မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာပြဿနာ ရင်ဆိုင်နေရ
2022.06.15

ရာသီဥတုက မမှန်၊ ယူကရိန်းစစ်ကလည်း ဖြစ်နေတဲ့ ကမ္ဘာမှာ လူ ၄၉ သန်း ရိက္ခာပြဿနာ ရင်ဆိုင်နိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံမှာ လူ ၁၃.၂ သန်းက အခုတင်ပဲ ရိက္ခာမလုံလောက်ဘဲ စားရေးသောက်ရေးပြဿနာ မြန်မြန်ဆန်ဆန်ကြီးထွားလာနေတာနဲ့ ရင်ဆိုင်နေရတယ်လို့ FAO စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က ပြောပါတယ်။ ဒီပမာဏဟာ တစ်ကမ္ဘာလုံးရဲ့ သုံးပုံတစ်ပုံခွဲလောက်ရှိနေတာမို့ နိုင်ငံငယ် တစ်နိုင်ငံအတွက် ခေါင်းခဲစရာလည်း ဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေက ရပ်မသွားဘဲ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အပြင် ရာသီဥတုကလည်း မမှန်၊ လူတွေလည်း နေရပ်ရွှေ့ပြောင်းရရုံမက ကိုဗစ်-၁၉ ကပ်ရောဂါလည်း ရှိနေပြီး တခြားအကြောင်းကြောင်းတွေကြောင့် တစ်နိုင်ငံလုံးရဲ့ရိက္ခာစနစ်က ကမောက်ကမဖြစ်ရတယ်လို့ FAO က ဇွန် ၈ ရက်က ကြေညာချက် ထုတ်ပြန်တာပါ။
မြန်မာ့စပါးကျီလို့ တင်စားတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ တောမရှိ၊ တောင်မရှိ၊ စစ်တပ်က လာတိုက်ရင် ထွက်ပြေးစရာ နယ်စပ်မရှိဘဲ ပင်လယ်သာရှိတဲ့အတွက် ထွန်ယက်စိုက်ပျိုးမပျက် ထွန်ယက်နိုင်တဲ့ အနေအထားမှာရှိပါတယ်။ ဒါပေမဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို မြေလှန်တဲ့သဘောနဲ့ လေကြောင်းကပါ စစ်ကောင်စီက ထိုးစစ်ဆင်ရုံမက ရွာတွေ ကျီတွေပါ မီးတင်ရှို့နေတာမို့ ရိက္ခာထုတ်လုပ်ပေးတဲ့ လူတွေ ထွန်ယက်စိုက်ပျိုးလို့ မရတော့ပါဘူး။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က တောင်သူတစ်ယောက်ဖြစ်ရပ်က ဒါကို သက်သေထူပါတယ်။
"ကျွန်တော်တို့ ရွာဘက်ဆိုရင် စစ်တပ်က မီးရှို့ထားတယ်။ အဲဒီအတွက် ထွန်စရာ ထွန်တုံးတောင် မရှိတော့ဘူး၊ တချို့ဆိုလည်း စစ်တပ်ရဲ့ နှိပ်စက်တာ ခံရတယ်၊ နောက်တစ်ခုက ဘာအခက်အခဲ ရှိလဲဆိုရင် လုပ်စားစရာနေရာကို မရှိဘူးလို့ ပြောရမယ်၊ အိမ်ရှိသော်လည်း မြေမရှိသလိုမျိုး။ အခု မြေပါမရှိတော့ဘူးဆိုတော့ အခက်အခဲကို ဘယ်လိုပြောပြရမလည်းတောင် မသိဘူး"
စစ်ကိုင်းတိုင်းကပဲ ဖြစ်တဲ့ ရွှေဘိုဟာ ကုန်းဘောင်မင်းဆက်စတင်ရာဖြစ်ပြီး ရှေးကတည်းက လယ်ယာစိုက်ပျိုးထွန်ယက်လာတဲ့ ဒေသ၊ ရွှေဘိုကောက်စိုက်တေး လွှမ်းခြုံရာဒေသဖြစ်ပါတယ်။
နာမည်ကျော်ရွှေဘိုဆန်နဲ့ ပတ်သက်လို့ တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်က ဦးဇော်ရမ်းကလည်း .....
“စစ်ကိုင်းတိုင်းက ရွှေဘိုပေါ်ဆန်းထွက်တယ်။ ရွှေဘိုတစ်နယ်လုံး၊ ကန့်ဘလူနယ်၊ ဒီပဲယင်းကလည်း ထွက်တယ်။ စည်ပင်ခဲ့တာပေါ့။ အဲဒိဒေသက အထက်မြန်မာပြည်ရဲ့ စပါးကျီလို့တောင်ပြောတယ်။ နောက်ဆုံး ဘာဖြစ်သွားသလဲဆို ဧရာဝတီက ပေါ်ဆန်းက ဒုတိယနေရာရောက်သွားတယ်။ ဗမာပြည်မှာ အကောင်းဆုံးက ရွှေဘိုပေါ်ဆန်း “
ဒါက မူးမြစ်ဝှမ်းတစ်ဝိုက်က ထွက်တဲ့ စပါးသက်သက်ပဲ ဖြစ်ပြီး မကွေးတိုင်းက မြန်မာ့ဆီအိုးလို့တောင် တင်စားရအောင် ဆီထွက်သီးနှံတွေအပြင် ပဲမျိုးစုံစိုက်ပျိုးဖြစ်ထွန်းတာပါ။ ဒါပေမဲ့
“ခုကတော့ ထွက်ပြေးနေရတယ်။ ရဟတ်ယာဉ်နဲ့တောင် လိုက်ပစ်နေတာ၊ တချို့လည်း PDF တွေဖြစ်ကုန်ကြတယ်။ အဲဒါက လက်ရှိအခြေအနေပေါ့၊ စိုက်လို့လည်းမရတော့ဘူး။ စိုက်ပြီးသား စပါးတွေလည်း ပစ်ထားရတယ်။ မရိတ်နိုင်တော့ဘူးပေါ့နော်။ ပစ်မှတ်ထဲရောက်နေတဲ့ ရွာတွေ။ သူတို့စစ်ကြောင်းထိုးတဲ့ရွာတွေ။ စစ်ကြောင်းဖြတ်တဲ့ ရွာတွေ။ အဲဒါတွေ နေရေးစားရေးလုပ်ကိုင်ရေး အကုန်ခက်ကုန်တယ်။ လူတောင် အသက်လုပြေးနေရတော့"
FAO စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့နဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကနေ ဒီနှစ်ဇွန်ကနေ စက်တင်ဘာထိ ကမ္ဘာ့နေရာ ၂၀ မှာ ငတ်မွတ်ခေါင်းပါးမှာ ဖြစ်တဲ့အတွက် လူသားချင်းစာနာမှုအကူအညီပေးဖို့ စောစောစီးစီး သတိပေးတဲ့အနေနဲ့ Hunger Hotspots ဆိုတဲ့ ငတ်မွတ်မယ့်နေရာတွေ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဒီအစီရင်ခံစာမှာ အာဖရိကတိုက်နိုင်ငံတွေ ငတ်မွတ်ခေါင်းပါးတာကို ဇယားနဲ့တကွ ဖော်ပြထား ပါတယ်။
အဲဒိ နေရာ ၂၀ ဇယားမှာ မြန်မာနိုင်ငံမပါပေမယ့် တခြားစောင့်ကြည့်ရမယ့် နိုင်ငံတွေစာရင်းမှာ မြောက်ကိုရီးယားနဲ့ အတူ ပါဝင်ပါတယ်။ ဒီလိုနိုင်ငံတွေက အချက်အလက်တွေ မရနိုင် ဒါမှမဟုတ် အချက်အလက်က မလုံလောက်ပေမယ့် တခြားအထောက်အထားတွေအရ အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပြီး မြန်မာနိုင်ငံလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းနီးပါး ရိက္ခာပြဿနာရှိတယ်လို့ ပြောပါတယ်။