ပအိုဝ်းတိုင်းရင်းသားတွေ နွေဦးတော်လှန်ရေးမှာ ဘာတွေလုပ်နေသလဲ

ခင်မောင်စိုး
2023.01.23
ပအိုဝ်းတိုင်းရင်းသားတွေ နွေဦးတော်လှန်ရေးမှာ ဘာတွေလုပ်နေသလဲ လွတ်မြောက်နယ်မြေတစ်နေရာမှ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNDF တပ်ဖွဲ့ဝင်များ။
RFA

သာယာလှပတဲ့ နယ်ခြားဒေသ လွတ်မြောက်နယ်မြေတစ်နေရာက နံနက်ခင်းနေရောင်အောက်မှာ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNDF လက်အောက်ခံတပ်ဖွဲ့တစ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို RFA ပရိသတ်တွေ မြင်တွေ့နေရတာပါ။ ဦးခွန်မြင့်ထွန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNDF ဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့အဖွဲ့ဖြစ်ပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ အပြည့်အဝချိတ်ဆက်လှုပ်ရှားနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

သူတို့ တပ်ဖွဲ့တွေဟာ သထုံနဲ့ ဘားအံဒေသတွေမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေပြီး ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်စပ်တွေမှာတော့ ကရင်နီတပ်မတော် KA တပ်ဖွဲ့တွေနဲ့ လက်တွဲနေပါတယ်။

327067935_738869620903820_2871442647362460914_n.jpg
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNDF ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း။ (Photo: RFA)

RFA က ဒီရက်ပိုင်းရောက်ရှိခဲ့တဲ့နေရာကတော့ နယ်ခြားဒေသတစ်နေရာက PNDF စခန်းငယ်တစ်ခုဖြစ်ပါတယ်။ ဝါးရုံတောတွေ၊ စမ်းချောင်းတွေ ပေါများလှသလို တောင်တက်တောင်ဆင်း မြေနီလမ်းတွေကလည်း ကြမ်းတမ်းလှပါတယ်။ အဲဒီတောတွေ တောင်တွေထဲမှာ ဦးခွန်မြင့်ထွန်း ပါဝင်တဲ့ အဖွဲ့က စစ်ရေးလေ့ကျင့်နေကြတာပါ။ သူတို့အဖွဲ့ဟာ တခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့တစ်ခုနဲ့ အဲဒီဒေသမှာ ပူးပေါင်းနေထိုင်ပြီး လှုပ်ရှားနေကြတာဖြစ်ပါတယ်။

အာဏာရှင်စနစ်ကို အပြီးအပိုင်ဖယ်ရှားမယ့် လက်ရှိတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနီးပါး ပါဝင်နေကြပြီလို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ သူတို့မှာ အခြေအနေအမျိုးမျိုးပေါ်မှာ ရပ်တည်ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးကို တိုက်ရိုက်ပူးပေါင်းဆောင်ရွက်တာ ရှိသလို သွယ်ဝိုက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်တာတွေ ကူညီတာတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါဘာ့ကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေ အားလုံး လိုလားတဲ့ မျှော်မှန်းတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ကော မိမိတို့အမျိုးသားတစ်ခုချင်းရဲ့ ရည်မှန်းချက်ဖော်ဆောင်ဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မူလည်းတူတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက နွေဦးတော်လှန်ရေးမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ တစ်နည်းနည်းနဲ့တော့ ကူညီဆောင်ရွက်နေကြတာ ပူးပေါင်းနေကြတာ ဖြစ်ပါတယ်”

ပအိုဝ်းလူငယ်တစ်ယောက်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါ်မှာ သူတို့ ဆန္ဒပြကြတယ်၊ စစ်တပ်က အကြမ်းဖက် နှိမ်နင်းတဲ့အခါ UG မြေအောက်လှုပ်ရှားမှုစပြီးလုပ်တယ်၊ အဲဒီနောက် လက်နက်ကိုင်တော်လှန်ရေးကို သူရွေးချယ်ခဲ့တာပဲလို့ ကျွန်တော့်ကို ပြောပါတယ်။

“ငါတို့အနေနဲ့ စစ်ကောင်စီကို တော်လှန်ဖို့က UG နဲ့မက လက်နက်ကိုင်တိုက်ပွဲဝင်လို့မှ ရတော့မယ်ဆိုတာကြောင့် ကျွန်တော်တို့ စစ်သင်တန်း သွားရောက်တက်ရောက်တယ်။ တော်လှန်ရေးမှာ ကျွန်တော်တို့အနေနဲ့ ပါဝင်အောင် ဒီတောထဲကို လက်နက်ကိုင် ဝင်ရောက်ခိုလှုံပြီးတော့ စစ်ကောင်စီကို တော်လှန်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေနဲ့ တော်လှန်ရေးမှာ ပါဝင်ရခြင်းဖြစ်ပါတယ်”

သူတို့စခန်းတစ်ဝိုက်မှာ ဝါးပိုးဝါးပင်တွေက လူတိုးမပေါက်အောင် ထူထဲလှပြီး စမ်းချောင်းလေးတွေကလည်း ပေါများလှပါတယ်။ စမ်းရေက ကြည်လင်လှသလို တောင်ပေါ်ဒေသဖြစ်လို့ အေးစိမ့်နေပါတယ်။ မြို့ပြဘဝကို စွန့်လွှတ်ပြီး တောတွေတောင်တွေထဲကို ရောက်ရှိလာတဲ့ လူငယ်တစ်ယောက်ကလည်း တခြားလူငယ်တွေကို သူတို့နဲ့ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်စကားပြောပါတယ်။

“ကျွန်တော်က ရှမ်းပြည်ကလာတာဗျ။ ဒီစစ်အာဏာရှင်ဆိုတဲ့ စနစ်ဆိုးကြီးကို မကြိုက်လို့ တော်လှန်ရေးဆိုတဲ့ လမ်းစဉ်ကို ရွေးလိုက်တာဗျ။ ကျွန်တော့်လို လူငယ်များရှိခဲ့မယ်ဆိုရင်လည်း အချိန်မရွေး လက်တွဲခေါ်ချင်ပါတယ်ဗျ။ ကျွန်တော့် မိဘပြည်သူများလည်း အားတင်းထားကြပါ လို့ပဲပြောချင်ပါတယ်ဗျ။ ကျွန်တော်တို့လည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် အစွမ်းကုန် ဒီစစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ ကြိုးစားသွားပါ့မယ်လို့ ကျွန်တော်တို့ ကတိပြုပါတယ်ဗျ"

ဒီဒေသမှာတော့ ကရင်ပြည်နယ်ဘက်လို ငှက်ဖျားရောဂါ မရှိဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့် ဖြုတ်တွေကတော့ တကယ်များတယ်။ သူတို့နဲ့ အတူတောင်တက်တောင်ဆင်းလမ်းတွေကို လိုက်ပါရင်း ချွေးတော်တော်ထွက်လာတဲ့အတွက် စခန်းတောင်ကုန်းပေါ် ပြန်ရောက်ချိန်မှာ ကျွန်တော်က ဂျာကင်အကျီကို ခဏချွတ်မိပါတယ်။ နာရီဝက်လောက်အတွင်း အကျီလက်ပြတ်ကနေ လွတ်နေတဲ့ တံတောင်ဆစ်၊ လက်မောင်း၊ လက်ဖဝါးတွေကို ဖြုတ်တွေကိုက်တာ လက်နဲ့မနည်းရိုက်ဖြုတ်ရပါတယ်။ ခြေမျက်စိနားက ခြေအိတ်နဲ့ ဘောင်းဘီအစ လွတ်နေတဲ့နေရာပါမကျန် ကိုက်တာပါ။ ချက်ချင်းဆိုသလို ဖြုတ်ကိုက်တဲ့နေရာတွေမှာ အရေပြားယားလာပြီး ယောင်ကိုင်းလာပါတယ်။ တော်လှန်ရေးလူငယ်တွေကတော့ ရိုးနေပါပြီ။

ပထမအစပိုင်းမှာတော့ ဒီလိုအကိုက်ခံရရင် အရမ်းယားတာပဲ၊ အခုတော့ သိပ်မယားတော့ဘူးလို့ ပြောရင်း သူတို့က အဲဒီဖြုတ်တွေကို ကျွန်တော်တို့ဘယ်လိုခေါ်သလဲ သိသလားလို့ မေးပါတယ်။ ဘယ်လိုခေါ်သလဲလို့ ပြန်မေးတဲ့အခါ အာဏာသိမ်းစစ်ခေါင်းဆောင်နာမည်ကို ရေရွတ်ရင်း သူတို့က ရယ်နေကြပါတယ်။ ဘာကြောင့်လဲလို့ ကျွန်တော်ကထပ်ပြီးမေးတဲ့အခါ ....

လူငယ်တစ်ယောက်က သူတခုတောင်းဆိုပါရစေလို့ ကျွန်တော့်ကိုပြောပါတယ်။ ဘာလဲဆိုတော့ ကျွန်တော့်ဇနီးနဲ့ သမီးကို တော်လှန်ရေးပြီးရင် ပြန်တွေ့ရပါ့မလားဆရာတဲ့။

“ကျွန်တော့် မိသားစုနဲ့ ကျွန်တော်ပြန်တွေ့ချင်တယ်ဗျ။ ကျွန်တော့်မိန်းမနဲ့ ကျွန်တော့်သမီးနဲ့ ကျွန်တော်တို့ စတည်ထောင်ခဲ့တဲ့ အတိုင်းပဲ စုစုစည်းစည်းနဲ့ ချစ်ချစ်ခင်ခင်နဲ့ ပြန်နေချင်တယ်။”

ပြန်တွေ့ရမှာပါကွာလို့ ကျွန်တော်က ပြောတယ်။ တကယ်တော့ ကျွန်တော်မသိမှန်း သူလည်း သိပါတယ်။ ဒါပေမဲ့ ကျေးဇူးပဲ ဦးလေးတဲ့။ ညနေစောင်းလာတဲ့အခါ အအေးဓာတ်က သိသိသာသာ တိုးလာပါတယ်။ လူငယ်တွေက မီးလှုံရင်း အိုးကြီးတစ်လုံးနဲ့ ထမင်းချက်ကြတယ်။ တစ်ယောက်က ဂစ်တာတီးပါတယ်။ မီးဖိုက မီးလျှံတွေ ပိုမိုတောက်လောင်လာတဲ့ အချိန်မှာ ပအိုဝ်းသီချင်းတစ်ပုဒ်ကို သူတို့ ဆိုကြတယ်။

327101285_700310704884885_3020158262916714140_n.jpg
Photo: RFA

အဲဒီသီချင်းရဲ့အဓိပ္ပါယ်က အမေနဲ့ အိမ်ကိုလွမ်းတယ်တဲ့။ ပအိုဝ်းသီချင်းတွေပြီးတော့ နာမည်ကျော် မြန်မာသီချင်းတစ်ပုဒ်ကို ဆက်ကြတယ်။

ဂစ်တာတီးတဲ့လူငယ်က ကျောင်းဆရာဘဝကနေ တော်လှန်ရေးသမားဖြစ်လာသူပါ။ တော်လှန်ရေးပြီးရင် ဘာလုပ်မလဲလို့ သူ့ကို ကျွန်တော်က မေးပါတယ်။

“တော်လှန်ရေးပြီးသွားလို့ အိမ်ပြန်ရတဲ့ တစ်နေ့ကျရင် ကျွန်တော့်ရဲ့ အသက်မွေးလုပ်ငန်းဖြစ်တဲ့ ကျောင်းဆရာအလုပ်ကိုပဲ ဆက်လုပ်မလား၊ တော်လှန်ရေးပြီးသွားရင်ပြန်လည် ထူထောင်ရေးကာလရှိသေးတာကိုး အဲ့ဒီအခါကျရင် လူထုအခြေပြုတဲ့ လူမှုရေးလုပ်ငန်းမှာ အားသန်ရင် အားသန်သလို ဆက်ပြီး ပါဝင်ဖို့တော့ရှိပါတယ်။ ဘယ်ဘက်အခြမ်းမှာ ဘာဆက်လုပ်မယ်ဆိုတာ အတည်တကျကြီးတော့ ကျွန်တော်မပြောနိုင်သေးပါဘူး”

ညနက်လို့ လူစုခွဲတဲ့အခါ သူတို့က တဲကြီးတစ်လုံးမှာ စုအိပ်ကြပြီး ကျွန်တော့်ကိုတော့ ကွန်ကရစ်တိုက်သေးသေးတစ်ခုမှာ အိပ်ဖို့ ပြင်ပေးပါတယ်။ သူတို့အကြောင်းစဉ်းစားရင်း ညတာက ရှည်သလို အေးလွန်းတဲ့အတွက် တစ်ညလုံးအိပ်မပျော်ပါ။ မနက်စောစော ကျွန်တော်ထတော့ သူတို့က မီးဖိုဘေးမှာ စုပြီး မီးလှုံနေကြတယ်။ ရေနွေးအိုး တည်သူကတည်။ သူတို့မွေးထားတဲ့ ခွေးမိသားစု တစ်စုကလည်း မီးဖိုဘေးမှာ သူတို့နဲ့အတူ။

သူတို့စခန်းအနီး တောင်ကုန်းတစ်နေရာမှာ NUG အကူအညီနဲ့ဆောက်လုပ်မယ့် ဆေးခန်းနေရာကိုလည်း ကျွန်တော်ရောက်ခဲ့ပါတယ်။ တခြားပြောလို့ မသင့်တဲ့နေရာတချို့လည်း ပါတယ်။ တကယ်တော့ အဲဒီဒေသတစ်ဝိုက်မှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ တော်လှန်ရေးသမားတွေရဲ့ တပ်စခန်းတွေဟာ ဟိုဘက်တောင်ကုန်းနဲ့ ဒီဘက်တောင်ကုန်း တစ်ခုနဲ့တစ်ခု သိပ်ဝေးတာ မဟုတ်တဲ့အတွက် လက်နက်ကြီးနဲ့ပစ်ရင် လက်လှမ်းမီတဲ့နေရာတွေဖြစ်ပါတယ်။

327044260_2318215231690931_8599171311935671826_n.jpg
Photo: RFA

တော်လှန်ရေးသမား ပအိုဝ်းလူငယ်တွေကို ထားပြီး သူတို့စခန်းက ကျွန်တော်ပြန်ခဲ့တယ်။ လမ်းမှာ ပအိုဝ်းရွာကြီးတစ်ရွာကို ကျွန်တော်တို့ ဝင်တယ်။ ဧရာမကျွန်းတိုင်ကြီးတွေနဲ့ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။

အဲဒီရွာဟာ ပအိုဝ်းတော်လှန်ရေးသမားကြီးတွေ နေထိုင်တဲ့ရွာပါ။ တော်လှန်ရေးသမားကြီးတစ်ဦးက ဦးခွန်ဘငြိမ်းတဲ့။ သူ့အသက်က ၈၁ နှစ်ရှိပါပြီ။

“စနစ်ကို တော်လှန်တယ်ဆိုတော့ ဘယ်ပုဂ္ဂိုလ်ကိုပဲ တော်လှန်တော်လှန် ကျွန်တော်က အားပေးရမှာ ကျွန်တော်တို့ တာဝန်။ စနစ်ကို တော်လှန်တယ်ဆိုတော့လည်း ဘယ်ပုဂ္ဂိုလ်ကို တော်လှန်တော်လှန် ကျွန်တော့်သားသမီးတွေကလည်း ဝါသနာပါတယ်ဆိုတော့ ကျွန်တော်လည်း တိုက်တွန်းပါတယ်။ ဒီတော်လှန်ရေးက မှန်ကန်တဲ့ စနစ်ပေါ်လာမယ်ဆိုတာ တစ်နေ့မှာ ဘကြီးတို့လည်း ယုံကြည်တယ်။ အဲ့ဒါကြောင့် ကလေးတွေကို အားပေးတယ်။ မြှောက်စားတဲ့သဘောတော့ မဟုတ်ပါဘူး အားကိုပေးတယ်။ ဘကြီးတို့ စေတနာက တစ်သက်ပတ်လုံးအားပေးသွားမှာပဲ။”

ပအိုဝ်းတော်လှန်ရေးသမားတွေနေထိုင်တဲ့ ဒေသကနေ ကျွန်တော်ပြန်ခဲ့ပါပြီ။ မြန်မာပြည် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရင် သူတို့အားလုံး ဇာတိဒေသတွေကို ပြန်ချင်ကြတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ဒီတောတွေ တောင်တွေထဲမှာ ကာလတစ်ခုအထိတော့ သူတို့ နေထိုင်ကြရဦးမှာပါပဲ။ နွေဦးတော်လှန်ရေး ဘယ်တော့ ဘယ်လိုပြီးဆုံးမှာလဲ။ ကျွန်တော်မသိပါ။ ဒီခရီးကနေ ကျွန်တော်သိလာတာ တစ်ခုကတော့ ဒီမိုကရေစီပြန်လည်ရရှိရေးမှာ တိုင်းရင်းသားအဖွဲ့တွေအားလုံး သို့မဟုတ် အားလုံးနီးပါး တစ်နည်းနည်းနဲ့ ပါဝင်နေကြပြီ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ တချို့က အထင်အရှား။ တချို့က လျှို့ဝှက်။ အခြေအနေတွေ ဒီနှစ်အတွင်း ဘယ်လိုပြောင်းလဲလာမှာလဲ။ အားလုံးစောင့်ကြည့်ရအောင်လား ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။