အမတ်လောင်းတွေ မဲဆွယ်မှု ယာယီရပ်ဆိုင်းထား
2020.09.19
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ အစပြုချိန်ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ရုတ်တရက် တိုးနေတာကြောင့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ် စည်းရုံးရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားရပါတယ်။
အတည်ပြုလူနာ များပြားတဲ့ ရခိုင်တစ်ပြည်နယ်လုံးနဲ့ ရန်ကုန်တိုင်းက မြို့နယ် ၂၈ မြို့နယ်မှာ မလိုအပ်ဘဲ အပြင်မထွက်ဖို့ အစိုးရရဲ့ ညွှန်ကြားထားချက်ဟာ မဲဆန္ဒရှင်တွေနဲ့ မဖြစ်မနေတွေ့ရမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအပေါ် သက်ရောက်မှု အကြီးအကျယ် ဖြစ်နေပါတယ်။
အိမ်ထဲမှာနေဖို့ သတ်မှတ်ထားတဲ့ ပြည်သူ့လွှတ်တော် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်က တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ရှေ့နေ ဦးဌေးက Stay at home ဆိုတဲ့ ကူးစက်မှု လျော့ကျအောင် အိမ်မှာပဲ နေထိုင်ကြရမယ့် အစီအစဉ်ကြောင့် မဲဆွယ်စည်းရုံးဖို့ အခြေအနေ မပေးဘူးလို့ ပြောပါတယ်။
"လှိုင်သာယာအရှေ့ပိုင်းမြို့နယ်က Stay at home ထဲမှာ ပါတယ်။ မဲဆွယ်လို့မရဘူးဆိုတော့ ရပ်ဆိုင်းထားပါတယ်။ ပိုးတွေ့တဲ့လူကလည်း များလာတော့ ကျင့်ဝတ်အရ မဲဆွယ်တာမလုပ်ပါဘူး။ ရပ်ဆိုင်းထားပါတယ်။"
တစ်ပြည်နယ်လုံး အိမ်တွင်းနေထိုင်ရေးအစီအစဉ်မှာ ပါဝင်တဲ့ ရခိုင်ပြည်နယ်မှာ ဘယ်ပါတီရဲ့ လှုပ်ရှားမှုမှ မတွေ့နိုင်သလို ဘာမှလည်း လုပ်မရဖြစ်နေတယ်လို့ ရခိုင်အမျိုးသားပါတီ နာယက ဒေါ်အေးနုစိန်က ပြောပါတယ်။
"ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကယ်ဆယ်ရေး Mask (နှာခေါင်းစည်း) ဝေတာတွေ လုပ်ကြတယ်။ ကိုယ့်ပါတီ လူထုကို ဆန်ဝေတာတို့၊ ဘာတို့လုပ်တာတော့ တွေ့ရတယ်။ ၂၀၁၀ ၂၀၁၅ တုန်းကကြားဖြတ်တုန်းကလို အခြေအနေရဲ့ ၁ ရာခိုင်နှုန်းတောင် ဆောင်ရွက်နိုင်တာ မရှိတာကို တွေ့ရတယ်။"
စစ်ကိုင်းတိုင်း ကလေးမြို့နယ်က အိမ်တွင်းနေထိုင်ရေးအစီအစဉ်မှာ မပါဝင်ပေမယ့် ကူးစက်ခံထားရသူ ရှိလာတဲ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးတာတွေကို ယာယီရပ်နားလိုက်ကြပါတယ်။
ကိုယ်စားလှယ်လောင်း ငါးဦးစလုံးနဲ့ အောင်နိုင်ရေးအဖွဲ့တွေ ညှိနှိုင်းပြီး ရပ်နားလိုက်တာလို့ ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန့်ဝေကျော် က ဆိုပါတယ်။
"ပေါ့စတစ်ရှိတဲ့မြို့နဲ့ မရှိတဲ့မြို့ မတူဘူး။ ကိုယ့်မြို့အခြေအနေ ကိုယ်အသိဆုံးပဲ။ ဒီနေရာမှာ ဗဟိုက ရပ်လိုက်ပါ၊ သွားလိုက်ပါဆိုပြီး တိတိကျကျ ပြောလာရင်တော့ တစ်မျိုးပေါ့။ ကျမတို့မြို့မှာက မြေပြင်အခြေအနေအရ ရပ်ဆိုင်းသင့်တယ်၊ ဆက်သွားသင့်တယ်ဆိုတာ ကိုယ်စားလှယ်လောင်းတွေနဲ့ အောင်နိုင်ရေးတွေက ဆုံးဖြတ်ပြီး သွားတာပါ။ ကျမတို့မှာ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအပါအဝင် ငါးဦးပါ။"
မဲဆွယ်စည်းရုံးမှုဆိုင်ရာ ညွှန်ကြားချက်ကို NLD ဌာနချုပ်က ပေးထားတာမျိုးမဟုတ်ဘဲ ပိုးတွေ့ရှိမှု အခြေအနေကြောင့် မြန်မာပြည် အထက်ပိုင်းက မြို့နယ်တွေမှာ မဲဆွယ်မှုကို ရပ်နားထားကြတယ်လို့ ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။
"တော်တော်များများ အထက်မြန်မာပြည် ကောလင်းတို့၊ ဝင်းသိုတို့မှာ ရွှေ့ဆိုင်းတယ်လို့ သိရတယ်။ တချို့မြို့နယ်တွေမှာလည်း တော်တော်များများ ရွှေ့ဆိုင်းတာတွေ့ရတယ်။ တချို့မြို့နယ်တွေကတော့ ကိုဗစ်ကြောင့် ကိုယ်စားလှယ်လောင်း လိုက်မပါနိုင်လို့ တောင်းပန်တာတွေလည်း တွေ့ရတယ်။"
တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ အနေနဲ့လည်း ကူးစက်မှု လျှော့ချနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးတင်မောင်ဦးက ဆိုပါတယ်။
"မဲဆွယ်တာတော့မလုပ်ဘူး။ ပြည်သူတွေ အဓိကလိုအပ်နေတဲ့ ကိုဗစ်ကာကွယ်ရေးအတွက် ဆေးဖြန်းတာတွေ လုပ်နေပါတယ်။ ပြည်သူ့အသံကို အဓိက နားထောင်ပြီး စိုးရိမ်ကြောက်လန့်နေတဲ့ ကိုဗစ်ကာကွယ်ရေးကို အဓိကထား လုပ်ပါတော့တယ်။"
ကိုယ်စားလှယ်လောင်းတွေက ပိုးကူးစက်ပျံ့နှံမှာကို စိုးရိမ်တဲ့အတွက် မဲဆွယ်တာတွေကို ရပ်နားလိုက်ကြပေမယ့် ပါတီကြီးတွေကို ထောက်ခံအားပေးကြတဲ့ ပြည်သူတွေက သူတို့ သဘောဆန္ဒအရ မဲဆွယ်တာတွေ၊ စီတန်းလှည့်လည်တာတွေကို လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။
အထူးသဖြင့် အာဏရပါတီ NLD နဲ့ အတိုက်အခံပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ USDP ကို ထောက်ခံကြသူတွေ အပြိုင်အဆိုင် မဲဆွယ်နေတာပါ။
ဒီလိုမျိုး လူစုလူဝေးတွေနဲ့ ထောက်ခံအင်အားပြတာတွေ မလုပ်ကြဘဲ ရွေးကောက်ပွဲနေ့မှ မဲပေးဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ ဖေ့စ်ဘွတ်စာမျက်နှာကနေ မေတ္တာရပ်ခံလိုက်ပါတယ်။
"ကျမ မေတ္တာရပ်ခံချင်တာ လူစူလူဝေးနဲ့ ထောက်ခံကြောင်း ဒီချိန်မှာ မပြပါနဲ့။ အောင်ပွဲခံနိုင်ချိန်လာမှာပါ။ ဒါကို စောင့်နိုင်တဲ့ အင်အား သည်းခံမှု သတ္တိရှိဖို့လိုတယ်။ ရွေးကောက်ပွဲမှာ NLD သောင်ပြိုကမ်းပြို နိုင်ချင်ပါတယ်။ ပြည်သူက မဲသွားပေးဖို့ နံပါတ်တစ် ပါပဲ။ ဒီဟာအတွက် ကျန်းမာအောင် နေရမယ်။ ၈ ရက်နေ့ နိုဝင်ဘာမှာ NLD သောင်ပြိုကမ်းပြိုနိုင်အောင် မဲပေးပြီးရင် အောင်နိုင်ရေး အောင်ပွဲခံဖို့ အများကြီး ရှိပါသေးတယ်။ ကျမတို့ ကိုဗစ်ကိုလည်း အောင်နိုင်အောင်လုပ်ရပါဦးမယ်။"
USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကလည်း အလားတူ တိုက်တွန်းလိုက်ပါတယ်။
"ပြည်သူတွေ ကျန်းမာရေးဂရုစိုက်ပါ။ ကျနော်တို့ပါတီကို ထောက်ခံတဲ့အတွက် ကျေးဇူးတင်တယ်။ မိမိကျန်းမာရေးက အရေးကြီးတဲ့အတွက် လူစုလူဝေးကို ရှောင်ပေးပါ။ မဲပေးမှသာ ပြည်ခိုင်ဖြိုးကို ရဲရဲတင်းတင်း မဲပေးဖို့ မှာချင်ပါတယ်။"
USDP ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားချက်၊ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်နဲ့ ဒေသန္တရ ထုတ်ပြန်ချက်တွေကို မချိုးဖောက်ဘဲ လုပ်ဆောင်ကြဖို့ ပါတီဌာနချုပ်က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့မှာလည်း ပါတီထောက်ခံသူတွေက အစုအဖွဲ့တွေနဲ့ အင်အားပြတာတွေရှိနေပြီး လူစုလူဝေးနဲ့ မဲဆွယ်တာကို ပြစ်တင်ပြောဆိုလာကြတယ်လု့ိ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ (MDCF) ရဲ့ အထက်မြန်မာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်က ပြောပါတယ်။
"ဒီလောက်ရောဂါထူပြောနေတာ လမ်းပေါ်ထွက်ပြီး မဲဆွယ်နေတာ ရောဂါကူးအောင် လုပ်နေတာလားပေါ့။ အချိန်တန်ရင် မဲပေးမှာကို ဘာလို့ ဒီလိုလုပ်နေတာလဲဆိုပြီး ဝေဖန်သံတွေထွက်နေတယ်။ ရောဂါကလည်း ထိန်းချုပ်နိုင်တာလား ဆက်တိုးတာလား မသိရတဲ့အချိန်မှာ လမ်းပေါ်ထွက် မဲဆွယ်တာနဲ့ပတ်သက်ပြီး မန္တလေးမှာ တော်တော်များများ ဝေဖန်သံတွေ ထွက်လာတာ သတိပြုမိပါတယ်။"
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၀ ကျော်က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ပါတီတွေနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၇၀၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းခဲ့ရာမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၆၉၆၉ ဦးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုထားပါတယ်။