နိုင်ငံရေးနဲ့ တသီးပုဂ္ဂလ လွတ်လပ်ခွင့်
2020.07.13
နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၂၁ အရ ပါတီတခုက နုတ်ထွက်ခွင့်မရသူတဦးအနေနဲ့ တခြားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တဦးက ပြည်သူ့လွှတ်တော်မှာ မနေ့က ပြောကြားခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ရဲ့ မေးခွန်းကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်းက ဖြေကြားခဲ့တာနဲ့ စပ်လျဉ်းပြီး ရခိုင်အမျိုးသားပါတီ ANP ကနေ ထွက်ခွင့်တင်ထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဒါဟာ လူတယောက်ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ရာကျတယ်လို့ RFA ကိုပြောပါတယ်။
“ကျမ ပါတီ ၂ ခုဝင်တာလည်း မဟုတ်ဘူး။ ANP က ထွက်စာတင်တယ်။ ALD ကိုဝင်တယ်။ ပါတီကို ရှင်းလင်းစရာရှိတာ ရှင်းလင်းပါလို့ စာလာတယ်။ ကျမမှာဘာမှရှင်းစရာမရှိဘူး။ ကျမနဲ့ပါတီနဲ့ ပဲ ဒီကိစ္စကို ဆက်သွယ်ဖြေရှင်းရမှာဖြစ်တယ်။ UEC အနေနဲ့က နိုင်ငံသားတယောက်သည် ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့ ကိုယ်စားလှယ်တယောက်ရဲ့ criteria နဲ့ ညီလို့ရှိရင် သူသည် မိမိကြိုက်နှစ်သက်တဲ့ပါတီကို ဝင်ပြီး ရွေးကောက်ခံနိုင်ခွင့်ရှိရမယ်။ ပါတီတခုကနေ နိုင်ငံသားတယောက်ပေါ်မှာ လွဲမှားစွာ ဆုံးဖြတ်တာတို့ ရွေးကောက်ပွဲမှာဝင်လို့မရအောင် နောင်မှာလဲ ဒီလိုမျိုးကေ့စ်တွေသာ အခုလိုမျိုး ဝင်လို့မရဘူးလို့သာ ဆုံးဖြတ်ခဲ့မယ်ဆိုရင် လူငယ်တွေ အမျိုးသမီးတွေ နိုင်ငံရေးလောကထဲမှာ မရှိအောင် တွန်းထုတ်လိုက်တာနဲ့တူသလို နိုင်ငံသားအခွင့်အရေးတွေလဲ ဆုံးရှုံးသွားနိုင်ပါတယ် ”
ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်း ကတော့ ပါတီဝင်တွေလိုက်နာရမယ့် စည်းကမ်းတွေကို သူတို့ အတိအလင်းပြဌာန်းထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
“ရခိုင်အမျိုးသားပါတီရဲ့ဖွဲ့စည်းပုံ ပုဒ်မ ၆၅ မှာ ပါတီဝင်တယောက်ဟာ ပါတီကနေ လွတ်လွတ်လပ်လပ် ခွဲထွက်နိုင်တယ်။ ဒါပေမဲ့ ပါတီမှာ ရှင်းရန်ရှိတဲ့ကိစ္စတွေကို ရှင်းပြီးမှသာ ပါတီက နှုတ်ထွက်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၆၅ အရ မိမိတို့မှာ ရှင်းရှင်းလင်းလင်းရှိရင် လာပြီးရှင်းပါ။ အဲလိုမရှင်းဘူးဆိုရင် တော့ ကျနော်တို့ နုတ်ထွက်ခွင့်မပေးနိုင်ဘူး၊ ဒီအချိန်မှာလဲ သူတို့အနေနဲ့ သူတို့ရှင်းမယ်ဆိုရင်လဲ ပါတီကို သွားပြီးရှင်းသင့်တာပေါ့။ ဥပမာ ပါတီကို သတ်မှတ်ထားတဲ့ ငွေကြေးမထည့်တဲ့သူတွေရှိတယ်။ ထောက်ပံ့ကြေးတွေ မပေးတဲ့သူတွေရှိတယ်။ ပါတီက ဘာဖြစ်တယ်။ ညာဖြစ်တယ် ပုတ်ခတ်ပြီးတော့ ထွက်သွားတဲ့သူတွေလဲရှိတယ်။ ဆိုတော့ ဒီလူတွေကတော့ ပါတီအပေါ်မှာ တစုံတရာရှင်းရန် တာဝန်ရှိတယ်လို့ ကျနော်မြင်ပါတယ်။ ပါတီဝင် တယောက် ဝင်ချင်ဝင် ထွက်ချင်ထွက် အဲလိုလုပ်မယ်ဆိုရင် ဒီပါတီက သာလာယံဇရပ်လို ဖြစ်သွားမှာပေါ့ ”
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် ကတော့ လူတယောက်ရဲ့ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုရမယ်လို့ ယုံကြည်သူဖြစ်ပါတယ်။
“ကျနော့်အမြင်တော့ လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ သူမူလ သူယုံကြည်တဲ့ပါတီကနေ ရွေးကောက်ပွဲဝင်တယ်။ အနိုင်ရတယ်။ လွှတ်တော်ထဲမှာ သူလုပ်ငန်းတွေလုပ်တယ်ပေါ့ဗျာ။ ဒါပေမဲ့ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ချက်တွေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်တွေက သိပ်ပြီး အံမဝင် ခွင်မကျတဲ့အခါ ၊ ဒါမှမဟုတ် သူ့ရဲ့နိုင်ငံရေးယုံကြည်မှုနဲ့ မတိုက်ဆိုင်တဲ့အခါ သူ့မှာလွတ်လပ်စွာ နှုတ်ထွက်ပိုင်ခွင့်ရှိတာပေါ့နော်။ နောက်တခြားပါတီတခုကို ဝင်နိုင်ခွင့်ရှိသလို တခြားတံဆိပ် တခြားပါတီနာမည်နဲ့လဲ ရွေးကောက်ပွဲဝင်မယ်ဆိုရင် လွတ်လွတ်လပ်လပ်ပဲ ဝင်နိုင်ခွင့်ရှိတယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ကျနော်တို့ ဒီတိုင်းပဲ ကျင့်သုံးတယ်”
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ရော ပါတီတွေအနေနဲ့ပါ ဖြေရှင်းရမယ့် ပြဿနာတွေ ပိုမိုများပြားလာမှာ အမှန်ပါပဲ။ ပြဿနာတရပ်ကို လူတယောက်ရဲ့ လွတ်လပ်ခွင့် မဆုံးရှုံးစေဘဲ စည်းကမ်းဥပဒေဘောင်အတွင်းက ဘယ်လိုအဖြေရှာကြမှာလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။