ကြိုတင်မဲ ပြဿနာတွေကြောင့် UEC ဝေဖန်ခံရ
2020.11.03
အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေရဲ့ ကြိုတင်မဲတွေကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက ကောက်ယူနေရာမှာ အမျိုးမျိုးသော ပြဿနာတွေရှိနေပြီး ဒီလိုပြဿနာတွေဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းချက်ကြောင့်ဖြစ်တယ်လို့ ပြောဆိုနေပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေဆီက ကြိုတင်မဲတွေကို အောက်တိုဘာ ၂၉ ရက်နေ့က နိုဝင်ဘာ ၅ ရက်အတွင်း အိမ်တိုင်ရာရောက် လိုက်လံကောက်ယူနေတာပါ။
ဒီလိုကောက်ယူရာမှာ ကြိုတင်မဲလက်မှတ်တွေမှာ သက်ဆိုင်ရာ မဲရုံမှူးရဲ့ လက်မှတ်မပါဝင်တာ၊ ကော်မရှင် တံဆိပ်တုံးအတုဖြစ်နေတာ၊ ကြိုတင်မဲပုံးတွေရဲ့ လုံခြုံရေးကြိုး ပြတ်တောက်သွားတာ၊ မဲပုံးကြွက်ဖောက်ခံရတာ စတဲ့ ပြဿနာတွေ နေရာအများအပြားမှာဖြစ်နေပါတယ်။
ကြိုတင်မဲကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲတွေက ဦးစီးဆောင်ရွက်ကြတာဖြစ်ပြီး ဒီလို ပြဿနာတွေဖြစ်နေတာဟာ ကော်မရှင်ရဲ့ အားနည်းချက်ကြောင့်ဖြစ်ပြီး ကော်မရှင်ရဲ့ သမိုင်းက သေသွားပြီလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဝေဖန်လိုက်ပါတယ်။
"တချို့ကော်မရှင်ဥက္ကဋ္ဌတွေက မဲပုံးအိမ်မသွားလို့ ဒါကမှန်ကန်ပါမယ်လို့ ဘယ်သူက အာမခံမလဲ၊ အခုဆို ကျနော်တို့ လုံခြုံစွာသိမ်းတာပဲ ကြွက်ကိုက်သွားတာ အဖြေမဟုတ်ဘူး၊ အဲလိုကြွက်ကိုက်လို့ အဲလိုသံသယ ဖြစ်ရင် အဲမဲပုံးကိုဖျက်မယ်၊ ဒါပေမဲ့ အဲဒီဒေသက ပြည်ခိုင်ဖြိုးအားကောင်းတဲ့ဒေသ တခြားပါတီအားကောင်းတဲ့ ဒေသဆိုရင်လဲ ပြဿနာကရှိနိုင်တယ်၊ အဲဒီတော့ ကော်မရှင်သည် လုံးဝ သမိုင်းသေပြီလို့ပဲ ပြောချင်တယ်။"
ကယားပြည်နယ် မယ်စဲ့မြို့နယ်မှာ ကြိုတင်မဲပုံးပိတ်တဲ့ လုံခြုံရေးကြိုး အလိုအလျောက် ပြတ်တောက်မှု ဖြစ်ပွားတာ၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်က ကြိုတင်မဲပုံးထဲကို ကြွက်ဝင်ပြီး ကြိုတင်မဲတွေ ပျက်စီးသွားတာ စတဲ့ပြဿနာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က ရပ်ကွက်တစ်ခုမှာလည်း မဲရုံမှူး လက်မှတ်မပါဝင်တဲ့ မဲလက်မှတ်တွေနဲ့ ဆန္ဒမဲ ကောက်တဲ့ပြဿနာ ဖြစ်ခဲ့ပါသေးတယ်။
အောက်တိုဘာ ၃၀ ရက်နေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မြို့မရပ်ကွက်မှာ တံဆိပ်တုံးအတုနဲ့ ဆန္ဒမဲ ပေးခိုင်းတာလည်း ဖြစ်ခဲ့ပါတယ်။
အဲဒီတံဆိပ်တုံး အတုကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားတယ်လို့ NLD ပါတီရဲ့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန်က ပြောပါတယ်။
"ဒီကိစ္စက သာမန်ကိစ္စမဟုတ်ဘူး ကြိုတင်ကြံစည်မှုလို့ယူဆတယ်၊ အဲဒါကို စုံခုံအဖွဲ့နဲ့ စစ်ဆေးဖို့လိုတယ်လို့ ဆိုပြီး သဘောထားပေးလို့ ခရိုင်နဲ့တိုင်းက ညွှန်ကြားလိုက်လို့ မြို့နယ်ကော်မရှင်က စုံခုံအထူးစုံစမ်းစစ် ဆေးရေးနဲ့ စစ်နေတယ်"
အဲဒီဖြစ်စဉ်မှာ ပါဝင်သူတွေအားလုံးကို ခုံရုံးဖွဲ့စစ်ဆေးနေပြီလို့ လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးလွင်က ဆိုပါတယ်။
"စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ပြီး ဆောင်ရွက်နေပါတယ်။ ကြိုတင်မဲက သုံးမဲပဲပေးရသေးတယ် အဲဒါကို အထက်ကို ပြန်ပေးထားပါတယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ့ စုံစမ်းစစ်ဆေးနေပါတယ်၊ ရပ်ကွက်ကော်မရှင် ဥက္ကဋ္ဌရယ် မဲရုံတာဝန်ကျတဲ့ကော်မရှင်ရယ် အခင်းဖြစ်တဲ့အချိန်မှာ ပါဝင်တဲ့သူတွေကို စစ်ဆေးနေတာပါ"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ကြိုတင်မဲနဲ့ ပတ်သက်တဲ့ ပြဿနာတွေဟာ နေရာအနှံအပြားမှာ ဖြစ်ပွားနေတာဖြစ်ပြီး ဒါဟာ ရွေးကောက်ပွဲကို ပျက်ပြား အောင် ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ မြင်မိကြောင်း ပြောပါတယ်။
"ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နိုင်အောင်လုပ်မယ် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တို့မနိုင်ရင် ရွေးကောက်ပွဲ ပျက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပုံရတယ်၊ အဲဒါကြောင့် ပြသနာတွေပေါ်လာတယ်လို့ မြင်တယ်၊ ဘာလို့လဲ ဆိုတော့ ဒါတစ်နေရာထဲမဟုတ်ဘူးလေ၊ နေရာအနှံမှာ ပုံစံတူတွေ ပေါ်လာတော့ ဒါရည်ရွယ်ချက်ရှိရှိလုပ်တယ် လို့ပဲ မြင်ပါတယ်"
ဒီလိုပြဿနာတွေအပြင် ကြိုတင်မဲကောက်ယူရာမှာ ပါတီအလံ၊ တံဆိပ်တွေ ဝတ်ဆင်ထားသူတွေ ပါဝင်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့အတူ လိုက်ပါနေတဲ့အပေါ် မေးခွန်းထုတ်နေတာတွေလည်းရှိနေပါတယ်။
မဲဆွယ်စည်းရုံးရေးကာလ မပြီးဆုံးသေးတဲ့အချိန်၊ ကြိုတင်မဲကောက်ယူတဲ့အချိန်မှာ ပေါ်ပေါက်နေတဲ့ ပြဿနာ တွေဟာ UEC ရဲ့ ကြိုတင်ပြင်ဆင်ထားမှု အားနည်းချက်တွေကြောင့်ဖြစ်တယ်လို့ တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ထောက်ပြပါတယ်။
"တဖက်မှာလည်း ကြိုတင်မဲလိုက်ကောက်တယ်၊ တဖက်မှာလည်း ရွေးကောက်ပွဲစည်းရုံးရေးကိစ္စက အခုချိန် ထိရှိနေတုန်းပဲ၊ တကယ်လို့သာ ကြိုတင်မဲလိုက်ကောက်တဲ့အခါ ရွေးကောက်ပွဲကော်မရှင်က ကြိုတင်စဉ်းစား ထားသင့်တယ်၊ ဒါမျိုးဖြစ်လာရင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို တိကျတဲ့ ညွှန်ကြားချက်ပေးထားဖို့လိုတယ်၊ ညွှန်ကြားချက်ထုတ်တော့ထုတ်တယ် ဒါပေမဲ့ ဒါနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု အားနည်းတယ်လို့ မြင် တယ်"
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ဒီပြဿနာ တွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သင်တန်းတွေ သေသေချာချာ မပေးနိုင်တဲ့ ပြဿနာအပြင် အောက်ခြေက ဝန်ထမ်းတွေကို ညွှန်ကြားချက် တိကျစွာ မပေးနိုင်တာကြောင့်လို့ ထောက်ပြပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြဿနာ တစ်ခုချင်းစီကို လိုက်ပြီး ဖြေရှင်းနေမယ့်အစား ကော်မရှင်အဖွဲ့ခွဲတွေဆီကို တိကျတဲ့ ညွှန်ကြားချက်တွေပေးဖို့ လိုအပ်နေပြီလို့ ကိုစိုင်းရဲကျော်စွာမြင့်က ထပ်မံ သတိပေးပြောကြားပါတယ်။
"ကြိုတင်မဲကိစ္စကို စဉ်းစားတဲ့အခါ ပထမတစ်ချက်က သင်တန်းတွေ သေချာမပေးနိုင်တာ ညွှန်ကြားချက်ကို အောက်ခြေကို သေသေချာချာ ညွှန်ကြားချက်မပေးနိုင်တာ ပြသနာတစ်ခုချင်းစီကို လိုက်ဖြေရှင်းမယ့်အစား ကြိုတင်မဲပြဿနာတွေက တစ်နိုင်ငံလုံးမှာဖြစ်နေတော့ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ ညွှန်ကြားချက်ကို တိတိ ကျကျ ညွှန်ကြားဖို့လိုပြီ၊ ဘယ်လိုလုပ်ရမလဲ ဘယ်လိုသွားကောက်ရမလဲ ဘယ်လိုရေတွက်ရမလဲဆိုတာ ဒီထက်ပိုတိကျတဲ့ အသေးစိတ်ညွှန်ကြားချက်လိုတယ်"
ကြိုတင်မဲ ပြဿနာတွေကိစ္စ ကော်မရှင်ကို ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို RFA က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမယ့် ဒီနေ့ညနေ ၅ နာရီခွဲအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆို ခြင်း မရှိသေးပါဘူး။
၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲပေးခွင့်ရှိသူ ၃၄ သန်းကျော် ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ၃၇ သန်းကျော် ရှိပါတယ်။
ရွေးကောက်ပွဲနေ့မှာ ပြည်ပရောက်နေသူတွေ၊ တာဝန်အရ မဲဆန္ဒနယ်အပြင်မှာရောက်ရှိနေမယ့် နိုင်ငံဝန်ထမ်းတွေ၊ အချုပ်ကျနေသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ၊ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရသူတွေ၊ မဲရုံကိုမလာရောက်နိုင်တဲ့ မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်မှာဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ကြိုတင်မဲ ပြဿနာတွေမှာ မဲဆန္ဒရှင်တွေရဲ့ အမှားကြောင့် မဟုတ်ဘဲ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့်ဖြစ်ပြီး ပယ်မဲဖြစ်သွားရတဲ့ မဲလက်မှတ်တွေကို တစ်စုံတစ်ခု ပြန်လည် လုပ်ဆောင်ပေးဖို့ကိုလည်း ပြောဆိုချက်တွေရှိနေပါတယ်။
----------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)