ရွေးကောက်ပွဲကော်မရှင်ရဲ့ လွတ်လပ်မှု ဝေဖန်ခံနေရ

ဝေမာထွန်း
2020.07.09

၂၀၀၈ အခြေခံဥပဒေအရ သမ္မတဟာ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခွင့်ရပြီး အဲဒီကော်မရှင်က ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုတွေကို စစ်ဆေးနိုင်တဲ့ ခုံရုံးကို ဖွဲ့စည်းခွင့်ရထားပါတယ်။

ဒါ့အပြင် ခုံရုံးရဲ့ဆုံးဖြတ်ချက်တွေ၊ အမိန့်တွေနဲ့ ပတ်သက်ရင်လည်း ကော်မရှင်ရဲ့ဆုံးဖြတ်ချက်ဟာ အပြီးသတ် ဖြစ်တယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတွက် ကော်မရှင်ရဲ့ဖွဲ့စည်းမှုနဲ့ လုပ်ပိုင်ခွင့်ဟာ သမ္မတနဲ့ အာဏာရပါတီရဲ့ အောက်ကိုရောက်နေတယ်ဆိုတဲ့ ထောက်ပြချက်တွေရှိနေပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ဖို့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ကော်မရှင်ဖွဲ့စည်းပုံ၊ တာဝန်၊ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ချက်ဆိုတဲ့ပုဒ်မတွေမှာ ပြင်ဆင်ဖို့ လိုအပ်နေတာတွေရှိတယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။

အများထောက်ခံတဲ့ အဖွဲ့အစည်းဖြစ်အောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သမ္မတက တိုက်ရိုက် ခန့်အပ်ခွင့်ပေးထားတာကို ပြင်ဆင်ဖို့ကို အဓိကထားပြောကြပါတယ်။

သမ္မတကမဖွဲ့ဘူးဆိုရင် လွှတ်တော်ကဖွဲ့မလား၊ နိုင်ငံရေးပါတီတွေကပဲရွေးချယ်မလား၊ ဒါမှမဟုတ် သမ္မတ၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေရဲ့ ရွေးချယ်မှုတွေကို အချိုးအစားလိုက် ထည့်သွင်းဖွဲ့စည်းမလားဆိုတာနဲ့ အနည်းဆုံး အခြေခံဥပဒေကို မပြင်ဆင်နိုင်သေးလို့ သမ္မတက ဆက်ခန့်အပ်ဦးမယ်ဆိုရင်တောင် ကော်မရှင်မှာ တာဝန်ထမ်းဆောင်လိုသူတွေကို လျှောက်လွှာခေါ်ယူပြီး ပွင့်လင်းမြင်သာစွာ ရွေးချယ်နိုင်မလားဆိုတဲ့ ထောက်ပြ ပြောဆိုချက်တွေရှိနေပါတယ်။

ကော်မရှင်ကို အာဏာရပါတီကခန့်ပြီး ကော်မရှင်ကခန့်တဲ့ ခုံရုံးက ရွေးကောက်ပွဲအငြင်းပွားမှုတွေကို တရားစီရင်တာဟာ မျှတမှုမရှိနိုင်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က သုံးသပ်ပါတယ်။

“ကော်မရှင်ကို တက်လာတဲ့အစိုးရကဖွဲ့တယ်။ ကော်မရှင်သက်တမ်းက အကန့်အသတ်တောင်မရှိဘူး။ နောက်တက်လာတဲ့အစိုးရက ဖြုတ်ချင်ဖြုတ်မှပဲ။ ကော်မရှင်ကို အာဏာရပါတီက ခန့်တယ်၊ အာဏာရပါတီ လိုလားသူတွေပါတယ်ဆိုတဲ့ ဥစ္စာအစား ၁၉၉၀ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ဦးဘဌေးတို့ ကော်မရှင်ဆိုရင် လုံးဝ လွတ်လပ်တယ်။ အခုကျတော့ ဘာဖြစ်လဲဆိုရင် တရားစွဲစရာရှိရင်လည်း ကော်မရှင်ကိုပဲသွားတင်ပြ၊ ကော်မရှင်ကပဲ ဆုံးဖြတ်ဆိုတော့ အာဏာရပါတီက ခန့်ထားတဲ့ခုံရုံးကလည်း အတိုက်အခံတွေပေါ်မှာ သူတို့က ဆုံးဖြတ်နေတော့ ဘယ်တရားမလဲဗျ။ ကော်မရှင်ကို ပြန်တိုင်ရတာတွေကတော့ ဥပဒေအရ ပြင်ရမယ့်ဟာတွေပဲ။ တရားရုံးတွေမှာ တရားစွဲနိုင်အောင် ဟိုတုန်းကတော့ အဲလိုဖွဲ့ထားတာဗျ။”

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် သမ္မတဦးသိန်းစိန်ဖွဲ့စည်းပေးခဲ့တဲ့ ဥက္ကဋ္ဌ ဦးတင်အေး ဦးဆောင် တဲ့ကော်မရှင်နဲ့ လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် သမ္မတဦးထင်ကျော်ဖွဲ့စည်းခဲ့တဲ့ ဥက္ကဋ္ဌ ဦးလှသိန်း ဦးဆောင်တဲ့ ကော်မရှင် နှစ်ခုစလုံးဟာ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေကြား ဘက်လိုက်မှုကင်းတဲ့ အဖွဲ့အစည်းတွေအဖြစ် မှတ်ကျောက်တင်မခံခဲ့ရပါဘူး။

ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ဥပဒေတွေမှာ တိတိကျကျပြဌာန်းတာတွေ မရှိတာတွေရှိတဲ့အတွက် နစ်နာမှုတွေရှိတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ် က ပြောပါတယ်။

“ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီး ရှမ်းရေးရာဝန်ကြီးနေရာအတွက်ကို မျှတမှု မရှိဘူးဆိုပြီး ကျွန်တော်တို့ဘက်က ပြန်ပြီးတော့မှ အဆိုတင်တဲ့ဟာပါ။ ဆုံးဖြတ်တဲ့အပိုင်းမှာတော့ ကျွန်တော် တို့ဝင်ပြီးတော့မှ မစွက်ချင်ဘူးပေါ့နော်။ ပြဌာန်းထားတဲ့ဥပဒေကိုက ထင်ထင်ရှားရှားမရှိဘူး။ ဥပမာ ရှမ်းတိုင်း ရင်းသားရေးရာဝန်ကြီးဆိုတဲ့နေရာကို ရှမ်းလူမျိုးမှသာလျှင်ဝင်ရမှာလား။ မဲပေးတာတော့ရှင်းတယ်လေ။ ရှမ်းလူမျိုးဖြစ်မှပဲ မဲပေးခွင့်ရှိတယ်။ ဒါပေမဲ့ ရှမ်းလူမျိုးမဟုတ်တဲ့လူကကော ရွေးကောက်ပွဲမှာဝင်ပြီးတော့မှ ယှဉ်ပြိုင်ခွင့်ရှိလားဆိုတာ ဥပဒေမှာကို တိတိကျကျ ပြဌာန်းထားတာမရှိဘူး။ ဆုံးဖြတ်တဲ့အဖွဲ့ကနေ ပြီးတော့ မှ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးကို မဆုံးရှုံးစေခြင်းအလို့ဌာ ယှဉ်ပြိုင်ခွင့်ရှိတယ်ဆိုပြီး ဆုံးဖြတ်သွားတာမျိုး ရှိတယ်ပေါ့နော်။”

NLD နဲ့ USDP ပြောရေးဆိုခွင့်ရှိသူတွေ၊ ပြန်ကြားရေးအဖွဲ့ဝင်တွေကတော့ ဒီကော်မရှင်နှစ်ရပ်ကြား ကိုယ့်ပါတီက အာဏာရစဉ်ဖွဲ့တဲ့ ကော်မရှင်က ပိုကောင်းပါတယ်ဆိုတဲ့ အပြန်အလှန်ပြောဆိုချက် တွေရှိနေပါတယ်။

လက်ရှိ ဦးလှသိန်းဦးဆောင်တဲ့ကော်မရှင်ဟာ အရင်အစိုးရတွေမှာ ဖွဲ့ခဲ့တဲ့ကော်မရှင်ထက် ပိုလွတ်လပ်မှုရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာ အောင်ရှင် က ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်တိုင်းကတော့ အစိုးရကနေ ဖွဲ့ပေးရတာပါပဲ။ ဒါပေမဲ့ ကျွန်တော်ပြောရဲပါတယ်။ အခု ၂၀၂၀ အတွက် ဖွဲ့ပေးတဲ့ကော်မရှင်ဟာ အရင်အစိုးရတွေလက်ထပ်တုန်းက ဖွဲ့ပေးတဲ့ ကော်မရှင်တွေထက် လွတ်လပ်မှုရှိတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာတော့ ကျွန်တော်ပြောရဲပါတယ်။”

USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ရွေးကောက်ပွဲပြီးနောက်ကျင်းပမယ့် တတိယအကြိမ် လွှတ်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သမ္မတခန့်တာမဟုတ်ဘဲ လွှတ်တော်က ခန့်ဖို့အတွက် ဦးဆောင်ကြိုးပမ်းမယ်လို့ ပြောပါတယ်။

“အခုကျွန်တော်တို့ ကော်မရှင်ကို ဝေဖန်တယ်ဆိုတာက ဝေဖန်ရတဲ့အကြောင်းတရားတွေရှိတာကိုး။ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ မဲဆွယ်စည်းရုံးခွင့်နဲ့ ပတ်သက်လို့ အခုဝေဖန်စရာတွေ တခါထပ်တိုးလာ ပြန်ပြီ။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ခုံရုံးတို့ကို သမ္မတက ခန့်တာမျိုး မဟုတ်ဘဲ လွှတ်တော်ကနေ ခန့်ဖို့ဆိုတာမျိုး အဲပုဒ်မတွေကိုလည်း ပြင်ဆင်ဖို့ အဆိုတင်သွင်းဖို့ လာမယ့် သက်တမ်းမှာ ဆောင်ရွက်ဖို့ ရှိပါတယ်ခင်ဗျ။ ဦးဆောင်ပြီး ကြိုးစားပါ့မယ်ခင်ဗျ။”

လွှတ်တော်က ခန့်အပ်ဖို့ဆောင်ရွက်မယ်ဆိုရင်လည်း အပြောင်းအလဲတွေ ရှိလာမှာမဟုတ်ဘူးလို့ မြောက်ဦး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော က ယူဆပါတယ်။

“လွှတ်တော်ကတော့ အားကိုးလို့မရဘူး အခုလက်တွေ့ ဦးတီခွန်မြတ်ပြဿနာပဲ။ လွှတ်တော်ဆိုတာလည်း check and balance ဆိုတဲ့ Democratic concert ကိုတောင်မှ ပီပီပြင်ပြင် မကျင့်သုံးနိုင်တဲ့ အနေအထား မျိုးမှာ လွှတ်တော်ကို အားကိုးလို့မရဘူး။ အကောင်းဆုံး ဘယ်လိုဖြစ်မလဲဆိုတာကို ပညာရှင်တွေက သုံးသပ်ပြီး ပညာရှင်တွေရဲ့ တင်ပြချက်တွေအပေါ်မှာ ဒိတ်ဒိတ်ကြဲ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ နိုင်ငံပါတီခေါင်းဆောင်တွေက ဆုံးဖြတ်ပြီးမှရမှာ။”


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း၊ တာဝန်ပေးခြင်းနဲ့ လုပ်ပိုင်ခွင့်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ( ၉) ရွေးကောက်တင်မြှောက်ခြင်း ခေါင်းစဉ်အောက်မှာရှိပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူမှပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ အခြေခံဥပဒေအရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ဖို့ မလိုတဲ့အချက်ထဲမှာတော့ ဒီပုဒ်မတွေ ပါဝင်နေပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ ကော်မရှင်ဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေတာ မှန်ပေမယ့် ဒီအချက်တစ်ခုထဲကို ထုတ်ပြီး အခြေခံဥပဒေမှာ ပြင်ဖို့ခက်တယ်လို့ NLD ပါတီရဲ့ မိတ္ထီလာမြို့နယ် အလုပ်မှုဆောင်ကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ( မိတ္ထီလာ) က ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်တိုင်က အားနည်းချက် ချို့ယွင်းချက်တွေရှိနေတဲ့အတွက်ကြောင့် အဲကနေ ဖြစ်ပေါ်လာတဲ့ ကော်မရှင်ကိစ္စကလည်း အားနည်းချက်၊ ချို့ယွင်းချက်တွေရှိနေတယ်။ သို့သော်လည်း ဒါလေးတင်ကွက်ပြင်လို့ မရဘူးလို့ ယူဆတယ်။”

ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းပုံနဲ့ လုပ်ငန်း၊ တာဝန်တွေအပေါ် မေးခွန်းထုတ်စရာဖြစ်နေတဲ့အချက်တွေနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့ တုံ့ပြန်ချက်ကိုသိရဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက မီဒီယာတွေကို ဖုန်းနဲ့ဖြေဆို မှုတွေမလုပ်ဘူးလို့ ပြောထားပြီး အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲတွေလုပ်မယ်လို့ ပြောထားပါတယ်။

၂၀၀၈ အခြေခံဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ အသက် ၅၀ ပြည့်ပြီး သူဖြစ်ရမှာဖြစ်ပြီး အသက်ကန့်သတ်ချက်ကအပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း သတ်မှတ်ချက် တွေအတိုင်း ပြည့်စုံသူဖြစ်ရမယ်လို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းအရ ပြည်ထောင်စု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် တရားလွှတ်တော်တွေမှာ အနည်းဆုံး ငါးနှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ တရားရေးအရာရှိ၊ ဥပဒေအရာရှိရာထူးတွေမှာ အနည်းဆုံး ၁၀ နှစ်နဲ့ တရားလွှတ်တော် ရှေ့နေအဖြစ် အနည်းဆုံး အနှစ် ၂၀ အမှုလိုက်ဖူးသူဖြစ်ရမယ်လို့ ပြောထားပါတယ်။

ပါတီဝင်မဟုတ်သူဖြစ်ဖို့လိုသလို ထင်ပေါ်ကျော်ကြားတဲ့ ဂုဏ်သတင်းရှိတဲ့ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ ဖြစ်ရမယ်လို့လည်း ပြဌာန်းထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ စောင့်ကြည့်လေ့လာသူတွေအများစုကတော့ အနိုင်ရပါတီ ကခန့်တဲ့ သမ္မတကတဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းတဲ့စနစ်ကို မလိုလားကြောင်း ပြောဆိုမှုတွေရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။