နှစ်သစ်မှာ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ အဆင်ပြေဖို့ အားလုံးမျှော်လင့်

RFA Burmese
2024.01.01
နှစ်သစ်မှာ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ အဆင်ပြေဖို့ အားလုံးမျှော်လင့် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။
RFA

ဒီနေ့ဟာ နှစ်သစ်ကူးပြောင်းသွားပြီး ၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံးနေ့ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာတော့ မြန်မာ ပြည်သူအားလုံးဟာ လက်နက်ကိုင် ပဋိပက္ခတွေအပါအဝင် နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

တစ်နိုင်ငံလုံးနီးပါး ဖြစ်နေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲအတွင်း သေဆုံး၊ ဒဏ်ရာရတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာ၊ နေအိမ်တွေနဲ့ ဘာသာရေး အဆောက်အအုံတွေ မီးရှို့ ဖျက်ဆီးခံရတာတွေပါ ကြုံခဲ့ကြရတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ၂၀၂၄ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံသားအားလုံး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အတူတကွတည်ဆောက်နိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်ဖို့ ဆုမွန်ကောင်း တောင်းတယ်လို့ RFA ကို ပြောပါတယ်။

“နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအားလုံး၊ တိုင်းရင်းသား ပြည်သူလူထုတွေအားလုံး ပြည်တွင်း၊ ပြည်ပ မြန်မာနိုင်ငံသူ နိုင်ငံသား တွေ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီးတော့ မြန်မာနိုင်ငံမှာလိုချင်တဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေ စီနိုင်ငံတော်သစ်ကြီးကို အတူတကွ တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော် ပထမဦးဆုံး ဆုမွန်ကောင်း ပို့သပါတယ်ခင်ဗျ”

(NUG) ယာယီသမ္မတ ဒူဝါလရှီးလကလည်း ၂၀၂၄ မှာ စိန်ခေါ်မှုအသစ်တွေနဲ့ စစ်ရေး၊ နိုင်ငံရေး အလှည့်အပြောင်းတွေ ဖြစ်လိမ့်မယ်လို့ ဒီဇင်ဘာ ၂၅ ရက်မှာပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

"လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ ပြောင်းလဲလာမယ့် ထူးခြားမှုတစ်ခုခုကိုတော့ မျှော်လင့်ရမှာပါပဲ"

ကယားပြည်နယ် (ကရင်နီပြည်)၊ မယ်စဲ့မြို့မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း ၂၀၂၄ အတွင်း စစ်အာဏာရှင် အမြန်ဆုံးဖြုတ်ချနိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာဖို့ မျှော်လင့်တယ်လို့ RFA ကို ပြောပါတယ်။

“၂၀၂၄ အတွက် ဆုတောင်းချင်တာနဲ့ မျှော်လင့်ချက်ကတော့ အခုလက်ရှိ တရားသောစစ်ဆိုတာထက် ကျွန်တော် တို့ ခံယူချက်နဲ့လုပ်နေတဲ့ တော်လှန်ရေးလမ်းစဥ်တွေ၊ စစ်အာဏာရှင်အမြန်ဆုံးဖြုတ်ချနိုင်ရေး လမ်းစဥ်တွေကို အမြန်အောင်မြင်စွာပြီးဆုံးနိုင်ဖို့နဲ့ ကျွန်တော်တို့ ကရင်နီပြည်နယ်မှစ၍ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိနိုင်ဖို့ ဆုတောင်းချင်တယ်၊ ဒီထပ်ပိုပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်နိုင်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာဖို့အတွက် မျှော်လင့်ပါတယ်”

ရန်ကုန်မြို့မှာနေထိုင်တဲ့ မရတနာကတော့ နှစ်သစ်ကစပြီး လူတိုင်း စားဝတ်နေရေး အဆင်ပြေဖို့နဲ့ နိုင်ငံရေး အခြေအနေ တိုးတက်လာဖို့ မျှော်လင့်တယ်လို့ RFA ကို ပြောပါတယ်။

“၂၀၂၄ မှာတော့ မိသားစုတိုင်း၊ အိမ်ထောင်စုတိုင်း မြန်မာနိုင်ငံမှာရှိတဲ့လူတိုင်းရဲ့ စားဝတ်နေရေးအသုံးစရိတ်တွေ၊ ကုန်စျေးနှုန်းအသုံးစရိတ်တွေက လူတိုင်းအဆင်ပြေပြီး သက်သက်သာသာနဲ့ လောက်ငတဲ့ အခြေအနေ ရောက်ရင်တော့ အဆင်ပြေမှာပါ။ ဒီထပ်ပိုပြီးတော့ နိုင်ငံရေးအခြေအနေလည်း အမြန်ဆုံးတိုးတက်ပြီးတော့ အောင်မြင်မှုတွေရပါစေလို့ ဆုတောင်းပေးချင်ပါတယ်”

နိုင်ငံရေးအခြေအနေတွေဖြစ်ပြီး နောက်ပိုင်းကတည်းက အိမ်ရှင်မတွေဟာ ကိုယ့်မိသားစုစားဝတ်နေရေးအတွက် မနည်းလောက်ငအောင် စီစဉ်နေခဲ့ရတာလို့ ဆိုပါတယ်။

ရန်ကုန်မြို့ ရပ်ကွက်တစ်ခုရှိ ဈေးအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ ရပ်ကွက်တစ်ခုရှိ ဈေးအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး၊ အတွင်းရေးမှူး-၂ ကိုဗညားခွန်အောင်ကတော့ ၂၀၂၃ ခုနှစ်မှာ အောင်မြင်မှု အများဆုံး ဆွတ်ခူးနိုင်တဲ့နှစ်ဖြစ်တဲ့အပြင် ပြည်သူလူထုဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတူရှိနေတယ်လို့ ပြောပါတယ်။

“စစ်ရေးကတော့ အောင်မြင်မှုအများကြီး ဆွတ်ခူးနိုင်တဲ့ နှစ်တစ်နှစ်ဖြစ်တယ်၊ နယ်မြေ ထိန်းချုပ်မှုကလည်း ပမာဏအားဖြင့် ကြည့်မယ်ဆိုရင် ၈၅ ရာခိုင်နှုန်းကျော်သွားပြီ။ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်တယ်။ ပြည်သူလူထုအားဖြင့်လည်း လေးသိန်းငါးသောင်းထဲက သုံးသိန်းကတော့ ကျွန်တော်တို့ ထိန်းချုပ်မှုနယ်မြေထဲမှာ ရှိနေတယ်။ ဒါကြောင့် စစ်ရေးအရကြည့်မယ်ဆိုရင် နယ်မြေနဲ့လူထုက ကျွန်တော်တို့နဲ့ အတူရှိနေတာကြောင့် အောင်မြင်မှု အကြီးဆုံးနှစ်တစ်နှစ်လို့ ပြောလို့ရတယ်”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအချင်းချင်း နားလည်မှုပိုယူလာနိုင်တာကြောင့် နိုင်ငံရေးအခင်းအကျင်းပါ တစ်ပြိုင်တည်းကောင်းလာရင် ကရင်နီပြည်ရဲ့ လူမှုစီးပွားရေးလည်း ပြန်တိုးတက်လာနိုင်ခြေ ရှိတယ် လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက နှစ်သစ်မှာ ပြောင်းလဲလာမယ့် ထူးခြားမှုတစ်ခုခုကို မျှော်လင့်ရသလို စစ်အာဏာရှင်စနစ် တိုက်ဖျက်နိုင်ရေး ပြည်သူလူထုသာ အဓိကဖြစ်တယ် လို့ RFA ကို ပြောပါတယ်။

“၂၀၂၃ ခုနှစ်ဟာ ကောင်းကောင်းမွန်မွန်နဲ့ ဖြတ်သန်းသွားတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် လာမယ့် ၂၀၂၄ ခုနှစ် အတွင်းမှာ ပြောင်းလဲလာမယ့် ထူးခြားမှုတစ်ခုခုကို တော့ မျှော်လင့်ရမှာပါပဲ။ ပြည်သူလူထုက မယိင်းမယိုင်ဘဲနဲ့ ကျွန်တော်တို့နဲ့အတူတူ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်ကြမယ်လို့ မျှော်လင့်မိတယ်။ စစ်အာဏာရှင်စနစ်ကို အဆုံးတိုင် တိုက်ဖျက်နိုင်ရေးအတွက် ပြည်သူလူထုသာ အဓိက ဖြစ်တယ်ဆိုတာ အားပေးရင်းနဲ့ ၂၀၂၄ ခုနှစ်ကို ဖြတ်ကျော် ကြပါစို့လို့ ဆုတောင်းပေးလိုက်ပါတယ်”

စစ်အာဏာသိမ်း သုံးနှစ်အတွင်းမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဘာသာရေး အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ပေမယ့် လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်လာကြတဲ့ ပြည်သူလူထုရဲ့ ရဲစွမ်းသတ္တိကိုတော့ ဘယ်လိုမှ ဖျက်ဆီးနိုင်စွမ်းမရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း ၂၀၂၄ ခုနှစ်မှာ နွေဦးတော်လှန်ရေး အဆုံးသတ် ပန်းတိုင်အဖြစ် ချီတက်ကြဖို့နဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်ရေးလှုပ်ရှားမှု နောက်တစ်ဆင့်တက်ဖို့ လိုတယ်လို့ ပြောပါတယ်။

“၂၀၂၄ ခုနှစ်ဟာ နွေဦးတော်လှန်ရေး အဆုံးသတ်ပန်းတိုင်အဖြစ် ချီတက်နိုင်ပြီးတော့ ပြည်သူတစ်ရပ်လုံးအတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး လမ်းကြောင်း ပေါ်ကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ် ခင်ဗျာ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ကနေ ဇွန်လအတွင်းလောက်ဟာ နွေဦးတော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်ရေး လှုပ်ရှားမှု နောက်တစ်ဆင့်တက်ဖို့ လိုပါတယ်”

အခုနှစ်မှာ ပြည်နယ်နဲ့တိုင်း တစ်ခုချင်းအလိုက် လွတ်မြောက်ဒေသအဖြစ် ဖန်တီးပြီး အပြန်အလှန် ထိုးစစ်ဆင် လှုပ်ရှားဆောင်ရွက်ရမယ့် အချိန်ဖြစ်တဲ့အတွက် အရေးကြီး တယ်လို့လည်း ဦးသန်းစိုးနိုင်က ဆိုပါတယ်။

မြင်းခြံအခြေစိုက် မြင်းခြံကျားနက် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကတော့ ၂၀၂၃ ခုနှစ် အတွင်း စစ်ကောင်စီနဲ့ ယှဉ်ရင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စိတ်ဓာတ်ရေးရာအရရော နယ်မြေစိုးမိုးမှုပါ သာနေတာကြောင့် တော်လှန်ရေး ပြီးဆုံးအောင်မြင်မယ်လို့ ယုံကြည် ကြောင်း RFA ကို ပြောပါတယ်။

“အရင်တုန်းက စကစနဲ့ကျွန်တော်တို့ အနေအထားဟာ ၅၀ - ၅၀ ရာခိုင်နှုန်း၊ အခုအနေ အထားဟာ ၇၀ - ၃၀ ရာခိုင်နှုန်းအထိ ယှဥ်လို့ရတယ်။ စိတ်ဓာတ်ရေးရာအရရော နယ်မြေစိုးမိုးမှုအရရော ကျွန်တော်တို့ဘက်က အားသာတဲ့ အနေအထားရှိတယ်။ တော်လှန်ရေးသမားတွေဘက်က လက်နက်မပြည့်စုံလို့ တိုက်ပွဲမလိုက်ရရင် စိတ်ဆိုးစိတ်ကောက်ကြတဲ့ အနေအထားမှာ စကစဘက်ကတော့ ရှေ့တန်းမလိုက်ရဖို့အရေး ငွေပေးလာဘ်ထိုးတာတွေ လုပ်နေတဲ့အတွက် စိတ်ဓာတ်ချင်းကကွာပါတယ်။ ဒါကြောင့် ဒီတော်လှန်ရေးဟာ အမြန်ဆုံးပြီးဆုံးမယ်၊ အောင်မြင်မယ်လို့ ယုံကြည်နေပါတယ်”

ဒေါက်တာအောင်မျိုးကတော့ NUG သွားနေတဲ့ ပုံစံဟာ စနစ်ပြောင်းဖို့မဟုတ်ဘဲ လူတန်းစားချေမှုန်းရေးကို ဦးတည်နေတာကြောင့် တော်လှန်ရေးဟာ အကြီးအကျယ် လွဲနေတယ်လို့ ဝေဖန်ပါတယ်။

“၂၀၂၃ ခုနှစ်အတွက် သုံးသပ်ချက်အရတော့ အစပိုင်းမှာတော့ အေးမလိုလိုနဲ့ အောက်တိုဘာလက စပြီးတော့ စစ်ရေးကိစ္စတွေက တော်တော်လေးဆိုးလာတယ်။ ဒီလိုအနေအထားမျိုးမှာ တစ်ဖက်ကလည်း သူတို့နိုင်ပြီလို့ ထင်တယ်ပေါ့နော် တကယ်တမ်းကြည့်တဲ့အခါမှာ ရှမ်းမြောက်က မြောက်ပိုင်းသုံးဖွဲ့နဲ့ NUG ဟာ ကျွန်တော် တို့သုံး သပ်ချက်အရ ဆက်စပ်မှုမရှိဘူးလို့ တွေ့ရတယ်။ မရှိဘဲနဲ့ နောက်မှ အတင်းဆက်စပ်တဲ့သဘော တွေ့ရ တယ်။ မြောက်ပိုင်းကလူတွေက နယ်မြေသိမ်းဖို့၊ NUG တောင်ပိုင်းက PDF နဲ့စစ်ကိုင်းကလူတွေက လူတန်းစား ချေမှုန်းဖို့ ဖြစ်နေတယ်။ အဲတော့ အရေးတော်ပုံဟာ ဒီတော်လှန်ရေးကြီးမှာ သူတို့လုပ်နေတဲ့ အလုပ်ဟာ အကြီးအကျယ် လွဲနေတယ်ဆိုတာကို သုံးသပ်ချင်ပါတယ်”

ဒါပေမဲ့ ၂၀၂၄ ဟာ ကောင်းသောနှစ်အစလို့ ယူဆတာကြောင့် ပြည်သူအားလုံး အချင်းချင်း သတ်ဖြတ်ညှဉ်းဆဲခံရမှုနဲ့ လုပ်ကြံခံရမှုတွေ ကင်းဝေးပြီး အစစအရာရာ အဆင်ပြေမှုတွေနဲ့ ကြုံတွေ့ရပါစေလို့ ဆုတောင်းတယ်လို့လည်း ဒေါက်တာအောင်မျိုးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။