ကပ်ဘေးကြောင့် ရွေးကောက်ပွဲ လွတ်လပ်မျှတမှုမရှိမှာကို စိုးရိမ်နေ

ဝေမာထွန်း
2020.07.02

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပသွားမယ်လို့  ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ကြေညာလိုက်ပါတယ်။ ကပ်ရောဂါကာလမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါ့မလား ဆိုတာကို နိုင်ငံရေးပါတီတွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့်ရက်နဲ့အတူ ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းခွင့်ရမယ့်ကာလ၊ အမည်စာရင်း ပြန်လည်ရုပ်သိမ်းနိုင်တဲ့ကာလ၊ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်ဘက်က စစ်ဆေးသွားမယ့်ကာလတွေကို ကြေညာလိုက်တာပါ။

လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို တင်သွင်းရမှာဖြစ်ပြီး သြဂုတ်လ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့ အတွင်းမှာတော့ တင်သွင်းလာတဲ့ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က စိစစ်သွားမယ်လို့ ဆိုပါတယ်။

လုပ်ထုံးလုပ်နည်းအရ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ကာလက ရက်ပေါင်း ၆၀ ဖြစ်လို့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေဟာ မဲဆွယ်စည်းရုံးခွင့်ကာလ ဖြစ်မှာပါ။ ကော်မရှင်ဘက်ကတော့ ဒါကို အတိအလင်း ပြောတာမရှိသေးပါဘူး။

ကော်မရှင်က ကပ်ဘေးကာလမှာ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့  စည်းကမ်းချက်တွေနဲ့အညီ လွတ်လပ်စွာ စည်းရုံးခွင့်ပေးမယ်လို့ ယေဘုယျ ပြောထားပေမယ့် မရှင်းလင်းတာကြောင့်  လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမဖြစ်မှာ စိုးရိမ်တယ်လို့ ၈၈ မျိုးဆက်တွေ ဦးဆောင်ပါဝင်တဲ့ ပြည်သူ့ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးရဲနိုင်အောင် က RFA ကို ပြောပါတယ်။

“၉၄ ပါတီရှိတယ်။ ရွေးကောက်ပွဲဝင်ဖို့ လွတ်လပ်စွာစည်းရုံးခွင့်ရအောင် စီမံထားခဲ့ရင် ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ထပ်တွေ့ဖို့လိုနေပြီ။ အခုက မရှင်းဘူး။ ကျန်းမာရေဝန်ကြီးဌာနရဲ့ စည်းကမ်းချက်တွေနဲ့ အညီအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်ဆိုတာ အကောင်းဆုံးဆိုတာဘာလဲ။ အကောင်းဆုံး ဆိုတာ တခါတွေ့ရင် ငါးယောက်တွေ့တာကို ပြောတာလား။ ၁၀ ယောက်တွေ့တာကို ပြောတာလား။ ဘာကို ပြောတာလဲ။ မဲဆွယ်စည်းရုံးခွင့်ကာလမှာ နိုင်ငံရေးပါတီတွေအနေနဲ့ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့် ရှိရမယ်။ အဲအတွက်ကို အာမခံချက်ရှိပြီလား။”


ကပ်ရောဂါကာလအတွင်းကျင်းပမယ့် ရွေးကောက်ပွဲဖြစ်တာမို့ မဲဆွယ်စည်းရုံးခွင့်ကာလမှာ ဥပဒေနဲ့ မညီလို့ဆိုပြီး တရားစွဲဆိုမှုတွေရှိလာမှာကိုလည်း ပါတီတွေ၊ ရွေးကောက်ပွဲဝင်မယ့်သူတွေ  စိုးရိမ်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း အစိုးရနဲ့ ကော်မရှင်ရဲ့ ကြေညာချက် တွေဟာ ရှုတ်ထွေးပြီး သေချာနားမလည်လို့ အမှားဖြစ်ပြီး ထိခိုက်မှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

“ဆိုင်းဘုတ်ထောင်တာတို့ ရုံးခန်းဖွင့်ပွဲလုပ်တာတို့မှာ ကန့်သတ်ချက်လေးတွေ အများကြီးရှိနေတယ်။ လူစုလူဝေးနဲ့ လုပ်လို့မရဘူးဖြစ်နေတယ်။ အခုဟာက စည်းရုံးရမယ့် ကာလရောက်သွားတာကိုး။ ရောက်တဲ့အခါကျတော့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒေသန္တရအမိန့်တွေက ရှုတ်ထွေးနေတယ်ပေါ့။ ရှင်းရှင်းလင်းလင်းတော့ သိအောင်လုပ်ရမယ်။ ဒီလိုရှုတ်ထွေးတဲ့အထဲမှာ ကိုယ်က အမှားလုပ်သွားလို့ရှိရင် အာဏာရပါတီလည်းမဟုတ်တော့ တော်တော်ခံရမယ့် သဘောရှိတယ်။ အဲဒါလေးကတော့ မီးစင်ကြည့်ပြီး ကနေရတာပေါ့။ လူစုလူဝေးနဲ့ လုပ်လိုက်လို့ရှိရင် တော်ကြကျ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စွဲချက်နဲ့ ငြိသွားဦးမယ်လေ။”


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီလို့ ယူဆတဲ့အတွက် ရွေးကောက်ပွဲရက်ကို ကြေညာလိုက်တယ်လို့ နားလည်နိုင်ပေမယ့် မဲဆွယ်စည်းရုံးကာလမှာ ရောဂါကူးစက်မှုမရှိအောင် ဘယ်လိုထိန်းချုပ်မယ်၊ လူစုလူဝေးကို ဘယ်လောက်အတိုင်းအတာအထိ ခွင့်ပြုနိုင်မယ်၊ ရွေးကောက်ပွဲဝင်ရောက်မယ့်ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်း တွေအနေနဲ့ ဘယ်လိုမဲဆွယ်စည်းရုံးခွင့်ရမယ်၊ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းကို ဘယ်လိုပုံစံကြည်ရှုခွင့်ရမယ် ဆိုတာ အပါအဝင် လူဦးရေ ကန့်သတ်ချက်တွေအရ မဲရုံတွေ အရင်ကထက် များလာနိုင်မလားဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။

ဒီမေးခွန်းတွေကို ကော်မရှင်ဘက်က အဖြေမပေးသေးပါဘူး။ RFA က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ကော်မရှင်အနေနဲ့ မီဒီယာတွေကို ဖုန်းနဲ့ ဖြေဆိုတာတွေ မလုပ်ကြောင်း၊ အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ် နေကြောင်း ပြောထားပါတယ်။  

ရွေးကောက်ပွဲစည်းရုံးရေးကာလမှာ လွတ်လပ်မျှတမှု မဖြစ်မှာကို ပါတီတွေဘက်က စိုးရိမ်သလို စောင့်ကြည့်ရေး အဖွဲ့တွေကလည်း ရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ ကပ်ရောဂါကြောင့် လူဦးရေ ကန့်သတ်ချက်အရ ဆိုပြီး စောင့်ကြည့်သူတွေကို မဲရုံထဲ ဝင်ခွင့်မပေးမှာ ပူပန်နေကြပါတယ်။

“အရေးကြီးတဲ့ စိုးရိမ်ပူပန်မှုတစ်ခုရှိတယ်။ ကိုဗစ် ၁၉ ရောဂါကြောင့်မို့လို့ မဲရုံထဲမှာ လူသိပ်ကြပ်တယ်။ မဲရုံထဲမှာ လူတွေကြပ်ရင် ကူးစက်ရောဂါတွေ ဖြစ်နိုင်ချေရှိတာမို့ စောင့်ကြည့်လေ့လာသူတွေကို မဲရုံထဲမဝင်ဘဲ အပြင်ကနေ စောင့်ကြည့်ဆိုတာမျိုးတွေဖြစ်မှာ ကျွန်တော်တို့ ကြောက်တယ်။ အဲဒါမို့လို့ ကော်မရှင်နဲ့ တွေ့ဖို့ ကြိုးစားနေတာ။”

ဒါက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် ပြောသွားတာပါ။

ကော်မရှင်ရဲ့ ဇူလိုင် ၁ ရက်နေ့ ကြေညာချက်ထဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ၊ ဒုဝန်ကြီးတွေ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံမယ်ဆိုရင် ပါတီစည်းရုံးရေးလုပ်ငန်းတွေနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ လုပ်ခွင့်ရှိပြီလို့ ပြောထားပါတယ်။

ဒါဟာ အစိုးရအဖွဲ့ဝင်တွေကို တခြားကိုယ်စားလှယ်လောင်းတွေထက် ပိုအခွင့်အရေး ပေးသလို ဖြစ်နေတယ်၊  ကော်မရှင်က ဒီလိုဆောင်ရွက်တာဟာ မဖြစ်သင့်ဘူးလို့ ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ကတော့ ဒါဟာ အစိုးရအဖွဲ့ဝင်တွေကို မဲဆွယ်စည်းရုံးခွင့် ပေးတာမဟုတ်ဘဲ ပါတီစည်းရုံးရေး လုပ်ခွင့်ပေးတာသာဖြစ်ကြောင်း၊ ဒါပေမဲ့လို့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ဒီကာလမှာ အစိုးရတာဝန်ကိုသာ ဆောင်ရွက်ဖို့သင့်ကြောင်း မှတ်ချက်ပေးပါတယ်။

“ပြောထားတာက ပါတီဝင်စုဆောင်းခြင်းနဲ့ နယ်မြေမှာ စည်းရုံးခြင်းတွေ လုပ်လို့ရတယ်ဆိုတော့လေ။ ပါတီဝင်စုဆောင်းလို့ရတယ်။ မြို့နယ်ရုံးတွေဖွင့်လို့ရတယ်။ ပါတီအကြောင်းကိုပဲ ပြည်သူလူထုသိလို့ ရအောင်ပဲ လုပ်လို့ရတာပါရှင့်။ မဲဆွယ်တဲ့ကာလလည်း မရောက်သေးပါဘူး။ တကယ်တမ်းဆိုလို့ရှိရင်တော့ အုပ်ချုပ်ရေးဘက်မှာ တာဝန်ယူထားတဲ့ပုဂ္ဂိုလ်တွေကတော့ ဝန်ကြီးဌာနအလုပ်ကိုပဲ လုပ်နေသေးသင့် တဲ့အချိန်ပေါ့နော်။ မဲဆွယ်ကာလ နှစ်လကတော့ လုပ်စရာရှိတာလုပ်ပါ။ ဒါပေမဲ့ မဲဆွယ်ကာလမဟုတ်တဲ့ အချိန်မှာတော့ ဝန်ကြီးဌာနအလုပ်ပဲ လုပ်နေသင့်ပါတယ်။”

တဖက်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမို့ လူစုလူဝေးနဲ့ အသွားအလာကန့်သတ်မှုတွေကို အခုလ ၁၅ ရက်နေ့အထိ ရက်တိုးသတ်မှတ်ထားတဲ့အတွက် နိုင်ငံရေးပါတီတွေအတွက် လှုပ်ရှားဆောင်ရွက်ဖို့ အခက်အခဲ ရှိနေတယ်လို့ ပြောကြပါတယ်။

အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး ဆောင်ရွက်မှုတွေမှာ ပါတီဝတ်စုံနဲ့ တံဆိပ်တပ် လုပ်ဆောင်နေတာတွေ ဟာ အာဏာရပါတီဘက်က သွယ်ဝိုက်တဲ့နည်းနဲ့ မဲဆွယ်စည်းရုံးတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်က ပြောပါတယ်။

“ကိုဗစ် ၁၉ စဖြစ်ပြီဆိုတာနဲ့ လူမှုကူညီရေးလုပ်ငန်းတွေဖြစ်ဖြစ် အစိုးရရဲ့ စီမံကိန်းဖော်ဆောင်ရေး လုပ်ငန်းတွေမှာပဲဖြစ်ဖြစ် အနည်းဆုံးအားဖြင့် ပင်နီတိုက်ပုံဝတ်ပြီး NLD တံဆိပ်ပါတဲ့ ရင်ထိုးတပ်ပြီး လုပ်ကိုင် နေတဲ့အပိုင်းတွေဟာ တမင်တကာ စည်းရုံးရေးဆင်းတာမဟုတ်ပေမယ့် စည်းရုံးရေးကို သွယ်ဝိုက်သောနည်း အားဖြင့် လုပ်နေသယောင်ဖြစ်တယ်ဆိုတာ အားလုံးကယူဆလို့ရပါတယ်။ ဒီရွေးကောက်ပွဲကို အားလုံးတန်းတူ ရည်တူ ယှဉ်ပြိုင်နိုင်ခွင့်ကိုဖွင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါအင်မတန် အရေးကြီးပါတယ်။ တာစထွက်တဲ့အချက် မှာ အားလုံးက တပြိုင်နက် ခရာဖြုတ်တာနဲ့ တခါတည်းထွက်နိုင်အောင်လုပ်ဖို့ဆိုတာက ဒီမိုကရေစီ လမ်းကြောင်းကို သွားတဲ့အခါမှာ သိပ်ကို အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။”


ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံရာမှာ ကပ်ရောဂါကာလအတွင်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေးအတွက် အချိန်ပိုမိုရရှိအောင် ရွေးကောက်ပွဲကို ဒီဇင်ဘာလကုန် ဒါမှမဟုတ် ဇန်နဝါရီလဆန်းကိုရွှေ့လိုက်ဖို့ ပါတီတချို့က တင်ပြခဲ့ပေမယ့် ကော်မရှင်က လက်မခံခဲ့ဘူးလို့ ပြောကြပါတယ်။

တိုက်ပွဲအဆက်မပြတ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေအပြင် ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် မကျင်းပနိုင်ခဲ့တဲ့ ၀ ဒေသမြို့နယ်တွေမှာပါ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကော်မရှင်က ကြေညာပြီး နှစ်ရက်အကြာမှာ ရွေးကောက်ပွဲလုပ်မယ့်နေ့ကို  ထုတ်ပြန်လိုက်တာပါ။

ကော်မရှင်က ကြေညာသလို  တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကတော့  မသေချာသေးဘူးလို့ နိုင်ငံရေးပါတီတွေနဲ့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။