သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ညှဉ်းပန်းခံရ

2022.07.21
သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ညှဉ်းပန်းခံရ ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်ကို တွေ့ရစဉ်
ဓာတ်ပုံ - ပဲခူးသတင်းစဉ်

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ဘားအံထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရ တဲ့ နိုင်ငံရေးအကျဉ်းသား ၆၀ ထဲက ဘားအံတက္ကသိုလ်ကျောင်းသား လေးဦး အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ ဇူလိုင်လ ၁၀ ရက်နေ့ကစလို့ ထောင်ထဲမှာ နေ့စဉ်နီးပါး ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ ရိုက်နှက်ခံရသူ တွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

သူတို့အားလုံးကို ဘားအံထောင်ပိုင်ကြီးရဲ့ မှတ်ချက်နဲ့ သာယာဝတီထောင်ကို ပြောင်းရွှေ့ လိုက်တာဖြစ်ပြီး သာယာဝတီထောင်ကိုရောက်ပြီး နောက်တစ်ရက်မှာပဲ နေ့စဉ် ရိုက်နှက် ခံရတာလို့ ဆိုပါတယ်။

ထောင်ပြောင်းခံရသူတွေထဲက ကိုမင်းသူအောင်၊ ကိုဗညားဝင်းကျော်၊ ကိုရဲထွဋ်ခေါင်နဲ့ ကိုဇော်ဝင်းထွဋ် တို့ကို မှတ်ချက်နဲ့လာတဲ့သူတွေအဖြစ် သီးခြားခေါ်ထုတ်၊ ပုံစံထိုင်ခိုင်းပြီးမှ ရိုက်နှက်တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ရိုက်တဲ့အချိန်မှာ သူတို့ကို လက်ထိတ်မခတ်ထားဘူး။ ခြေကျင်းသံဒေါက်တော့ ခတ်ထားတယ်။ လက်ထိတ်မခတ်ဘဲနဲ့ ထိုင်နေတဲ့အချိန်မှာ ရိုက်တဲ့အချိန်မှာ ဗညားနဲ့ ရဲထွဋ်ခေါင်တို့က အကြောင်းမရှိဘဲ ရိုက်လို့ဆိုပြီးတော့ ပြန်ထိုးတယ်တဲ့။ ပြန်ထိုးတဲ့ အချိန်မှာ အားမမျှဘူးပေါ့။ ပြန်လုပ်ခံရတာပေါ့။ သူတို့ လေးယောက်ကို မဲရိုက်ပြီးတော့ လက်ထိတ်ခတ်ပြီးမှ ဆွဲခေါ်ပြီးတော့မှ တိုက်ပိတ်ပစ်လိုက်တယ်။ တိုက်ပိတ်ထားပြီး တော့ မနက်တိုင်း ထုတ်ရိုက်တာတဲ့။ မင်းတို့ အရေးတော်ပုံ အောင်နေပြီလား။ မေးမေး ပြီး ရိုက်တယ်တဲ့။ ငါတို့ နိုင်ကို နိုင်ရမည်ဆိုတာ အော်ပါဦး၊ အော်ပါဦး ဆိုပြီး ပြောပြော ပြီး ရိုက်တယ်"

တခြား နိုင်ငံရေးအကျဉ်းသားတွေက ဒီဖြစ်ရပ်ကို ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်း သိအောင် ကြိုးစားတဲ့အခါမှာ ICRC က အကျဉ်းထောင်တွေကို ဝင်စစ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဇူလိုင်လ ၁၈ ရက်နေ့မှာတော့ တိုက်ပိတ်ထားသူတွေကို ဖြေလျှော့ ပေးခဲ့တယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ လူငယ်လေးယောက်စလုံးဟာ နေ့စဉ်ရိုက်နှက် ခံရတဲ့ ဒဏ်ရာတွေကို အခုချိန်ထိ ခံစားနေရပြီး ဆေးကုမပေးဘူးလို့လည်း ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ RFA ရဲ့ အခြား သတင်းရင်းမြစ်တစ်ခုကတော့ အဲဒီ လူငယ် လေးယောက်စလုံး အခြေအနေ အတော်ဆိုးနေပြီး နှာနုရိုးကျိုး၊ ခေါင်းကွဲ၊ သွားတွေ ပါ ကျွတ်ထွက်တဲ့အထိ ရိုက်နှက်ခံထားရတယ်လို့ ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တိတိကျကျသိနိုင်ဖို့ ရန်ကုန်မြို့က အကျဉ်းဦးစီးဌာန တာဝန်ရှိသူ တွေကို RFA က တယ်လီဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားတဲ့သူမရှိပါဘူး။ ICRC အနေနဲ့ အကျဉ်းထောင်တွင်း ဝင်ရောက်စစ်ဆေးခွင့်သိနိုင်ဖို့အတွက် ရန်ကုန်မြို့မှာရှိတဲ့ ICRC ရုံး တာဝန်ရှိသူတွေကို RFA က အီးမေးလ်ကတစ်ဆင့် စာရေးမေးမြန်းတဲ့အခါ သူတို့ရဲ့ ထုတ်ပြန်ချက်အတိုင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ICRC (မြန်မာ) ရုံးခွဲရဲ့ ဇူလိုင်လ ၁၈ ရက် ထုတ်ပြန်ချက်မှာတော့ အကျဉ်းချခံထားရသူ တွေကို ဂုဏ်သိက္ခာရှိရှိ လူသားဆန်စွာဆက်ဆံဖို့ လိုအပ်ပြီး၊ အကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ ဘေး အန္တရာယ်ကင်းရေးဟာ အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။ အကျဉ်းသားတွေရဲ့ အခြေအနေကို လေ့လာစစ်ဆေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့အတွက် အကျဉ်းထောင်တွင်း ဝင်ရောက်ခွင့်ကို အာဏာပိုင်တွေက ၂၀၂၀ မတ်လကတည်းက ဆိုင်းငံ့ထားတယ်လို့ ICRC က ဆိုပါတယ်။

အခုရိုက်နှက်ခံရတဲ့ လူငယ်တွေဟာ ဘားအံတက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီး စစ်ကောင်စီကို ဆန္ဒပြမှု၊ တရားမဝင်အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ တရားမဝင် ဆိုင်ကယ်စီးမှု ပုဒ်မ - ၅၀၅ (က)၊ ပုဒ်မ - ၁၂၄ (ဂ)၊ ပုဒ်မ - ၈ တို့နဲ့ စုစုပေါင်း ထောင် ၁၂ နှစ် နဲ့ ၁၃ နှစ်စီ အသီးသီး ချမှတ်ခံထားရတာပါ။ ကျောင်းသားလူငယ်တွေဟာ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရတာနဲ့တင် အတော်နစ်နာနေပြီမို့လို့ ထောင်ထဲမှာ အခုလို နှိပ်စက် တာဟာ ပြင်းထန်တဲ့လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ရိုက်နှက်ခံရတဲ့ကျောင်းသား တစ်ဦးရဲ့ ဖခင်က ပြောပါတယ်။

"ကလေးတွေက ပြစ်ဒဏ်လည်း ကျခံပြီးသွားပြီ။ သူတို့လည်း ဥပဒေ၊ ထောင်စည်းကမ်း လည်း တစ်စုံတစ်ရာ ဖောက်ဖျက်ခြင်းမရှိဘဲနဲ့ အငြိုးအတေးကြီးနဲ့ပေါ့ဗျာ။ အကျဉ်းသား ရပိုင်ခွင့်တောင် မရဘဲနဲ့ အဲဒီလိုမျိုးကြီး လုပ်တာကတော့ လူ့အခွင့်အရေးချိုးဖောက်မှု ကတော့ တော်တော်လေး ပြင်းပြင်းထန်ထန် အခြေအနေမျိုးကို ဖြစ်တာပေါ့နော်။ စစ်ကောင်စီလက်ထက်မှာ အဲလိုပြင်းပြင်းထန်ထန် လုပ်လာတယ်လို့ ကျနော်တို့ အဲဒီလို ခံစားရတယ်။ တရားဥပဒေ စိုးမိုးမှုဆိုတာလည်း မရှိဘူး။ ဥပဒေက ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ သူတို့ စွပ်စွဲပြစ်တင်ပြီးရင် အဖမ်းခံရ၊ မတရားအမိန့်ကျခံရတာတွေ ဖြစ်နေတာ ပေါ့"

ဘားအံက မိဘဆွေမျိုးတွေက သာယာဝတီထောင်အထိလိုက်လာပြီး ထောင်ဝင်စာတွေ့ခွင့် ရဖို့ တောင်းဆိုခဲ့ပေမယ့် ပုဒ်မ - ၁၂၄ (ဂ)ကြောင့် တွေ့ခွင့်မရှိဘူးဆိုပြီး ထောင်အာဏာပိုင် တွေက အကြောင်းပြတယ်လို့ သူက ပြောပါတယ်။ အခုချိန်ထိ ဒဏ်ရာရထားတဲ့ သားဖြစ်သူ ကို တွေ့ခွင့်မရတာကြောင့် စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် မူဝါဒတစ်ခု ချမှတ်ပြီး နှိပ်စက် ညှဉ်းပန်းနေတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည် က ပြောတယ်။

"နိုင်ငံရေးအကျဉ်းသားတွေကို ခေါင်းထောင် မထလာနိုင်အောင် သူတို့က ဦးချိုးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးကို အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံး ချိုးဖောက်နေ တယ်။ အဲဒါကတော့ ထောင်အသီးသီးမှာ ပေါ်လစီချပြီးတော့ကို မင်းလားကွ တော်လှန်ရေး သမား၊ မင်းတို့အရေးတော်ပုံက အောင်နေပြီလားကွ ဆိုပြီးတော့ အဲလိုမျိုး ကို ရက်ရက်စက်စက် ကြမ်းကြုတ်စွာနဲ့ ဖိနှိပ်ညှဉ်းပန်း နှိပ်စက်နေတာသည် ထောင် အသီးသီးမှာ အဲဒါကတော့ အခုချိန်အထိ ရှင်သန်နေတယ်။ ဒီလှုပ်ရှားမှုကိုလည်း သူတို့ ဘက်ကနေပြီးတော့ မူချပြီးတော့၊ ပေါ်လစီချပြီးတော့ လုပ်ဆောင်နေတယ်ဆိုတာတော့ ကျနော် ပြောချင်ပါတယ်ဗျာ"

မြန်မာနိုင်ငံမှာ အကျဉ်းထောင်ပေါင်း ၄၀ ကျော် ရှိတဲ့အနက် အင်းစိန်ထောင်၊ ဘားအံ ထောင်နဲ့ သာယာဝတီထောင်တို့ဟာ အဆိုးဆုံးလို့လည်း ဦးထွန်းကြည်က ဆိုပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေကို ခေါင်းထောင်မထလာနိုင်အောင် သူတို့က ဦးချိုးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးကို အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံး ချိုးဖောက်နေတယ်"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထောင်မှူးကြီးဟောင်းတစ်ဦးကတော့ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက်ကြဆိုပြီး အထက်ကနေ နှုတ်မိန့်၊ စာမိန့်တွေနဲ့ ညွှန်ကြားတာ မျိုး မရှိပေမယ့် ထောင်အရာရှိတွေဟာ စစ်တပ်က အသွင်ပြောင်းလာသူတွေမို့လို့ အခုလို လွဲမှားစွာ နှိပ်စက်ညှဉ်းပန်းပြီး စီမံအုပ်ချုပ်နေတာလို့ RFA ကို ပြောပါတယ်။

ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးကတော့ အကျဉ်းထောင်လက်စွဲ ဥပဒေတွေအရ နိုင်ငံရေးအကျဉ်းသားအပါအဝင် ဘယ်အကျဉ်းသား ကိုမှ ကိုယ်ထိလက်ရောက် ရိုက်နှက်လို့မရဘဲ ရိုက်နှက်ရင် ရာဇဝတ်မှုမြောက်တယ်လို့ မှတ်ချက်ပေးပါတယ်။

"ဥပဒေသမားတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ ဒါတွေဟာတကယ်ပြောရင် ရာဇဝတ်မှုပါပဲ။ ဘာကြောင့်လဲဆိုတော့ အကျဉ်းထောင်လက်စွဲ ဥပဒေရဲ့ အကျဉ်းထောင် အက်ဥပဒေထဲမှာ ထောင် တာဝန်ခံအရာရှိကိုယ်တိုင်သည်ပင် ပြစ်ဒဏ် ၁၂ မျိုးကိုပဲ ပေးပိုင်ခွင့် ရှိတယ်။ ကျန်တဲ့သူ ဘယ်သူမှ ပေးပိုင်ခွင့်မရှိဘူး။ သို့သော် သူပေးနိုင်တဲ့ အပြစ် ၁၂ မျိုးထဲမှာကိုပဲ ကိုယ်ထိလက်ရောက် ရိုက်နှက်ခွင့် မရှိပါဘူး"

အကျဉ်းထောင်လက်စွဲဥပဒေမှာ အကျဉ်းသားကို အပြစ်ပေးချင်ရင် ထောင်တာဝန်ခံ အရာရှိမှတစ်ပါး ဘယ်သူကမှ မပြုလုပ်ရလို့ သတ်မှတ်ထားပြီး အပြစ်ပေးမယ်ဆိုရင် အလုပ်နေရာ ပြောင်းရွှေ့ချထားတာ၊ တိုက်ပိတ်တာနဲ့ ခြေကျင်းခတ်တာကိုပဲ လုပ်ပိုင်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

hpaan-students.jpg
ထောင်ဒဏ်ချမှတ်ခံထားရသည့် ဘားအံတက္ကသိုလ်ကျောင်းသားများကို တွေ့ရစဉ် (Photo: Hpa-an University Students' Union)

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦး ကတော့ အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထား နှိပ်စက်နေတာနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေဟာ တစ်ချိန်မှာ ပြန်ပေးဆပ်ရလိမ့်မယ်လို့ RFA ကို ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားမို့လို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ မတရား ညှဉ်းပန်းနှိပ်စက်နေတာတွေ၊ ပုံသဏ္ဌာန်မျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်နေတာတွေ ကျနော်တို့ ကြားသိနေရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒီညှဉ်းပန်းနှိပ်စက်မှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကျူးလွန်နေတဲ့သူတွေ၊ ဒီညှဉ်းပန်းနှိပ်စက်မှုကို အမိန့်ပေး စေခိုင်းတဲ့လူတွေအားလုံး တစ်ချိန်မှာ ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေက ပြည်တွင်းဥပဒေတွေရော၊ နိုင်ငံတကာဥပဒေတွေကိုရော ချိုးဖောက်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဥပဒေချိုးဖောက်တဲ့ ကိစ္စတွေအတွက် နောင်တစ်ချိန်မှာ ပါဝင်ပတ်သက် သူတွေ အားလုံး သေချာပေါက် ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်ဗျ"

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာယူချိန်ကစလို့ အကျဉ်းထောင်ထဲ မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်လို့လည်း သူက ပြောပါတယ်။

AAPP ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်အထိ တစ်နှစ်ကျော်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၁,၇၄၃ ဦး ရှိပြီး အဲဒီအထဲမှာ ၁၃၄၄ ဦးက ထောင်ဒဏ်အမိန့် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။