ရိုက်တာအမှု အယူခံပယ်ချတဲ့အပေါ် သုံးသပ်ချက်များ


2019.01.11
reuters-622.jpg ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈ ဇူလိုင်လ ၁၆ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Htet Arkar/RFA

အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့အယူခံကို  ရန်ကုန်တိုင်းတရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။ ဒီကိစ္စအပေါ် သတင်းမီဒီယာ သမားတွေနဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့အမြင်ကို RFA သတင်းထောက် မသက်စုအောင်က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~

ရိုက်တာ သတင်းထောက်တွေအမှု အယူခံပယ်ချလိုက်တဲ့အပေါ် သုံးသပ်ချက်

(သက်စုအောင်)

ရန်ကုန်တိုင်း တရားလွှတ်တော်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းက အယူခံဝင်ခဲ့ပြီးနောက် တိုင်းတရားလွှတ်တော်က အယူခံမှုကို ဒီနေ့ အမိန့်ချရာမှာ ပယ်ချလိုက်တာဖြစ်ပါတယ်။

အခုလို တိုင်းတရားလွှတ်တော်က အယူခံ ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းထောက်တွေရဲ့ အမှုတစ်ခုလုံးကို ဘက်ပေါင်းစုံက နက်နက်နဲနဲ လေ့လာသုံးသပ်တာမျိုး မဟုတ်ဘဲ အောက်တရားရုံးက ဆုံးဖြတ်ထားတဲ့အတိုင်းပဲ တိုင်းတရားရုံးက ဆုံးဖြတ်ခဲ့တာကို စိတ်ဓာတ်ကျမိကြောင်း နိုင်ငံခြားသတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုသီဟသွေးက သူ့အမြင်ကို အခုလို ပြောပါတယ်။

"ရှေ့နေပြောသွားသလိုပဲ ရိုက်တာ သတင်းထောက် နှစ်ယောက်ဘက်ကနေပြီးတော့ ခုခံချေပထားတဲ့ အချက်တွေရှိတယ်၊ ထောက်ပြထားတဲ့ အချက်တွေရှိတယ်၊အဲဒါတွေအားလုံးကို တရားရုံးက လက်မခံဘူးဆိုတော့ တရားရုံးရဲ့ ရှုမြင်သုံးသပ်ပုံက ပထမတရားရုံးရဲ့ ရှုမြင်သုံးသပ်ပုံနဲ့ အတူတူဖြစ်နေတယ်၊ ဒါက အမှန်က စိတ်ဓာတ်ကျဖို့ကောင်းတယ်၊ အဓိကတော့ ဒီအမှုကို သေသေခြာခြာ နက်နက်နဲန ဲလေ့လာပြီးတော့ ဘက်ပေါင်းစုံကနေ ပြန်လည်သုံးသပ်ထားတာမျိုး မဟုတ်ဘဲ မူလတရားရုံးက သုံးသပ်ချက်အတိုင်း ပြန်ပြောတယ်ဆိုတာကတော့ အခုဆုံးဖြတ်လိုက်တဲ့ တရားရုံးအနေနဲ့ကတော့ မြွေမသေ တုတ်မကျိုးပေါ့ အရင်တရားရုံးက ဆုံးဖြတ်ထားတာကို မပြင်ချင်တဲ့သဘော၊ ပြင်လို့ဖြစ်လာမယ့် အကျိုးဆက်ကိုလည်း တာဝန်မခံချင်တဲ့ သဘောလို့ ထင်မိတယ်"

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်ကတော့ ရိုက်တာ သတင်းထောက်တွေရဲ့ အမှုအပေါ်ကို တိုင်းတရားရုံးက လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် ရှိပါ့မလားဆိုတာကို သံသယရှိမိကြောင်းနဲ့ နောက်ကွယ်မှာ နိုင်ငံရေးလွမ်းမိုးမှု ရှိနေမလားဆိုတာ စဉ်းစားစရာဖြစ်နေကြောင်း သူ့အမြင်ကို အခုလို ပြောပါတယ်။

"တိုင်းအဆင့်က သူတို့မှာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်တဲ့ လုပ်ပိုင်ခွင့်များ မရှိဘူးလားပေါ့နော်၊ အဲလိုပဲ ကျနော်တော့ သံသယဖြစ်မိတာပေါ့နော်၊ တိုင်းအဆင့်ထိလဲ ဒီဟာက အမှုကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ဖို့ သူတို့ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်နိုင်ခြင်းမရှိဘူးလို့ မြင်တယ်။ ပြီးတော့ နောက်တစ်ခုက ဒီဟာတွေက နိုင်ငံရေးအရ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေသာလျှင် ဖြစ်တော့မှာပေါ့နော်၊ ဥပဒေကြောင်းအရ ချဉ်းကပ်ပြီး ဆုံးဖြတ်တဲ့ အခွင့်အာဏာမျိုး အခွင့်အရေးမျိုးရှိဖို့ မလွယ်တော့ဘူး၊ ဆိုတော့ အာဏာရှိတဲ့သူတွေက နိုင်ငံရေး ရှုထောင့်က ကြည့်ပြီးတော့ ဆုံးဖြတ်ချက်ချလိုက်တယ်လို့ ထင်တယ်"

အခုလို ဝေဖန်မှုတွေရှိနေတဲ့အပေါ် တရားစီရင်ရေးစနစ်ကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ပေးထားကြောင်းနဲ့ အုပ်ချုပ်ရေးပိုင်းက လွမ်းမိုးထားတာမျိုး မရှိကြောင်း လက်ရှိ အာဏာရပါတီဖြစ်တဲ့ NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွှန့်က အခုလို ပြောပါတယ်။

"တရားစီရင်ရေးကို လွတ်လပ်စွာတရားစီရင်ခွင့် ပေးထားပါတယ်၊ တရားရေးဌာနရဲ့ လုပ်ဆောင်ချက်က ကျတော်တို့ အစိုးရရဲ့မူနဲ့ သဘောထားအတိုင်း လုပ်တယ်လို့ အဲဒီလို မမြင်စေချင်ပါဘူး၊ လက်ရှိ မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့အညီ သူတို့ ဆောင်ရွက်နေတယ်လို့ပဲမြင်တယ်၊ တကယ်လို့ ဥပဒေနဲ့ ဆန့်ကျင်ကွဲလွဲနေတာရှိရင်လည်း ဥပဒေပညာရှင်တွေက ထောက်ပြရင် ဒါဆိုရင်တော့ ကျနော်တို့ စောင့်ကြည့်ထိန်းညှိပြီး ပြန်လည်ထိန်းညှိရမယ်၊ ဒီလိုမှ မဟုတ်ဘဲတော့ ကျတော်တို့ အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးကို ဝင်ရောက်ပြီး တစ်စုံတစ်ရာ ပြောဆိုဖို့မရှိပါဘူး"

ပြန်ကြားရေးဝန်ကြီးဟောင်း ဖြစ်သူ ဦးရဲထွဋ်ကတော့ ရိုက်တာအမှု အယူခံ တိုင်းတရားရုံးက ပလပ်ခံရတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်းနဲ့ အခုလို တိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်တွင်းမှာ မီဒီယာတွေနဲ့ အစိုးရဆက်ဆံရေးကို ထိခိုက်စေနိုင်ပြီး မြန်မာနိုင်ငံရဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး ပုံရိပ်ကိုပါ ထိခိုက်စေနိုင်တယ်လို့ ထင်မြင်မိကြောင်း အခုလို ပြောပါတယ်။

"ကျနော် အမြင်ကတော့ ဒီအမှုကို စပြီးတည်ဆောက်ကတည်းကိုက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေ အများကြီးရှိနေတဲ့ အမှုပေါ့၊ ဒါကြောင့်မို့ အစထဲက ဒီအမှုကို ပြန်ပြီးတော့ သုံးသပ်သင့်တယ်ဆိုတဲ့ အယူအဆကို ပေးခဲ့တာပါပဲ၊ ဒီလိုမျိုး အထက်တရားရုံးကနေ ပယ်ချလိုက်တယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့၊ နောက်တစ်ခုကတော့ ဒါဟာ ပြည်တွင်းမှာ အစိုးရနဲ့ မီဒီယာတွေရဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်သလို မြန်မာနိုင်ငံရဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး ပုံရိပ်တစ်ခုလုံးကို ထိခိုက်စေနိုင်တယ်လို့ မြင်ပါတယ်"

ရိုက်တာ သတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရခိုင်နဲ့ပတ်သက်တဲ့ လုံခြုံရေးအဆင့် သတ်မှတ်ထားတဲ့ အရေးကြီး စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိတယ်ဆိုပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလထဲမှာ နိုင်ငံတော် လျို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲ ရုံးတင်စစ်ဆေးခဲ့ပြီး အပြစ်ရှိတယ်ဆိုကာ စက်တင်ဘာလထဲမှာ မြောက်ပိုင်းခရိုင်တရားရုံးကနေ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ရိုက်တာ သတင်းထောက်နှစ်ယောက်ရဲ့ အမှုကို အယူခံ ပယ်ချလိုက်တဲ့အပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) အပါအဝင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF အဖွဲ့တွေ ကလည်း ဝေဖန်ကန့်ကွက်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်ရှင်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။