မြန်မာပြည်ရဲ့ အခြေအနေမှန်ကို လေ့လာဖို့ ကုလအရာရှိကို ပါတီတွေပြောကြား

ခင်မောင်စိုး
2020.07.17

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Thomas Andrews သောမတ်စ် အင်ဒရူးစ် က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ လူ့အခွင့်အရေးကောင်စီမှာ ဇူလိုင် ၁၃ ရက်နေ့က တင်ပြခဲ့တဲ့ မိန့်ခွန်းမှာ မြန်မာပြည်မှာ ကျင်းပမယ့်ရွေးကောက်ပွဲနဲ့လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ဝေဖန်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အသစ် Thomas Andrews သောမတ်စ် အင်ဒရူးစ် က သူ့အနေနဲ့ ဒီတာဝန်ကိုစတင်ထမ်းဆောင်တာနဲ့ ပထမဆုံးပြုလုပ်ခဲ့တာကတော့  မြန်မာပြည်ရဲ့ အခြေအနေတွေကို သူအမှန်အတိုင်းသိချင်တဲ့အတွက် မြန်မာပြည်ကိုလာရောက်ခွင့်ပြုဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို  စာရေးသားခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်ဟာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ဆောင်နေပါသလား။ လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး လူမျိုးဘာသာမခွဲခြားတဲ့ ရွေးကေက်ပွဲဖြစ်ပါ့မလား၊ သတင်းသမားတွေ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ တရားစွဲဆိုခံရတဲ့အန္တရာယ်က ကင်းလွတ်နိုင်မှာလား။ ကုလအတွင်းရေးမှူးချုပ်က ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုက်နေချိန်မှာ ကမ္ဘာတခုလုံး အပစ်အခတ်ရပ်စဲထားကြဖို့ တိုက်တွန်းထားတာကို လေးစားလိုက်နာမှာလား စတာတွေကို သူသိရှိလိုကြောင်းများအပြင် လက်ရှိ သူရရှိထားတဲ့သတင်းတွေအရ ရိုဟင်ဂျာတွေနေရပ်ပြန်ခွင့်မရဘဲ ကျန်းမာရေးနဲ့ ပညာရေးစတဲ့ အခြေခံလိုအပ်ချက် မပြည့်စုံတဲ့ဒေသတွေမှာ နေထိုင်ကြရကြောင်း စသဖြင့် လူ့အခွင့်အရေးကောင်စီမှာ ဇူလိုင် ၁၃ ရက်နေ့က တင်ပြခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က သောမတ်စ် အင်ဒရူးစ်နဲ့ ပြောဆိုချက်အပေါ် အချက် ၂ ချက်ခွဲခြားပြီး ဝေဖန်ခဲ့ပါတယ်။

“ ဒီ ၂ဝ၂ဝ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုဖြစ်ဖို့အတွက်ကို ကျနော်တို့ မယုံကြည်သေးဘူး။ အခုအချိန်ထိ စိုးရိမ်စိတ်တွေရှိတယ်။ ဒါကတော့ ကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေမှာ သုံးသပ်ပြီး ကျနော်တို့ ပြောတာပါ့။ နောက်တခါ မြန်မာနိုင်ငံလူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူဆိုပြီးတော့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က တာဝန်ပေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ပေါ့။ သူတို့ရဲ့ ပြောဆိုချက်တွေက တဖက်သတ်ဆန်နေတာကို ကျနော်တို့တွေ့ရတယ်။ ပြီးတဲ့အခါ ကျနော်တို့ ပြည်တွင်းရေးကိုလဲ လိုအပ်တာထက်ပိုပြီး ဝင်ရောက်စွက်ဖက် ပြောဆို ဆောင်ရွက်နေတာကိုလဲ ကျနော်တို့ တွေ့ရတယ်။ အဲဒီ့အတွက်ကြောင့် အဓိကက  မြန်မာနိုင်ငံရဲ့ ပကတိအရှိတရားကို ဖြစ်နေတဲ့အခြေအနေတွေကို သူတို့ မှန်မှန်ကန်ကန်သိဖို့လိုတယ်။ ဘင်္ဂါလီတွေရဲ့စကား ပြင်ပပုဂ္ဂိုလ်တွေပြောနေတဲ့ စကားတွေကိုပဲ နားထောင်တာထက်စာရင် ကျနော်တို့ အစိုးရနဲ့ ကျနော်တို့ပြည်တွင်းမှာရှိနေတဲ့ အတိုက်အခံအင်အားစုတွေရဲ့ စကားတွေကိုလဲ နားထောင်ပြီးတော့မှ တကယ့်ကို နိုင်ငံတကာကလက်ခံနိုင်တဲ့ အခြေအနေတရပ်မျိုးကို သူတို့စဉ်းစားသုံးသပ်ပြီးမှ အဖြေထုတ်တာက ပိုကောင်းမယ်လို့ ထင်တယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအရာရှိ စာရေးဆရာ မုံရွာအောင်ရှင်ကတော့ ရွေးကောက်ပွဲဟာ သန့်ရှင်းမျှတမယ်ဆိုတာ သူ့အနေနဲ့ သံသယမရှိဘူးလို့ RFA ကို ပြောပါတယ်။

“ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ကျနော်တို့က ရွေးကောက်ပွဲဝင်ပြီးတော့ အပြောင်းအလဲတွေဖြစ်အောင် ကြိုးစားနေတာ။ အခု ၅ နှစ်ပြည့်တဲ့အခါမှာ အတော်များများ အပြောင်းအလဲတွေ လုပ်လို့ရနေပြီ။ ကျနော်တို့ ၂ဝ၂ဝ  ကာလမှာလဲ ဒီပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်မှာပါ။ ပြုပြင်ပြောင်းလဲမှု မလုပ်ဘဲနဲ့ ကျနော်တို့နိုင်ငံ ဘာမှတိုးတက်မှာမဟုတ်ဘူး။ ကျနော်တို့ပြုပြင်ပြောင်းလဲမှုလုပ်ရမဲ့ အဓိကအချက်တွေ ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲမှု  လုပ်ရမယ်၊ နောက်တခါ နှစ်ပေါင်း ၇ဝ ကျော်ကြာနေတဲ့  ပြည်တွင်းလက်နက်ကိုင်စစ်ပွဲကြီးကိုလည်း  ပြုပြင်ပြောင်းလဲမှုလုပ်ပြီးတော့ ငြိမ်းချမ်းရေး ရအောင်လုပ်ရမယ်။ နောက်တခုကတော့ လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတပြီး  လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ် ။ အခုလက်ရှိ  ကော်မရှင်က လုပ်နေတဲ့ အခင်းအကျင်းတွေကလည်း တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်မဲ့ အခင်းအကျင်းတွေ ကျနော်တို့ လက်တွေ့မြင်နေရပါပြီဆိုတာ ပြောချင်ပါတယ်”

တဆက်တည်းမှာပဲ ကုလအရာရှိအနေနဲ့ အမှန်အတိုင်းသိအောင် မြန်မာပြည်ကို လာခဲ့ပါလို့ သူက ဖိတ်ခေါ်လိုက်ပါတယ်။

“မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ပူးပေါင်းဆောင်ရွက်နေတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်အသစ်ကိုလဲ ကျနော်တို့ ကြိုဆိုပါတယ်။မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိအခြေအနေကိုလဲ အမြင်မှန်ရှိရှိနဲ့ တွေ့ကြုံနိုင်အောင်လို့ ကျနော်တို့ ဖိတ်ခေါ်ပါတယ်”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အသစ် သောမတ်စ် အင်ဒရူးစ် က မြန်မာပြည်ကိုလာရောက်ပြီး အစိုးရရဲ့ ပြောကြားချက်တွေကို နားထောင်ချင်ပါတယ်။ ပကတိ အခြေအနေတွေကို သူ သိချင်ပါတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရေးသားမေတ္တာရပ်ခံခဲ့တာနဲ့ ပတ်သက်ပြီး  မြန်မာအစိုးရထံက တုံ့ပြန်ပြောကြားချက် တစုံတရာကိုတော့ RFA က မသိရသေးပါဘူး။ Thomas Andrews ဟာ အမေရိကန်အောက်လွှတ်တော်အမတ်ဟောင်းတဦး ဖြစ်ပြီး NCGUB ညွန့်ပေါင်းအစိုးရရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်လည်း ဆောင်ရွက်ဖူးပါတယ်။ အခု အသက် ၆၇ နှစ် ရှိပြီး ဝါရှင်တန်ဒီစီမှာ နေထိုင်သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။