စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တော်လှန်မယ်လို့ ပအိုဝ်းခေါင်းဆောင်တွေပြော

RFA Burmese
2024.03.24
စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တော်လှန်မယ်လို့ ပအိုဝ်းခေါင်းဆောင်တွေပြော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Pa-O People’s Aid

စစ်အာဏာရှင်စနစ် အမြတ်ပြတ်တဲ့အထိ တော်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ်လို့ မတ်လ ၂၄ ရက်နေ့မှာ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။

အွန်လိုင်းက ကျင်းပတဲ့ ၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားမှာ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ခေါင်းဆာင်တွေက အခုလို ပြောခဲ့တာပါ။

"ပအိုဝ်းပြည်သူတွေအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးနဲ့ ပူးပေါင်းပြီးတော့ ပြန်လည်တိုက်ပွဲဝင်ဖို့ ဒီနေရာကနေ တောင်းဆိုပါတယ်"

ပြည်သူတွေအားလုံး စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်ဖို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက တိုက်တွန်းခဲ့ပါတယ်။

"ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖော်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့ ပအိုဝ်းပြည်သူတစ်ရပ်လုံးအနေနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ တစ်ရပ်လုံးနဲ့အတူ ဆက်လက်ပြီးတော့ တော်လှန်ကြဖို့ ဒီနေရာက ပန်ကြားပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဒီနေ့တော်လှန်ရေးမှာ ပအိုဝ်းပြည်သူတွေအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးနဲ့ ပူးပေါင်းပြီးတော့ ပြန်လည်တိုက်ပွဲဝင်ဖို့ ဒီနေရာကနေ တောင်းဆိုပါတယ်"

ဒီအခမ်းအနားကို ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။

စစ်အာဏာရှင်တွေဟာ ပအိုဝ်းလူမျိုးတွေအကြား သွေးခွဲသပ်လျှိုနေတာကြောင့် အချင်းချင်းညီညွတ်ဖို့ အရေးကြီးတယ်လို့ PNFC က တိုက်တွန်းပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေနဲ့ စစ်ကောင်စီရဲ့လက်ဝေခံပြည်သူ့စစ်အဖြစ်ကနေ ရုန်းထွက်ပြီး ပြည်သူနဲ့ ပူးပေါင်းဖို့လည်း PNFC က မတ်လ ၂၄ ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းပါတယ်။ ဒီပဋိပက္ခဟာ စစ်အာဏာရှင်နဲ့ ပြည်သူတွေကြားက ပဋိပက္ခဖြစ်ပြီး ပအိုဝ်းအချင်းချင်းကြား ပဋိပက္ခ မဟုတ်ဘူး လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးမှာ ပအိုဝ်းအမျိုးသားတွေရဲ့ အခန်းကဏ္ဍအရေးကြီးတယ်လို့ ဆိုပါတယ်။

“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပအိုဝ်းအမျိုးသားတွေရဲ့ အခန်းကဏ္ဍက ကြီးမားစွာ ပါဝင်နေတယ်ဆိုတာ အလေးအနက်ထား ပြောကြားချင်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချုပ်ငြိမ်းရေးကို အပြီးသတ် လုပ်ဆောင်နေတဲ့ နွေဦးတော်လှန်ရေးနဲ့ အတူ ပီပြင်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးကို ရရှိပိုင်ဆိုင်ကြဖို့ ဖြစ်ပါတယ်။ အဲဒီအတွက် လူမျိုးစု အားလုံးပေါင်းစည်းရေးနဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးဟာ တပ်ပေါင်းစုအသွင်နဲ့ ချီတက်ရေးကို ရှေးရှုဖို့ လိုပါတယ်"

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က ဆီဆိုင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် တွေ့ရစဉ်။ (Photo: PNLA News & Information Department)
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က ဆီဆိုင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် တွေ့ရစဉ်။ (Photo: PNLA News & Information Department)

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်ကတော့ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရာမှာ ပါဝင်သွားမယ်လို့ ပြောပါတယ်။

"အာဏာရှင်စနစ်ကို ပျောက်ပျက်သွားအောင် တိုက်ခိုက်တဲ့ နေရာမှာ ခွာပြီးသတ်မယ်ဆိုရင်တော့ သွေးထွက်သံယိုမှု ရှိမယ်။ ပူးပြီးသတ်မယ်ဆိုရင်တော့ အာဏာရှင်စနစ် တစ်စုံတစ်ရာ ချုပ်ငြိမ်းပြီးတော့ သွေးထွက်သံယို နည်းမယ်။ ဒီလိုမျိုး ရည်မှန်းထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးပူးသတ်ဖို့ လုပ်တဲ့အခါမှာ ကျွန်တော်တို့လည်းပဲ လုပ်နေရင်း လုပ်နေရင်းနဲ့ အာဏာရှင်စနစ်ကို ကျွန်တော်တို့ သတ်ဖို့ မပြောပါနဲ့ နောက်ဆုံးကျတော့ အာဏာရှင်စနစ်က ကျွန်တော်တို့ကို ပူးသတ်တော့မယ် အခြေအနေကို ရောက်ရှိလာရတယ်။ အဲဒီတော့ NCA ထဲမှာ ကျန်ရှိနေသေးတဲ့ တချို့ အဖွဲ့အစည်းတွေဟာလည်းပဲ ရန်သူကို ပူးသတ်မယ်ဆိုတဲ့ အတွေးအခေါ်က လက်တွေ့မကျတော့ဘူး။ စိတ်ကူးယဉ်ဆန်ပါတယ်။ အဲဒီတော့ ခွာပြီးအာဏာရှင်စနစ်ကို သတ်တာက အဆင်ပြေပါလိမ့်မယ်လို့ ပြောကြားချင်ပါတယ်"

စစ်ကောင်စီနဲ့ PNLO အကြား တိုက်ပွဲတွေဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ စတင်ခဲ့တာပါ။ ဒီမတိုင်ခင် စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ခဲ့ပေမယ့် အဖြေမရခဲ့ဘူးလို့ PNLO က မတ်လ ၂၄ ရက်မှာပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ စာရင်းတွေအရ စစ်ကောင်စီနဲ့ PNLO တို့ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဇန်နဝါရီလ ၂၁ ရက်နောက်ပိုင်း ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ်တွေအတွင်း လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄၉ ဦးသေဆုံးပြီး ၆၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။