ယင်းမာပင်ခရိုင်မှာ တော်လှန်ရေးအဖွဲ့တွေ NUG လက်အောက် ဝင်ရောက်မှုများလာ
2022.11.29

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန (NUG- MOD) က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တပ်ရင်းတပ်ဖွဲ့အနေနဲ့ သတ်မှတ်ဖွဲ့စည်းနေပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ ကိုယ်ထူကိုယ်ထတည်ထောင်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေလည်း တဖြည်းဖြည်းနဲ့ NUG ကာကွယ်ရေးဌာနလက်အောက်ခံတပ်တွေ ဖြစ်လာနေပါတယ်။
“တော်လှန်ရေးကြာရတဲ့အကြောင်းရင်းက လက်နက်အင်အားကြောင့် ကြာနေရတယ်။ လက်နက်အင်အားသာ တပ်ဆင်ပေးနိုင်ရင် ၉၉ ရာခိုင်နှုန်းလောက် အောင်မြင်မှုရလာမယ်”
ဒါပေမဲ့ အဲဒီတပ်ဖွဲ့တွေအနေနဲ့ တပ်ဖွဲ့ဝင်ရှိသလောက် ခေတ်မီလက်နက်တွေ မကိုင်နိုင်သေးတဲ့အကြောင်း ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၆ တပ်ရင်းမှူးက ပြောပြပါတယ်။
“ဒီဘက်မှာ တပ်ဖွဲ့အခြေအနေကတော့ ယင်းမာပင်တပ်ရင်း - ၁၆ အင်အားကတော့ အတော်ကြီးပါတယ်။ ရဲဘော်တွေရှိပေမယ့် တပ်ဖွဲ့အမှတ်ချထားပေးပေမယ့် လက်နက်အင်အားတော့ မရသေးပါဘူး။ တပ်ရင်းအတည်မပြုခင်တုန်းက ကျွန်တော်တို့တွေ ရရာလက်နက်နဲ့ပဲ တွန်းလှန်ခဲ့သေးတာ။ လက်နက်အင်အားမစုံလင်ပေမယ့်လည်း ဆက်လက်တိုက်ခိုက်နေပါတယ်။ လက်လုပ်ခါးချိုးတွေနဲ့ တိုက်ပွဲဝင်ရတာ အတော်ခက်ခဲပါတယ်။ မိုးရာသီတွေမှာ တအားခက်ခဲတယ်။ ခေတ်မီလက်နက်တွေကို ရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင် ကျွန်တော်တို့ လေးရာခိုင်နှုန်းလောက်ပဲ ရှိတာပေါ့နော်။ ကျွန်တော်တို့မှာ အင်အား ၃ဝဝ ကျော်ရှိတယ်။ သေနတ်တစ်လက်ကို ၁၀ ယောက်လောက် ဝိုင်းကိုင်နေရတဲ့ပုံစံမျိုး ဖြစ်နေတယ်”
တပ်ရင်း ၁၆ လက်အောက်ခံ တပ်ခွဲ-၃ တပ်ခွဲမှူးဟာ အရင်က သမန်းကျားနာမည်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ အခုတော့ NUG- MOD ရဲ့တပ်ရင်းမှာ တပ်ခွဲမှူး ဖြစ်လာပါတယ်။ သူ့တပ်ခွဲမှာလည်း ကိုယ်ထူကိုယ်ထအစီအစဉ်နဲ့ပဲ လက်နက်ကိုင်နေရသေးတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ အစပိုင်းက တူမီးလေးတွေနဲ့စခဲ့တာ။ တူမီး ခုနစ်လက်ရှိတယ်။ တူမီး ခုနစ်လက်ကနေ ရုန်းကန်ရင်းနဲ့ ကိုယ်တွေအလုပ်လုပ်တာသိလာတော့ ပြည်သူတွေ လှူကြတန်းကြတာလေးနဲ့ တစ်တောင့်ထိုးလေးတွေ အိန္ဒိယရှော့ဂန်းကျည်လေးတွေနဲ့တိုက်ရတာပေါ့။ အခုလဲ ဒီတိုင်းပါပဲ။ ကျွန်တော်တို့မှာ သေနတ်အစစ်ဆိုတာ ဘယ်လိုဘယ်အကြောင်းမှ မသိသေးဘူး။ လက်နက်အင်အားကတော့ လက်နက်ကြီးရှော့ဒုံးတွေ ဘာတွေရှိတာပေါ့။ ၆ဝ တို့ ဘာတို့၊ လက်နက်ငယ်ကတော့ M-16 တစ်လက်နဲ့ အိန္ဒိယရှော့ဂန်းနဲ့တူမီးနဲ့ဆိုရင် အလက် ၇ဝ လောက်ရှိတယ်”
NUG ကာကွယ်ရေးဝန်ကြီးဌာနမှာ တပ်ဖွဲ့အဖြစ်ပါဝင်ဖို့ လျှောက်ထားတုန်းဖြစ်တဲ့ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့မှာရှိတဲ့ SRA အဖွဲ့ရဲ့ ကိုဂျိတ်ကလည်း သူတို့အဖွဲ့ရဲ့အခြေအနေကို ပြောပြပါတယ်။
“ကျွန်တော်တို့ ရဲဘော်အင်အားက ၅၆ ယောက်ရှိတယ်။ တိုက်ပွဲဝင်တဲ့နေရာမှာ ကျွန်တော်တို့ လက်နက် ကတော့ အိန္ဒိယလက်နက် ၁၀ လက်လောက်ပဲရှိတာ။ ကျန်တာကတော့ တူမီးပဲရှိတာ။ စုစုပေါင်း ၁၃ လက်ပဲရှိတာ။ ဒါက ကျွန်တော်တို့ပိုက်ဆံနဲ့ ရွာထဲကလှူဒါန်းတဲ့ ပိုက်ဆံတွေနဲ့ လုပ်ထားရတာ။ ကျွန်တော်တို့မှာ ရဲဘော်အင်အားသာရှိတာ။ လက်နက်အင်အားကမရှိဘူး”

“အန္တရာယ်ကတော့ အတော်များတယ်။ မရှိပေမယ့်လည်း စိတ်ဓာတ်နဲ့ တွန်းလှန်တာဆိုတော့ မရှိရှိတာနဲ့ သွားရတာပဲ။"
ကာကွယ်ရေးအဖွဲ့ဝင်တွေဟာ လက်လုပ်သေနတ်တွေနဲ့ပဲ တိုက်ပွဲဝင်နေကြတာပါ။ သူတို့ကိုင်တဲ့ လက်လုပ်သေနတ်တွေ ထုတ်လုပ်တာနဲ့လက်လုပ်သေနတ်တွေရဲ့ အားနည်းချက်ကို တပ်ခွဲမှူး ကိုမဲကြီးက ပြောပြပါတယ်။
“တစ်လက်လုပ်ဖို့ဆိုရင် ၁ဝ ရက် ၁၅ ရက်လောက်အချိန်ပေးရတယ်။ အကုန်အပြီးအစီးဆိုရင် တစ်လက်ကို တစ်သိန်းရှစ်သောင်း၊ ကိုးသောင်းလောက်ကျတယ်။ သူက တူမီးထက်စာရင်တော့ မိုးရွာထဲလည်း ပစ်လို့ရတယ်။ အဲဒီတစ်ခုကတော့ ကောင်းတယ်။ အန္တရာယ်ကတော့ လုပ်ရတဲ့အချိန်မှာ အတော်သတိထားရတယ်။ တစ်ခါတလေ ပစ်တဲ့အခါ ပွင့်ထွက်ပီး ဒီကိုလာမှန်တာမျိုးတွေ ၊ မျက်နှာမှန်တာမျိုးတွေ ကျွန်တော်တို့ မဟာမိတ်အဖွဲ့ထဲမှာ နှစ်ဖွဲ့သုံးဖွဲ့လောက်မြင်ဖူးတယ်။ ဒီနေရာတွေ ပါးလွန်းရင် Safe မဖြစ်ဘူး (မလုံခြုံဘူး) ရယ်။ ကျည်ကရှေ့မထွက်ဘဲ နောက်ပြန်ကန်တာတွေ ဖြစ်တတ်တယ်။ အန္တရာယ်ကတော့ အတော်များတယ်။ မရှိပေမယ့်လည်း စိတ်ဓာတ်နဲ့ တွန်းလှန်တာဆိုတော့ မရှိရှိတာနဲ့ သွားရတာပဲ။ သူ့ကျတော့ အိန္ဒိယရှော့ဂန်းကျည်နဲ့ပေါ့။ ဒါဆိုရင် ခုနှစ်ထောင်၊ အစပိုင်းတုံးကဆို ခြောက်ထောင်လောက်ပဲရှိတာ။ အခုတော့ ပစ္စည်းကရှားလာပြီ။ ဝယ်ရတာလည်း ခက်ခဲတော့ ခုနှစ်ထောင် ရှစ်ထောင်"

လက်လုပ်သေနတ်တွေဟာ ခေတ်မီစက်ကိရိယာတွေနဲ့ ထုတ်လုပ်ထားတာမဟုတ်လို့ တစ်ခါတစ်ရံမှာ ပစ်တဲ့သူကို အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခေတ်မီမောင်းပြန်သေနတ်တွေ မရသေးတဲ့တပ်ဖွဲ့တွေကတော့ သူတို့ရဲ့လက်လုပ်သေနတ်တွေနဲ့ပဲ စစ်ကောင်စီတပ်တွေကို ရင်ဆိုင်တိုက်ပွဲဝင်နေတယ်လို့ ပြောပြပါတယ်။
“သူတို့က အာဏာရဖို့နဲ့ ငတ်ကြီးတကျ ပိုက်ဆံရှာဖို့ပဲ သိတာလေ။ သူတို့ကျွန်တော်တို့လောက် သတ္တိမရှိဘူး။ ကျွန်တော်တို့က ဂန်း (သေနတ်) အစစ်တွေကိုလည်း မျှော်တော့ မျှော်လင့်တာပေါ့။ ကျွန်တော်တို့က ဂန်းအစစ်နဲ့မတိုက်ရလည်း အိန္ဒိယရှော့ဂန်းတွေနဲ့ တစ်တောင့်ထိုးတွေနဲ့ တူမီးတွေနဲ့ တိုက်ရဲတယ်။ ကျွန်တော်တို့အဖွဲ့က တူမီးလေးငါးချက်ပစ်လိုက်ပြီဆိုရင် ဒီကောင်တွေ တအားကြောက်တာပြာလို့။ ကျွန်တော်တို့မှာ ဂန်း ပြည့်ပြည့်စုံစုံ၊ အလက်၂၀ လောက်ချပေးလိုက်၊ ဒီကောင်တွေ ၁၀၀ လာလည်း ဂရုမစိုက်ဘူး။ ၂၀၀ လာလည်း ဂရုမစိုက်ဘူး။ အခုက ဂန်းမရှိတဲ့အတွက် မလိုအပ်ဘဲ ကလေးတွေ ဆုံးရှုံးမှာကို ထိန်းရတာပေါ့။”
ယင်းမာပင်ခရိုင်တပ်ရင်းမှူးနဲ့ တပ်ခွဲမှူးကတော့ သူတို့ကို ခေတ်မီလက်နက်တွေသာတပ်ဆင်ပေးခဲ့ရင် ရာနှုန်းပြည့်နီးပါးအောင်မြင်လာမယ်လို့ ပြောပါတယ်။
“တော်လှန်ရေးကြာရတဲ့အကြောင်းရင်းက လက်နက်အင်အားကြောင့် ကြာနေရတယ်။ လက်နက်အင်အားသာ တပ်ဆင်ပေးနိုင်ရင် ၉၉ ရာခိုင်နှုန်းလောက် အောင်မြင်မှုရလာမယ်။ ကျွန်တော်တို့အောက်ကလည်း သူတို့ပြောတဲ့စည်းကမ်းတွေကို ကျွန်တော်တို့ ရဲဘော်တွေ အကုန်လိုက်နာတယ်။ စစ်ခွေးတွေထက်ကို ပိုပြီးစိတ်ဓာတ်စည်းကမ်း ပြည့်ပြည့်ဝဝလိုက်နာတယ်။ သူတို့သာ လက်နက်ချပေးကြည့်လိုက်။ နှစ်လမကြာဘူး။ ဒီခရိုင် ဒီမြို့နယ်အတွင်းမှာ ကျွန်တော်တို့အပိုင်သိမ်းနိုင်မှာ”

ဒေသအသီးသီးက စစ်ကောင်စီကို တော်လှန်နေကြတဲ့တပ်ဖွဲ့တွေကို လက်နက်တွေ တပ်ဆင်ပေးလိုက်ရင် တော်လှန်ရေးပြီးသွားတဲ့အခါ လက်နက်တွေ ပြန်မအပ်ဘဲ ထင်ရာစိုင်းကြမှာကိုလည်း တချို့လူတွေ စိုးရိမ်ပူပန်ကြတာမျိုး ရှိနေပါတယ်။ အဲဒီလို စိုးရိမ်မှုနဲ့အတွက် ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ ရဲ့ တပ်ရင်းမှူးက သူ့ရဲ့အမြင်ကို အခုလိုပြောပြပါတယ်။
“တော်လှန်ရေးကြီးပြီးသွားရင် လက်နက်ကြောင့် ပြဿနာဖြစ်နိုင်လားဆိုတော့ ကျွန်တော်တို့ကတော့ မဖြစ်နိုင်ဘူးဗျ။ ရဲဘော်တွေစိတ်ထဲမှာက စစ်အာဏာရှင်စနစ်ဆိုးကြီးကို တိုက်ခိုက်ဖို့ပဲဖြစ်တဲ့အတွက်ကြောင့် သူတို့က တော်လှန်ရေးကြီးပြီးသွားရင် ပုံမှန်အတိုင်းသွားလာနေထိုင်ကြမယ်။ နောက်သူတို့က ဒီလက်နက်ကိုတောင် ပြန်အပ်မယ်။ အစိုးရက ကောင်းနေတယ်ဆိုရင် ကျွန်တော်တို့က လက်နက်တွေအပ်ဖို့ ဝန်မလေးပါဘူး။”