သတင်းထောက်နှစ်ဦးကိုလွှတ်လို့ ချီးကျူးပေမယ့် ဖိနှိပ်တဲ့ ဥပဒေပြင်ဆင်ပေးဖို့ တောင်းဆို
2019.05.07

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ မနေ့က သမ္မတရဲ့ခြွင်းချက်မရှိ လွတ်ငြိမ်းသက်သာခွင့်နဲ့့ ပြန်လွတ်လာသူ ၆၅ဝဝ မှာ ပါဝင်ပါတယ်။ သူတို့လွတ်မြောက်လာတာအတွက် ကုလသမဂ္ဂအပါအဝင် အပြည်ပြည်ဆိုင်ရာက ဝမ်းမြောက်ဝမ်းသာ ချီးကျူးကြိုဆိုကြပါတယ်။ တချို့အဖွဲ့တွေကတော့ မြန်မာနိုင်ငံက လွတ်လပ်စွာပြောဆိုခွင့်ကို ခြိမ်းခြောက်ကန့်သတ်နေတဲ့ ဥပဒေတွေကိုပါ ပြင်ဆင်သင့်တယ်လို့ ပြောဆိုပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~
သတင်းထောက်နှစ်ဦးကိုလွှတ်လို့ ချီးကျူးပေမယ့် ဖိနှိပ်တဲ့ ဥပဒေပြင်ဆင်ပေးဖို့ တောင်းဆို
( ဦးတင်အောင်ခိုင်)
■ ရိုက်တာသတင်းထောက်နှစ်ဦး ပြန်လွတ်လာတာကြောင့် အမေရိကန် ဒုတိယသမ္မတာ Mike Pence က သတင်းကောင်းကြားရတယ်လို့ ကြိုဆိုလိုက်ပြီး ခိုင်မာတဲ့ ဒီမိုကရေစီစနစ်အတွက် သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုရရှိရေးဟာ မရှိမဖြစ်လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလည်း မိုက်ပွန်ပီရိုကလည်း မြန်မာနိုင်ငံက သတင်းသမားနှစ်ဦးကိုပြန်လွှတ်သလို အဖမ်းဆီးခံ သတင်းသမားတွေအားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ရှိတဲ့ အမေရိကန်သံရုံးကလည်း သတင်းထောက်တွေ လွတ်မြောက်လာတာကို ကြိုဆိုလိုက်ပြီး သူတို့မိသားစုနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရလို့ ဝမ်းသာရပါတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အလားတူ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကလည်း သတင်းထောက်တွေ လွတ်လာတာဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ထိုက်ပါတယ်။ တကမ္ဘာလုံးက သတင်းထောက်နှစ်ဦးကို လွတ်ပေးဖို့ ပြောဆိုတာကို နားထောင်လို့ဖြစ်ပါတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးကလည်း တရားရုံးချုပ်က ဆုံးဖြတ်ချက်ချပြီး မကြာခင်မှာဘဲ သူတို့ကို လွှတ်ပေးလိုက်တာဟာ တရားစီရင်ရေးမှာ လိုအပ်ချက်ရှိနေတာကို အစိုးရ သဘောပေါက်လို့ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ရိုက်တာသတင်းထောက်နှစ်ဦးကို လွတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံအခြေစိုက်CPJ ခေါ် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ပြောတာကတော့ - “သူတို့ရဲ့ သတင်းတင်ပြချက်ကြောင့် ရက်ပေါင်း ၅ဝဝ ကျော် အကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့ သူတို့ဟာ တကယ်တော့ အကျဉ်းထောင်ထဲကို လုံးဝမရောက်သင့်ဘဲ ရောက်ခဲ့ရတာပါ။အခု သူတို့လွတ်လာလို့ CPJ အနေနဲ့ စိတ်အေးရပါတယ်” လို့ ဆိုပါတယ်။ CPJ အဖွဲ့ အာရှပစ္စဖိတ် သုတေသနတာဝန်ခံArika ပြောပြတာပါ။
ဒါပေမယ့် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဖမ်းခဲ့တဲ့ ဥပဒေတွေထဲက ကိုလိုနီခေတ်ကတည်းက ရှိနေတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဟာ ရှိနေဆဲဖြစ်ပြီး သတင်းသမားတွေကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ပြောသွားပါတယ်။
သတင်းထောက်များ လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ဝမ်းမြောက်တယ်လို့ ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရသူ Stephane Dujarricက ပြောလိုက်ပါတယ်။ တဆက်တည်း အခုလိုသတင်းထောက်နှစ်ဦးကို လွှတ်ပေးလိုက်တာဟာ မြန်မာ အစိုးရအနေနဲ့ သတင်းလွတ်လပ်ခွင့် ရလာအောင်ဆောင်ရွက်လိုက်တဲ့ ခြေတလှမ်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြတဲ့သင်္ကေတ ဖြစ်တယ်လို့ ပြောပါတယ်။
အလားတူ ပြင်သစ်နိုင်ငံအခြေစိုက် နယ်ခြားမဲ့ သတင်းသမားများအဖွဲ့ RSF က ပြောရေးဆိုခွင့်ရှိသူ Daniel Bastard ကလည်း “သတင်းသမားနှစ်ဦး စုံစမ်းဖော်ထုတ်ခဲ့တဲ့သတင်းဟာ မြန်မာနိုင်ငံအတွက်သာမက အပြည်ပြည်ဆိုင်ရာအတွက်ပါ အရေးကြီးတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ သတင်းဖြစ်ပြီး သတင်းထောက်တွေ ကိုယ်လုပ်ရမယ့် အလုပ်လုပ်လို့ အဖမ်းခံရတာဟာ လက်ခံနိုင်စရာလုံးဝမရှိဘူး။" လို့ ပြောဆိုသွားပါတယ်။ တဆက်တည်း RSF ရဲ့ထုတ်ပြန်ချက်မှာလည်း စုံစမ်းဖော်ထုတ်ရေးသားတဲ့ သတင်းစာပညာဟာ ဒီမိုကရေစီစနစ်တည်ဆောက်ရေးမှာ အခြေခံကျတဲ့ ပညာရပ်တခုဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်
တဆက်တည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AIကလည်း မြန်မာနိုင်ငံမှာ သတင်းထောက်တွေ တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်တဲ့ ဥပဒေတွေ ရှိနေသမျှ မြန်မာနိုင်ငံက လွတ်လပ်စွာဖော်ထုတ်ရေးသားခြင်း အခြေအနေဟာ ပိုပြီးဆိုးရွားနေမှာဖြစ်တယ်လို့ ပြောပါတယ်။
AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၃၈ဦးရှိနေပြီး၊ အခုနှစ် မြန်မာနှစ်ဆန်းတရက်နေ့ကစပြီး အကျဉ်းသား သုံးသုတ် ပြန်လွှတ်ခဲ့တာမှာ နိုင်ငံရေးအကျဉ်းသား ၂၅ဦးခန့် ပြန်လွတ်တာကြောင့် နိုင်ငံရေးအကျဉ်းသား ၁ဝ ဦးထက်မနည်း ကျန်ရှိနိုင်ပါတယ်။
အခုအကျဉ်းသားတွေ လွတ်မြောက်လာချိန်မှာ ရိုက်တာသတင်းသမားနှစ်ဦး ဖော်ထုတ်ရေးသားခဲ့တဲ့ အင်းဒင်ရွာလူသတ်မှုနဲ့ ပတ်သက်ပြီး အရေးယူခံထားရတဲ့ တပ်မတော်အရာရှိတွေဖြစ်တဲ့ ဗိုလ်မှူုး အောင်ဇော်မြင့်၊ ဗိုလ်ကြီး ဇော်လင်းထွန်း၊ ဗိုလ်ကြီးအောင်ရဲထွဋ်၊ ဗိုလ်ကြီးဇင်ပိုင်စိုး၊ တပ်ကြပ်မောင်လှ၊ တပ်သားသက်နိုင်နဲ့ တပ်သားငြိမ်းချမ်းတို့ရော ပြန်လွတ်လာသလားဆိုတဲ့ မေးမြန်းတာတွေရှိပါတယ်။ သူတို့နဲ့ ပတ်သက်ပြီး ကြားသိရတာက သူတို့ဟာ ၂ဝ၁၈ခုနှစ် နိုဝင်ဘာ ၂၂ရက်နေ့ကတည်းက အထူးအယူခံနဲ့ လွတ်မြောက်သွားပြီ ဖြစ်တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ကြားသိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုချက်ရရှိဖို့ RFA က ကြိုးပမ်းလျက်ရှိပါတယ်။