YBS အမောင်းကြမ်းမှုကို ထိန်းချုပ်ပေးဖို့ ခရီးသည်တွေလိုလား
2020.06.11
ရန်ကုန်မြို့မှာ ဘတ်စ်ကားစီးသူ နေ့စဉ် သိန်းနဲ့ချီ ရှိနေပါတယ်။ ဒီလဆန်းပိုင်း လမ်းကြောင်းပြောင်းပြန် မောင်း လာတဲ့ ဘတ်စ်ကားတစ်စီးကြောင့် လူသုံးယောက် သေဆုံးခဲ့ပြီးနောက် ဒီလိုအဖြစ်တွေ ထပ်မဖြစ်အောင် စည်းကမ်းတင်းကြပ်ဖို့ ခရီးသည်တွေက လိုလားကြပါတယ်။
ရန်ကုန်မြို့ ဒေသခံတွေအတွက် ဘတ်စ်ကားစနစ်ကို ပြုပြင်ပြောင်းလဲခဲ့တာ သုံးနှစ် ကျော်လာပါပြီ။ တချို့ ယာဉ်လိုင်းထဲက ဘတ်စ်ကားတွေ ခရီးသည် ပိုရအောင်၊ ခေါက်ရေအမြန်ပြည့်အောင် ယှဉ်ပြိုင်မောင်းနှင်ကြရာ ကနေ ယာဉ်တိုက်မှုတွေဖြစ်ပြီး ခရီးသည် သေဆုံး၊ ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။
“သေချာ ကြပ်ကြပ်မတ်မတ် ဖြစ်စေချင်တယ်။ အန်တီ့ရဲ့သားနဲ့သမီးလို ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး။ အဲဒီလိုအဖြစ်မျိုးလည်း မဖြစ်ကြပါစေနဲ့လို့။ မိဘကိုလုပ်ကျွေးတဲ့ သားသမီးတွေပါ။ အဲဒါမျိုးတွေ မဖြစ်ကြ ပါစေနဲ့”
ဒါကတော့ ဇွန် ၂ ရက်နေ့က လမ်းပြောင်းပြန်မောင်းလာတဲ့ YBS ယာဉ်လိုင်းအမှတ် ၄၀ က ဝင်တိုက်လိုက်တဲ့ အငှားယာဉ်ထဲမှာ ကွယ်လွန်သွားကြတဲ့ ခရီးသည် မောင်နှမနှစ်ယောက်ဖြစ်တဲ့ မနှင်းဝေနဲ့ ကိုရဲနောင်ထွန်းရဲ့မိခင် ဒေါ်အေးအေးဝင်း ပြောသွားတာပါ။ သူတို့နှစ်ယောက်ဟာ ကွမ်းယာရောင်း၊ ဆိုက်ကားနင်းပြီး မိဘနှစ်ပါးကို ရှာကျွေးကြသူတွေပါ။ အဲဒီယာဉ်တိုက်မှုမှာ Taxi မောင်းသူလည်း သေဆုံးခဲ့ရပါတယ်။ တက္ကစီယာဉ်မောင်းရဲ့ အမျိုးသမီး မသင်းသင်းအေးကတော့ ထင်မှတ်မထားတဲ့ ဖြစ်ရပ်ဆိုးကြောင့် အံ့အားသင့်နေဆဲဖြစ်ပြီး ယုံကြည် လက်ခံရခက်ခဲနေပါတယ်။
“ကျမ ကိုယ့်ယောကျ်ားကို သေတယ်လို့လည်း မထင်ဘူး။ အလောင်းက ရေခဲတိုက်ထဲကို သယ်သွားတယ် ဆိုတော့လည်း ကိုယ့်မှာ မယုံကြည်ဘူး။ အခုချိန်ထိကို လက်မခံနိုင်သေးဘူး”
ကလေး နှစ်ယောက်ဖခင် အိမ်ထောင်ဦးစီး ရုတ်တရက် ကွယ်လွန်သွားတာကြောင့်လည်း မိသားစုတစ်ခု မျှော်လင့်ချက်တွေ ပျောက်ကွယ်ခဲ့ရပါပြီ။
YBS ဘတ်စ်ကားခရီးသည် ကိုလင်းထွဋ်က သုံးဦး သေဆုံးရတဲ့ ယာဉ်တိုက်မှုသတင်း ကြားလိုက်ရပြီး ကိုယ့် မိသားစုအတွက် စိတ်ပူမိတယ်လို့ ပြောပါတယ်။
“မိသားစုတွေအတွက် မကောင်းဘူးပေါ့။ ကိုယ်က တစ်ယောက်တည်း ရှာကျွေးနေရတာဆိုတော့ နောက်မှာ မိသားစုကို ရှာကျွေးမယ့်သူ မရှိမှာကို စိုးရိမ်တာ”
ကျမကိုယ်တိုင်လည်း YBS စီးပြီး အလုပ်ဆင်း၊ အိမ်ပြန်ရတဲ့သူပါ။ အဲဒီလိုအပြိုင်မောင်းတာ၊ မီးနီဖြတ်တာ၊ လမ်းကြောင်း ပြောင်းပြန်မောင်းတဲ့ ယာဉ်ပေါ်မှာ စီးခဲ့ဖူးသလို လမ်းကြောင်းပြောင်းပြန်မောင်းတဲ့ ယာဉ်နဲ့လည်း တိုက်မိမလို ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒါက ကျမတစ်ယောက်တည်း ကြုံတွေ့ခဲ့ရတာ မဟုတ်ပါဘူး။
YBS ကားတွေ အပြိုင်မောင်းလို့ ကိုယ်သွားချင်တဲ့ မှတ်တိုင်မရောက်ခင် ဆင်းခဲ့ရတယ်လို့ ခရီးသည် အမျိုးသမီး တစ်ယောက်က ပြောပါတယ်။
“တခါတလေ အလုပ်သွားတဲ့အခါ သူတို့က ကားပြိုင်တာတွေ ရှိတယ်လေ။ အဲဒီလိုပြိုင်နေပြီ၊ အရမ်းမောင်း နေပြီဆိုရင်တော့ ညီမက နောက်တစ်မှတ်တိုင်ဆို ဆင်းလိုက်တယ်။ ဘုရားစာတွေဘာတွေ ရွတ်ရတာပေါ့။ ကြောက်လို့လေ”
ယာဉ်စည်းကမ်း မလိုက်နာတာ၊ ခရီးသည်တွေကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာ၊ အုပ်စုဖွဲ့ ရန်ဖြစ်တတ် တာတွေနဲ့ နာမည်ကြီးတဲ့ ယာဉ်မောင်းတွေ၊ စပယ်ယာတွေကို စီမံခန့်ခွဲရတဲ့ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ရန်ကုန်တိုင်းအစိုးရက ၂၀၁၇ ဇန်နဝါရီက ဖျက်သိမ်းပြီး YBS ဘတ်စ်ကားစနစ်ကို ပြောင်းခဲ့တာပါ။ လေအေးပေးစက်တပ် ယာဉ်အသစ်တွေကြောင့် စီးနင်းရသူ သက်တောင့် သက်သာ ဖြစ်လာပါတယ်။ YBS ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်မှာ စည်းကမ်းပိုင်း အားနည်းတာတွေလည်း ရှိနေတယ်လို့ Power Eleven ကုမ္ပဏီ ဒါရိုက်တာ ဦးသက်တင်ဝင်း (ခေါ်) ဦးတရုတ်လေးက ပြောပါတယ်။
“ပြေးဆွဲတဲ့အထဲမှာ တစ်ဝက်လောက်ပဲ အများပိုင်ကုမ္ပဏီကားတွေ၊ တစ်ဝက်က တစ်ဦးချင်းပိုင်ရှင်ကားတွေ၊ အဲတော့ အများပိုင်ကုမ္ပဏီကားနဲ့ တစ်ဦးချင်းပိုင်တွေ အပြိုင်အဆိုင် မောင်းနေရတုန်းပဲ။ အဲတော့ ဘယ်လို ကာကွယ်မလဲဆိုတဲ့အခါ တမြို့လုံးမှာရှိတဲ့ ဘတ်စ်ကားတွေကို အများပိုင်ဖြစ်အောင် ကြီးကြပ်ရမှာ။ ဒီလို ကြီးကြပ်ဖော်ဆောင်ရင် အခုလိုဖြစ်စဉ်တွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။”
YBS အစပြုတဲ့ ၂၀၁၇ ခုနှစ်မှာပဲ YBS နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိလို့ ၁ဝ ဦး သေဆုံးပြီး ၃ဝ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။ နှစ်ကုန်ပိုင်းမှာလည်း လမ်းဖြတ်ကူးတဲ့ အမျိုးသမီးကြီးတဦးကို ဘတ်စ်ကားဝင်တိုက်လို့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာတော့ ဘတ်စ်ကား ဝင်တိုက်တဲ့အတွက် ကျောင်းကြိုပို့ကားထဲက ကလေး ၁၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ဘတ်စ်ကားတွေကို ကြီးကြပ်ထိန်းသိမ်းရေးအကြောင်း သိရဖို့ တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ဆီကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ YRTA တွဲဘက် အတွင်းရေးမှူး ဦးလှအောင်ကတော့ ယာဉ်တိုက်မှုတွေ လျော့နည်းအောင် ကြိုးစားပါ့မယ်လို့ ပြောပါတယ်။
“အားလုံးအတွက် ကြိုးစားသော်လည်း ကျနော်တို့ရဲ့အားနည်းချက်ကြောင့် ဒီဖြစ်စဉ်သည် အများရဲ့ပြောစရာ ဖြစ်ပါတယ်။ ဒီအတွက်လည်း YRTA အနေနဲ့ စိတ်မကောင်းပါဘူး။ ကျနော်တို့ရဲ့တာဝန်ဖြစ်တဲ့ ယာဉ်မတော် တဆမှု ကျဆင်းရေးကိုလည်း တတ်စွမ်းသမျှ ဆောင်ရွက်သွားဖို့ ကြိုးစားသွားမယ့်အကြောင်းကိုတော့ တင်ပြပါရစေ”
YBS ယာဉ်မောင်းတွေထဲမှာလည်း စိတ်ရှည်ပြီး လမ်းကြောင်းမှန် မောင်းသူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ YBS ယာဉ်မောင်းတွေဟာ ပြောဆိုခံဖြစ်နေရပါပြီ။ YBS အမှတ် ၁၀ လိုင်းက ကိုရန်နိုင်က မောင်းချင်တဲ့စိတ်တောင် ပျောက်မိတယ်လို့ ပြောပါတယ်။
“ကျနော်တို့ တကယ်တမ်း စည်းကမ်းနဲ့အညီ မောင်းနေတဲ့သူကျတော့ ဝါးလုံးရှည်နဲ့ သိမ်းကြုံးပြီး ပြောခံရတာပေါ့လေ။ ပွင့်ပွင့်လင်းလင်းပြောရရင် မောင်းချင်စိတ်တောင် မရှိတော့ပါဘူး။ ရတာနဲ့က မကာမိတဲ့အခါကျတော့လေ။ ကျနော်တို့က ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ အညီမောင်းပါတယ်။ တချို့ကြတော့ YBS က အကုန်က ကုမွဏီပိုင်တော့ မဟုတ်ဘူးလေ။ Owner နဲ့မောင်းတဲ့သူတွေကျတော့ လူရမှ ပိုက်ဆံရမှာဆိုတော့ အဲလို ပြိုင်မောင်းတာတွေ ရှိမှာပေါ့။”
စည်းကမ်းမဲ့ယာဉ် တစ်စီးကြောင့် ထိခိုက်ခဲ့ရတဲ့ မနှင်းဝေ၊ ကိုရဲနောင်ထွန်းတို့ရဲ့မိခင် ဒေါ်အေးအေးဝင်းလို၊ တက္ကစီယာဉ်မောင်းရဲ့ ဇနီး မသင်းသင်းအေးတို့လို ဝမ်းနည်းစရာဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့အတွက် အစိုးရအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ လုပ်ဆောင်ပေးစေချင်တယ်လို့ ကာယကံရှင် မိသားစုဝင်တွေနဲ့ ခရီးသည် တွေက ပြောကြပါတယ်။