စီးပွားရေးချွတ်ခြုံကျမှု အခြေခံလူတန်းစားတွေ ထိခိုက်မှုများ
2023.12.13

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် ၁၀ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျနေပြီး အရှေ့အာရှဒေသမှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပြီးနောက် မူလစီးပွားရေးအခြေအနေကို ပြန်မရောက်တဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။
ဒီနှစ်ဇွန်လအထိ ၁၂ လတာ တွက်ချက်မှုတွေအရ စားသုံးကုန်တန်ဖိုးတွေဟာ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းပြီး ပဋိပက္ခတွေ ကျယ်ပြန့်လာသလို ကုန်စျေးနှုန်းတွေက ဆက်လက်မြင့်တက်နေလို့ အိမ်ထောင်စုတွေရဲ့ ဝင်ငွေတွေဟာ ဆိုးဆိုးဝါးဝါး ဆက်ကျနေတယ်လို့ ဆိုပါတယ်။ လာမယ့် ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာလည်း မြန်မာပြည်ရဲ့ စီးပွားရေးက နာလန်ထူနိုင်မှာ မဟုတ်သေးဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။
"ရှေ့လျှောက်ဆိုလို့ရှိရင်လူတွေက စားဝတ်နေရေးတောင်မှ မသေထမင်း၊ မသေဟင်း စားဖို့တောင်အနိုင်နိုင် ဖြစ်လာတော့မယ်။ ဒီပုံစံအတိုင်းဆိုရင် ရှေ့လျှောက် ဘယ်လိုမှ မတွေးဝံ့စရာ။"
အာဏာသိမ်းပြီးနောက် စီးပွားရေးဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာပြီး အသက်ရှင်ရေး စားသောက်ဖို့တောင် ခက်ခဲလာနေတယ်လို့ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
“အခုဆိုရင် မီတာတွေက နှစ်ဆတက်တယ်။ မီးတွေကလည်း မမှန်တဲ့အပြင် မီးတွေကလည်း လွှတ်ပေးချင်တဲ့ အချိန်မှ လွှတ်ပေးတယ်။ လာချင်တဲ့အချိန်မှ လာတဲ့အပြင် မီတာခတွေက နှစ်ဆတက်လာတယ်။ ကုန်စျေးနှုန်း တွေကလည်း နှစ်ဆတက်လာတယ်။ ရှေ့လျှောက်ဆိုလို့ရှိရင်လူတွေက စားဝတ်နေရေးတောင်မှ မသေထမင်း၊ မသေဟင်း စားဖို့တောင်အနိုင်နိုင် ဖြစ်လာတော့မယ်။ ဒီပုံစံအတိုင်းဆိုရင် ရှေ့လျှောက် ဘယ်လိုမှ မတွေးဝံ့စရာ။ ပေါ်ဆန်းဆန်ဆိုရင် လေးထောင်ကျော်ကနေ ရှစ်ထောင်လောက်ဖြစ်သွားတယ်။ အခုတစ်ပြည်ကို”
ကမ္ဘာ့ဘဏ်ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ထောက်ပြတာမှာလည်း စားသောက်ကုန်စျေးတွေ မြင့်တက်နေတာကြောင့် မြန်မာပြည်သူတွေဟာ ဝင်ငွေတွေအများစုကို အစားအသောက်အတွက် သုံးနေရပြီး အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုတွေ ပိုများနေတယ်လို့ ဆိုပါတယ်။
လူဦးရေအများစုနေထိုင်တဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ ဘဲဥတစ်လုံး ကျပ်လေးရာ၊ ကန်စွန်းရွက်တစ်စီး ကျပ် ခုနစ်ရာနဲ့ ပန်းသီးတစ်လုံး တစ်ထောင်ကျပ် စျေးပေါက်နေတာပါ။ စားအုန်းဆီ သုံးပိဿာတစ်ပုံးကို ကျပ်သုံးသောင်းနဲ့ ၂၄ ပြည်ပါ ဆန်ချောတစ်အိတ်ကို တစ်သိန်းခြောက်သောင်း စျေးပေါက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
စီးပွားရေးကျဆင်းလို့ စားဝတ်နေရေးခက်ခဲတဲ့ ပြည်သူတွေဟာ နိုင်ငံရပ်ခြားကို ထွက်ခွာဖို့ ကြိုးပမ်းတာတွေ များလာသလို အနယ်နယ်အရပ်ရပ်မှာ တောင်းရမ်းစားသောက်သူတွေလည်း များလာနေတယ်လို့ တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်က ဦးဇော်ရမ်းက ပြောပါတယ်။
“မြေပြင်မှာတော့ အကုန်လုံး ပြည်သူတွေအားလုံးက မှိုင်တွေပြီးတော့ ကြည့်လိုက်ရင် မျက်နှာတွေ မသာမယာနဲ့ပေါ့နော်။ အဆိုးဆုံးအခြေအနေမှာ ရပ်တည်နေရတဲ့အတွက် နေရာတိုင်းမှာ တောင်းစားတဲ့သူတွေ ပေါလာတယ်။ နောက်တစ်ခုက ရွာတိုင်း နယ်တိုင်းမှာ အကုန်လုံး နိုင်ငံခြားထွက်တဲ့သူတွေ ပေါလာတယ်။ ပြိုကျပျက်စီးသွားတဲ့ နိုင်ငံတစ်ခုက ကျပါတယ်လို့ကို ပြောစရာ စကားမရှိတော့အောင် ဖြစ်သွားတယ်ဗျ။”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိတ္ထီလာမြို့ခံ တရားလွှတ်တော်ရှေ့နေတစ်ဦးကလည်း စီးပွားရေးကျဆင်းမှုနဲ့ အတူ ဒုစရိုက်မှုတွေ ပိုပေါလာမှာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။
“တောင်းစားတဲ့သူ ရာခိုင်နှုန်းတော်တော်တိုးလာတယ်။ ကလေးတွေ တိုးလိုးတွဲလောင်းနဲ့ အမျိုးသမီးတွေပေါ့။ အရင်တုန်းက တွေ့နေကြမဟုတ်တဲ့ မျက်နှာမျိုးတွေ တွေ့ရတယ်ပေါ့။ တောင်းစားတဲ့သူတွေရဲ့ ကြည့်လိုက်လို့ ရှိရင် အတော်အတန် တောင်းစားနေတဲ့ အုပ်စုမဟုတ်ဘူးဆိုတာ သေချာတယ်။ ဒီအတိုင်း ဒီပုံစံဆိုရင်တော့ လုတာယက်တာတို့ ဓားပြတိုက်တာတို့၊ ခိုးတာမဟုတ်ဘူး။ လုတာယက်တာ ပိုဆိုးလာနိုင်တယ်။”
ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်မှုအရဆိုရင် မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှု နှေးကွေးနေဦးမှာ ဖြစ်သလို ၂၀၂၅ မှာလည်း စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ ကုန်သွယ်မှုနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေမှာ နှေးကွေးတာတွေ ဆက်ရှိနေဦးမယ်လို့ ဆိုပါတယ်။
၂၀၂၄ မတ်လအထိ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၁ ရာခိုင်နှုန်းသာ ရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
စီးပွားရေးလေ့လာသုံးသပ်သူ ဦးစိန်ဌေးက မြန်မာပြည်ရဲ့ စီးပွားရေးဟာ လာမယ့်နှစ်အတွင်း ဒီထက်ပိုကျဆင်းလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“သူတို့ (ကမ္ဘာ့ဘဏ်) က ဇွန်လမှာ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ အခြေအနေပေါ်မူတည်ပြီး ထုတ်ပြန်တာ။ မြန်မာနိုင်ငံရဲ့ GDP ကတော့ ၃ ရာခိုင်နှုန်းလောက်တက်မယ်လို့ ခန့်မှန်းခဲ့တယ်။ ဒီခြောက်လအတွင်းမှာ အပြောင်းအလဲတွေ ဖြစ်လာတယ်။ ဘဏ်နှစ်ခုကို ပိတ်လိုက်တယ်။ အောက်တိုဘာမှာ စစ်ပွဲတွေ အရှိန်မြှင့်လာတဲ့အခါ Border Trade က ရပ်သွားတယ်။ အဲ့ဒါကြောင့်မို့ သူက ၁ ရာခိုင်နှုန်းလို့ မှန်းတာ။ အခုလောလောလတ်လတ်ကိုကြည့် ဒီရီပို့ရေးပြီးမှကို ဖြစ်တဲ့ပြဿနာ။ ဓာတ်ဆီစျေးတွေ မတရားတက်တယ်ဗျာ။ နောက်ထပ်ခြောက်လ ခုနစ်လ တစ်နှစ်ပဲ ပြောကြပါဆို့ဗျာ။ တိုင်းပြည်စီးပွားရေး ဒါထက်ဆိုးပါလိမ့်မယ်လို့ အကြမ်းဖျင်း ခြုံပြောတာပါခင်ဗျ။”
ကမ္ဘာဘဏ်တွက်ဆချက်အတိုင်း ၁ ရာခိုင်နှုန်းတိုးလာတယ်ဆိုရင်တောင် လူဦးရေတိုးတက်မှုနှုန်းနဲ့ တွက်မယ်ဆိုရင် မမျှတလို့ ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ တိုးတက်လာနိုင်ဖို့မရှိဘူးလို့ သူက တွက်ပြပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု အတားအဆီးတွေ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှုနဲ့ ငွေကြေးဖောင်းပွမှုအခြေအနေ ပေါင်းစုံကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေအပေါ် အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ဆက်ရှိနေဦးမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ထားပါတယ်။