ပအိုဝ်းဒေသမှာ တိုက်ပွဲကြောင့် ဒေသခံ ခြောက်သောင်းခွဲကျော် ထွက်ပြေးနေရ

RFA Burmese
2025.01.14
ပအိုဝ်းဒေသမှာ တိုက်ပွဲကြောင့် ဒေသခံ ခြောက်သောင်းခွဲကျော် ထွက်ပြေးနေရ ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဥ်။
Facebook/ Voice of Pin Laung

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ မောက်မယ်နဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း မြို့နယ်အတွင်းမှာ ၂ဝ၂၄ နှစ်စကနေ ၂ဝ၂၅ ခုနှစ်နှစ်ဆန်းပိုင်းအထိ တစ်နှစ်အတွင်း တိုက်ပွဲတွေ ကြောင့် ဒေသခံ ခြောက်သောင်းခွဲကျော် ထွက်ပြေးနေရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ဇန်နဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ မောက်မယ်နဲ့ ညောင်ရွှေမြို့နယ်ထဲမှာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့နဲ့ တော်လှန်ရေးအင်းအားစုတွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

၂ဝ၂၄ ခုနှစ်ထဲမှာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ခြောက်သောင်းဝန်းကျင်ရှိရာကနေ အခုနှစ်ဆန်းပိုင်းမှာ ဒုက္ခသည် ငါးထောင်ကျော် ထပ်တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

"မောက်မယ်မြို့နယ်ရဲ့ PNLA ဗဟိုတပ်ချုပ်ကို လေကြောင်းကနေ ဗုံးလာကြဲသွားတာလေ၊ နဂိုရှိရင်းစွဲ ဒုက္ခသည်တွေက အိမ်တောင်မပြန်ရဲသေးဘူး အဲဒါထပ်ဖြစ်တော့ ထပ်ပြေးရတာပေါ့”

အခုနှစ် ဇန်နဝါရီလအတွင်းတိုက်ပွဲတွေကြောင့် ဆီဆိုင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်က ဒေသခံငါးထောင်နီးပါး နဲ့ မောက်မယ်မြို့နယ်က ထီဟန်းခြွီး၊ ထီဖက်နမ်၊ ထီရီ၊ ငိုရိမ်း စတဲ့ရွာတွေအပါအဝင် ရွာရှစ်ရွာက ဒေသခံ ၁၆ဝဝ ကျော် ထပ်မံထွက်ပြေးနေရတာလို့ ပအိုဝ်းလူငယ်အစည်းအရုံး ပြောခွင့်ရသူ နန်းက RFA ကို ပြောပါတယ်။

“ဆီဆိုင်နဲ့ ကရင်နီနယ်စပ်ကြား၊ မောက်မယ်နယ်စပ်ကြား အဲဒီလိုမျိုးတွေပေါ့။ မောက်မယ်မြို့နယ်ရဲ့ PNLA ရဲ့ ဗဟိုတပ်ချုပ်ကို လေကြောင်းကနေ ဗုံးလာကြဲသွားတာလေ အဲဒီကနေစပြီးတော့ မငြိမ်သက်တော့ဘူး။ နဂိုရှိရင်းစွဲ ဒုက္ခသည်တွေက အိမ်တောင်မပြန်ရဲသေးဘူး အဲဒါထပ်ဖြစ်တော့ ထပ်ပြေးရတာပေါ့လေ”

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။


ဆက်နွှယ်သောသတင်းများ


ပအိုဝ်းဒေသမှာ တိုက်ပွဲတွေကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ နီးပါး သေဆုံး

PNA ကလေးစစ်သားတစ်ဦး ဖမ်းဆီးရမိကြောင်း KNDF ပြော

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ထိန်းချုပ်နယ်မြေမှာ လူငယ်တွေ ပြည်ပထွက်ခွင့် ပိတ်ပင်


ဇန်နဝါရီလ ၆ ရက်နေ့မှာ ဆီဆိုင်မြို့နယ် ထီးစုံရွာကို ဒရုန်းနဲ့ မီးလောင်ဗုံးသုံးပြီး တိုက်ခိုက်ခဲ့သလို ဇန်နဝါရီလ ၁၂ ရက်နေ့မှာလည်း ဆီဆိုင်မြို့နယ် ဖြီကျွတ်ရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ PNLA က ဇန်နဝါရီလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေကြောင့် ထီးစုံရွာ၊ ဖြီးကျွတ်ရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံတစ်ထောင်ကျော် တောတောင်တွေထဲကို ထွက်ပြေးခဲ့ရပြီး ဖြစ်သလိုနေနေကြရတယ်လို့ ဆီဆိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဟုတ်တယ် လေယာဉ်နဲ့လာကြဲတယ် တိုက်ပွဲလည်းဖြစ်တယ်။ လေယာဉ်နဲ့ လေးကြိမ်လာကြဲသွားတာ အရပ်သားနှစ်ယောက် ဆုံးသွားတာပေါ့ဗျာ။ လူတွေက ခြံတွေ၊ တောထဲမှာတွေ အဲလိုနေရာတွေမှာ သွားရှောင်နေတာ ပိုများတယ်။ ဘယ်လိုမှ ထောက်ပံ့ကြေး မပေးနိုင်တဲ့နေရာတွေပေါ့လေ။ လူတွေက ဝေးဝေးလည်း မရှောင်ချင်တော့ဘူးလေ။ အဝေးရှောင်ရင်လည်း လူတွေကခက်တယ်။ အခုနောက်ပိုင်း စစ်ရှောင်ဆိုရင် လူတွေကလက်မခံချင်တဲ့အခါကျတော့လေ။ အဲဒီနားလေးမှာ အများကြီးပဲ။ လွယ်ထွဲတို့၊ လွယ်စော်တို့လည်း အဲဒီနားအနီးအနားတစ်ဝိုက်က တောထဲမှာပဲနေကြတာ”

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲခဲ့ပြီးနောက် ထိခိုက်ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား တွေ့ရစဉ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲခဲ့ပြီးနောက် ထိခိုက်ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား တွေ့ရစဉ်။

ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံနေတဲ့နေရာတွေကို စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရှိဘဲ ကူညီထောက်ပံ့ပေးလို့ မရတာကြောင့် အခက်အခဲတွေဖြစ်နေကြတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိ သောက်သုံးရေနဲ့ နေရာထိုင်ခင်း အခက်အခဲဖြစ်နေကြသလို ဆောင်းတွင်းကာလဖြစ်လို့ စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဒုက္ခသည်တွေ တိုးလာတာကြောင့် စားသောက်ရေးနဲ့ နေရာထိုင်ခင်းတွေ အခက်အခဲဖြစ်နေကြရတယ်လို့ ဆီဆိုင်မြို့ခံ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“အကူအညီလည်းမရဘူးလေ အခုက ဘာမှခွင့်မပြုဘူးလေ သူတို့က။ ဘယ်သူမှ လာမထောက်ပံ့ပေးဘူး။ နောက် ကျွန်မတို့ဒေသက ဆန်လည်းအများကြီး သယ်လို့မရဘူး။ ဘယ်လိုကူညီနိုင်လဲဆို လိုင်းပေါ်ကနေ Kpay၊ Wavepay ရှိရင်ရတယ် အဲဒါပဲရှိတယ်။ ဘာမှမလာဘူး။ ဘယ်သူမှ လာတာလည်းမရှိဘူး။ ဆန်လည်းမရ၊ ဆီလည်းမရ။ မလောက်မငပဲပေါ့နော့်။ ငတ်တစ်လှည့် ပြတ်တစ်လှည့်ပဲပေါ့”

မောက်မယ်မြို့နယ်ထဲက ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်နဲ့ PNO တပ်ဖွဲ့တွေဘက်က ဝင်ထွက်ခွင့်တွေ ကန့်သတ်ထားသလို စားနပ်ရိက္ခာလည်း ကန့်သတ်ထားတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဇန်နဝါရီလ ၉ ရက်နေ့က ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်နဲ့ ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဘက်စလုံး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

အဲဒီတိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတွေကို ဆက်တိုက်ဆိုသလို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းအဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်မယ်လို့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ စာထုတ်ပြန်ထားတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်လာနိုင်ပြီး ဒုက္ခသည်အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ခန့်မှန်းကြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် စံဖူးကျေးရွာနဲ့ လုံးဟီကျေးရွာတွေမှာ ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နဲ့ PNLA တပ်ဖွဲ့တွေ တိုက်ပွဲစတင်ဖြစ်ခဲ့တာပါ။

တိုက်ပွဲတွေဟာ ပအိုဝ်းဒေသအတွင်းက ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ မောက်မယ်နဲ့ ညောင်ရွှေမြို့တွေအထိ ကျယ်ပြန့်ခဲ့ပါတယ်။

ဆီဆိုင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
ဆီဆိုင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တိုက်ပွဲအတွင်း ကလေးငယ်တွေအပါအဝင် အရပ်သား ၁၂၇ ဦး သေဆုံးခဲ့ပြီး နှစ်ရာနီးပါးဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ် ၁၆ ဦး၊ အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၈၉ ဦးနဲ့ ကျား မအတည်မပြုနိုင်သူ ခြောက်ဦးပါဝင်ပြီး အများစုဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ အကြိမ် ငါးရာကျော် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့ အကြိမ်ငါးထောင်ကျော် ပစ်ခတ်ခဲ့တယ်လို့လည်း PYO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲခံရတာအပါအဝင် မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် ဘာသာရေးအဆောက်အအုံ ၃၂ လုံးအပါအဝင် ဆေးရုံ၊ ဆေးခန်းနဲ့ အရပ်သား နေအိမ်စုစုပေါင်း ၁၄၃၂ လုံး ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် PNLA တပ်ဖွဲ့က လူသစ်ခေါ်ယူတာနဲ့ PNO တပ်ဖွဲ့က လူသစ်စုဆောင်းတာတွေကြောင့် သောင်းနဲ့ချီတဲ့ ပအိုဝ်းလူငယ်တွေဟာ နိုင်ငံရပ်ခြားအထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PYO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။