ဖြေရှင်းရခက်တဲ့ ဖားကန့်မြေပြိုမှု ပြဿနာ

ခင်မောင်စိုး
2020.07.02

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဝှေခါကျေးရွာမှာ ဇူလိုင် ၂ ရက်  မနက်က မြေစာပုံ ပြိုကျတဲ့အတွက် ရေမဆေးကျောက်တူးသမား နှစ်ရာဝန်းကျင် မြေစာပုံပိပြီး သေဆုံးခဲ့ပါတယ်။

မနေ့က ညနေအထိ  သေဆုံးသူ ၁၆၂ ဦးရဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီလို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီကိစ္စဘာကြောင့် ဘယ်လိုဖြစ်ခဲ့သလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာက ကျောက်စိမ်းကုမ္ပဏီတွေ  စွန့်ပစ်ထားတဲ့ မြေစာပုံတွေရှိတဲ့နေရာကို  ပြန်ရောင်းစားဖို့ ကျောက်အစအန လာရောက်ရှာဖွေသူတွေဟာ မနေ့ မနက် ၂ နာရီလောက်ကတည်းက ရောက်ရှိပြီး ကိုယ့်အကွက်နဲ့ကိုယ်နေရာယူ လုပ်ကိုင်ခဲ့ကြပါတယ်။

အဲဒီ ရေမဆေးကျောက်ရှာဖွေသူတွေဟာ မြေပြိုမယ့်လက္ခဏာတွေကို သတိမမူခဲ့ကြဘူးလို့  ကချင်ပြည်နယ် သယံဇာတနဲ့ ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဦးဒါရှီလဆိုင်းက RFA ကိုပြောပါတယ်။

“၆  နာရီခွဲကစ မြေက စလှုပ်လာတာ လူတွေက သတိမထားမိဘူး၊ ၈ နာရီကျော်လောက်မှာ မြေက အလုံးအရင်းနဲ့ slide ဖြစ်လာပြီး အောက်မှာရေကန်ရှိတာ အဲဒီရေကန်ထဲ မြေအလုံးအရင်းနဲ့ထိုးကျတော့ ဆူနာမီဖြစ်သလိုဘဲ ရေလှိုင်းက  ပေ ၅ဝ ကျော် တက်သွားပြီးတော့မှ အဲဒီဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ ရေမဆေးကျောက်တူးဖော်နေတဲ့သူတွေကို အကုန်လုံးရေနဲ့ဆွဲရိုက်သွားပြီး အခုလိုဖြစ်ရပ်ဆိုးဖြစ်ရတာ”

မြေစာပုံစွန့်ပစ်တဲ့ ကုမ္ပဏီတွေမှာ တာဝန်တစုံတရာရှိသလို ရေမဆေးကျောက်ရှာသူတွေကို  အသိပညာပေးဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။

“ကုမ္ပဏီတွေအနေနဲ့ကတော့ safety အနေနဲ့ ဆိုင်ရာတွေအတွက် သူတို့လုပ်ငန်းခွင်မှာ လုပ်တာရှိပါတယ်။ နောက်ပြီးကျနော်တို့ သက်ဆိုင်ရာတွေကလည်း အချိန်နဲ့တပြေးညီ လိုက်နာဆောင်ရွက်ဖို့ပြောတယ်။ သို့သော်လည်း ဒီလိုက်နာမှုပိုင်းဆိုင်ရာမှာ ဘယ်လိုအားနည်းမှု ရှိသလဲဆိုရင် ဒီလုပ်ငန်းခွင်ပြီးသွားတဲ့အခါ လုပ်ငန်းခွင်ကိုစနစ်တကျ ပြန်ပြီးမှ သိမ်းဆည်းနိုင်တာမရှိဘူး။  အဲဒီဒေသမှာ အန္တရာယ်ရှိသည်ဆိုတာမျိုး ကျနော်တို့က တောက်လျှောက် ဆိုင်းဘုတ်ကပ်ထားပေးတယ်။ ဘာတွေဆောင်ရွက်ရင် ကောင်းမလဲဆိုတော့ အဲဒီမှာရှိတဲ့လူတွေကို အသိအမြင် ဖွင့်ပေးဖို့လိုမယ်၊ နောက်ပြီး သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ပိုပြီးရရှိအောင် လုပ်ပေးဖို့လိုမှာ”

ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဒွဲဘူကတော့ ဒီကိစ္စအတွက်  ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရမှာပါ တာဝန်ရှိတယ်လို့ ပြောပါတယ်။

“နှစ်တိုင်းလည်းဖြစ်နေတယ် တချိန်လုံးလည်း ဖြစ်နေတယ် အန္တရာယ် ဒီလောက်ရှိတဲ့ဟာကို ဒီလိုထားတာ ကျမအရမ်းအံ့သြတယ်။ လုပ်ပိုင်ခွင့်က  ပြည်ထောင်စုမှာရှိတယ်။ ပြည်ထောင်စုကလည်း နီးနီးကပ်ကပ် မကြီးကြပ်နိုင်ဘူး။ ပြည်နယ်အစိုးရမှာတော့ လုပ်ပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ ပြည်နယ်အစိုးရကလည်း သူ့ရဲ့လုပ်ရမဲ့အလုပ်ကို ကြပ်ကြပ် မတ်မတ် လုပ်သင့်တာပေါ့နော်။ ငါတို့လုပ်ပိုင်ခွင့်မရှိဘူးဆိုပြီး မထားသင့်ဘူးထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ပြည်သူတွေ ဒီလောက်အတုံးအရုံး သေတဲ့ကိစ္စမှာတော့ ပြည်နယ်အစိုးရရော ပြည်ထောင်စုအစိုးရရော တာဝန်ရှိတယ်။ နောက်ထပ်မဖြစ်ရအောင်လဲ ကာကွယ်ဖို့လိုတယ်။ ခုတော့ လူတွေသေတာနဲ့မတူပါဘူး။ ကြက်ကလေး ဝက်ကလေးတွေ သေရင်တောင်မှ ဒီလိုမျိုး ရာဂဏန်းနဲ့ချီပြီး သေလာရင်တော့ ကပ်ရောဂါသဘောမျိုး သတိထားရတဲ့အနေအထား၊ ခုက ကြက်တွေဝက်တွေ မဟုတ်ဘူး။ လူတွေဖြစ်နေတာ၊ ကိုယ့်ပြည်သူတွေ ဒီလိုဖြစ်တဲ့ဟာကို အစိုးရက ဝမ်းနည်းတယ်ဆိုတာမျိုး ရှိသင့်ပါတယ်။ ကျမတို့ကတော့ အင်မတန်ဝမ်းနည်းပါတယ်ရှင့်”

ဦးဒါရှီလဆိုင်းက အရေးယူဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်လို့ ဆိုပါတယ်။

“ဥပဒေ ချိုးဖောက်လို့ဖမ်းမယ်ဆိုရင် ထောင်ကဆန့်မယ် မထင်ဘူး။ ကျနော်တို့ပြောဖို့လွယ်တာပေါ့။ ကျနော်တို့နိုင်ငံကလဲ လက်ရှိအခြေအနေမှာ ဒီမိုကရေစီကူးပြောင်းရေးစနစ်ကို သွားနေတယ်ဆိုတော့ ကျနော်တို့က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သလို  တဖက်မှာလဲ ပြည်သူတွေက ကျနော်တို့နိုင်ငံသူ နိုင်ငံသားတွေဖြစ်တယ်။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေကို   စည်းမျဉ်းစည်းကမ်းတွေ တအားတင်းကြပ်လိုက်ရင် မလိုလားအပ်တဲ့အန္တရာယ်တွေ မဖြစ်ပေါ်နိုင်ဘူးလို့ ဘယ်သူမှပြောမရဘူး”

ဖားကန့်ဒေသမှာ ၂ဝ၁၆ ကနေ ပြီးခဲ့တဲ့ မေလအထိ မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာသူ ၄၇၇ ဦး သေဆုံးခဲ့ပြီး မနေ့က နောက်ဆုံးသေဆုံးသူဦးရေနဲ့ ပေါင်းရင် ၇ဝဝ ဝန်းကျင် ရှိပါပြီလို့ ဝန်ကြီး ဦးဒါရှီလဆိုင်း ကပြောပါတယ်။ မိုးရာသီအတွင်း မြေပြို သေဆုံးသူတွေ ထပ်မံပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်ကို ဒေသခံအားလုံးက စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။