးခန်းမှာပြုလုပ်ခဲ့ပါတယ်။ အဲဒီကြားနာပွဲကနေရရှိတဲ့ ဂျပန်အစိုးရဆီတောင်းဆိုမယ့် အချက် (၇) ချက်ကို မစ္စတာ တာကုမနဲ့တွေ့ဆုံတဲ့အချိန်မှာ မြန်မာတွေကပေးအပ်လိုက်တယ်လို့ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ ဒုဥက္ကဋ္ဌ ဂျိမ်းစ်သံလွင်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ဘက်က တောင်းဆိုထားတာကတော့ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီစနစ်နဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးပြန်လည်ရရှိဖို့အတွက် ဂျပန်အစိုးရအနေနဲ့ တိတိကျကျ ထိထိရောက်ရောက်ရှိတဲ့ နိုင်ငံရေးပေါ်လစီတွေကိုလုပ်ဆောင်ပေးဖို့ တောင်းဆိုထားတဲ့ အချက်တွေပါပါတယ်”

မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် ထိရောက်ပြီး တိကျတဲ့မူဝါဒတွေ ချမှတ်ပေးဖို့အတွက် ဂျပန်အစိုးရကိုတိုက်တွန်းတဲ့ မြန်မာအသိုင်းအဝိုင်းရဲ့စာကို လက်ခံရရှိတဲ့အကြောင်း၊ စစ်တပ်အာဏာသိမ်းထားတာ လေးနှစ်ကျော်လွန်ခဲ့ပေမဲ့ ဒီနေ့အထိ တိုးတက်ပြောင်းလဲတဲ့လက္ခဏာ မမြင်ရတဲ့အပေါ် အထူးစိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်းကိုလည်း ဒုဝန်ကြီး တာကုမရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအပြင် နိုင်ငံခြားရေးဝန်ကြီး Mr. Takeshi Iwaya (တာကေးရှိ အိုင်ဝါယာ) ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားတဲ့ အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထားသူတွေပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်နဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးပြန်လည်ဖော်ဆောင်ဖို့ စစ်ကောင်စီကို အချက် (၃) ချက် တိုက်တွန်းတောင်းဆိုထားတဲ့အကြောင်း ဒုဝန်ကြီးက ထပ်မံပြောဆိုလိုက်ပါတယ်။


ဆက်နွှယ်သော သတင်းများ

“တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်ကိုယ်စားလှယ်များနဲ့ ဂျပန်တွေ့ဆုံ”

ဂျပန်က စစ်ကောင်စီပေါ် သံတမန် ဆက်ဆံရေးအဆင့် လျှော့ချ

စစ်ခေါင်းဆောင်နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့ ဂျပန်နိုင်ငံကို HRW တိုက်တွန်း


ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးကြားနာပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဝန်ကြီး ဒေါ်စူစန်နာလှလှစိုး၊ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့ တက်‌ရောက်ရှင်းလင်းခဲ့ပါတယ်။

အဲဒီပွဲမှာ ဂျပန်လွှတ်‌တော်အမတ်တွေ၊ တက္ကသိုလ်ပါမောက္ခတွေ၊ NGO/NPO တွေ၊ အလုပ်သမားအဖွဲ့ချုပ် (ILO) က တာဝန်ရှိသူတွေ၊ နိုင်ငံတကာသံရုံးတာဝန်ခံတွေ၊ သတင်းမီဒီယာတွေနဲ့ မြန်မာ့အရေး ကူညီနေတဲ့ ဂျပန်နိုင်ငံသားတွေ အပါအဝင် တက်ရောက်သူ ၂၀၀ ကျော် ရှိခဲ့ပါတယ်။

ကြားနာပွဲမှာ စစ်ရှောင်ကလေးတွေရဲ့ ပန်းချီတွေ၊ မြန်မာပြည်တွင်းမှာရှိတဲ့ ကရင်နီ၊ ကရင်၊ ရခိုင်၊ ယောဒေသနဲ့ နိုင်ငံရေးအကျဉ်းသားတွေဆီက ပေးပို့လိုက်တဲ့စာတွေကို ပြသခဲ့ပါတယ်။

“စစ်အာဏာသိမ်းတာ မအောင်မြင်တဲ့ ၄ နှစ်မြောက် မှာ မြန်မာနိုင်ငံမှာ ပြည်တွင်းမှာ တွေ့ကြုံခံစားနေရတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ ဂျပန်မှာရှိတဲ့ လွှတ်တော်အမတ်တွေနဲ့ တခြားအဖွဲ့အစည်းတွေကို သိရှိဖို့ အဓိက ရည်ရွယ်ပါတယ်”

စစ်အာဏာသိမ်းတာကို လုံးဝလက်မခံဘဲ ဆန့်ကျင်နေတာကို ပြတဲ့အနေနဲ့ ဒီကြားနာပွဲတက်ခဲ့တယ်လို့ မြန်မာတစ်ယောက်က ပြောပါတယ်။

“ပွဲတက်ရတဲ့ ရည်ရွယ်ချက်က စစ်တပ်အာဏာသိမ်းတာကို ကျွန်တော်တို့ လုံးဝ လက်မခံဘူး။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတယ်။ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတယ်ဆိုတာကို ပြသခြင်းဖြစ်သလို NUG ကို အားပေးထောက်ခံရင်း အရွေ့တစ်ခုဖြစ်ဖို့ အားတစ်ခုဖြစ်ဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ အခုလိုပါဝင်ရခြင်းဖြစ်တယ်”

မြန်မာတွေတောင်းဆိုတဲ့အချက် ၇ ချက်ကတော့ ၂၀၂၁ ခုနှစ်မှာ ဂျပန်အောက်လွှတ်တော်နှစ်ရပ်အတည်ပြုထားတဲ့ မြန်မာစစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ရှုတ်ချပြီး ဒီမိုကရေစီပြန်ဖော်ဖို့ မူကြမ်းကို အကောင်အထည်ဖော်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး သေဒဏ်စီရင်နေတာတွေ ရပ်အောင်ကြိုးစားပေးဖို့၊ ဂျပန်အစိုးရအနေနဲ့ NUG အစိုးရအဖွဲ့ဝင်တွေနဲ့ တရားဝင်ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့၊ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေ ရပ်အောင် လုပ်ဆောင်ပေးဖို့၊ စစ်ဘေးဒုက္ခသည် ၃ သန်းခွဲကို ကူညီပေးဖို့၊ မြန်မာနိုင်ငံသားတွေကို အရေးပေါ်ကယ်ဆယ်ရေး ဗီဇာ ဆက်ပေးထားဖို့၊ နောက်ထပ် ဗီဇာလျှောက်သူတွေကိုလည်း လက်ခံပေးဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။