ဦးတေဇကို ဗြိတိန်ပိတ်ဆို့အရေးယူမှု ဘယ်လောက်ထိရောက်မလဲ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021.09.03

ဗြိတိန်နိုင်ငံဟာ ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့ အာဏာရှင်အစိုးရတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့အတွက် ပြဌာန်းထားတဲ့ Magnitsky Act ဥပဒေအရ မြန်မာ စစ်တပ်အတွက် လက်နက်ဝယ်ယူရာမှာ ဝန်ဆောင်မှုပေးနေတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ ထူးထရေးဒင်းကုမ္ပဏီအုပ်စုကို ပစ်မှတ်ထားအရေးယူပိတ်ဆို့မယ့် စာရင်းထဲထည့်သွင်းလိုက်ကြောင်း စက်တင်ဘာလ ၂ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဗြိတိန်အစိုးရဟာ မြန်မာ စစ်တပ်ရဲ့ ဝင်ငွေ အရင်းအမြစ်တွေကို တစ်ခုပြီးတစ်ခု ဖော်ထုတ်ပြီး၊ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နေတာ နည်းဗျူဟာ အသစ်ဖြစ်ပြီး ပိုပြီး ထိရောက်မှုရှိမယ်လို့ ယူဆကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က Mark Farmaner က ပြောပါတယ်။

“ဗြိတိန်အစိုးရဟာ မြန်မာ စစ်တပ်ရဲ့ ဝင်ငွေအရင်းအမြစ်တွေကို တစ်ခုပြီး တစ်ခု ရှာဖွေဖော်ထုတ်ပြီး ပိတ်ဆို့အရေးယူမှုအသစ်တွေချမှတ်နေတာဖြစ်ပါတယ်။ အခုဆိုရင် စစ်တပ်အတွက် ဝင်ငွေ ရှာပေးနေတဲ့ မြန်မာ့ ဦးပိုင် လီမိတက်နဲ့ ကျွန်းသစ်နဲ့ ကျောက်မျက်ရတနာ ရောင်းချပေးနေတဲ့ လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူထားပြီး ဖြစ်ပါတယ်။ ဦးတေဇဟာဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီး သူဖြစ်ပြီး၊ စစ်တပ်အတွက် လက်နက် တင်သွင်းရာမှာ ပါဝင်ကူညီနေသူ ဖြစ်ကြောင်း အထောက်အထားတွေ တွေ့ရပါတယ်။ အခုနှစ် အစောပိုင်းက စစ်ခေါင်းဆောင်တွေ ရုရှားနိုင်ငံကို သွားရောက်ပြီး လက်နက် အမြောက်အများ ဝယ်ယူတဲ့ ခရီးစဉ်မှာလဲ လိုက်ပါသွားတာ တွေ့ရပါတယ်။ ခုလို ချမှတ်လိုက်တာ ကြီးမားတဲ့ တိုးတက်မှု တစ်ခုဖြစ်ပါတယ်။ အရင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်ထက်က မြန်မာ နိုင်ငံကို ခြုံငုံပြီး စီးပွားရေး ပိတ်ဆို့ မှု တစ်ခုတည်း ချမှတ်ပြီး ပြီးသွားပါတယ်။ အခုနောက်ပိုင်း အမေရိကန်၊ ဗြိတိန်နဲ့ အီးယူနိုင်ငံတွေဟာ စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို ရှာဖွေ ဖော်ထုတ်ပြီး၊ ပိတ်ဆို့အရေးယူမှု အသစ်တွေ တစ်ခုပြီး တစ်ခု ချမှတ်သွားမယ့် နည်းဗျူဟာကို ကျင့်သုံးလာတာ တွေ့ရပါတယ်။ ပိတ်ဆို့ အရေးယူတဲ့ နိုင်ငံ တွေ တိုးလာတာနဲ့အမျှ မြန်မာစစ်တပ်နဲ့ စစ်တပ်ကို ထောက်ခံသူတွေအနေနဲ့ အကျိုးအမြတ်ရဖို့ ခက်ခဲမှာ ဖြစ်ပါတယ်”

တစ်ချိန်က မြန်မာစစ်တပ်ကို စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ရာမှာ မပါဝင်ခဲ့တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဟာလည်း ဖေဖော်ဝါရီလ ၁ရက် အာဏာသိမ်းမှုအပြီးမှာ မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူတဲ့ နိုင်ငံတွေထဲမှာ ပါဝင်လာတဲ့အတွက် အောင်မြင်တယ်လို့ ဆိုနိုင်ကြောင်း Mark Farmaner က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံတော်ဘဏ္ဍာငွေတွေကို အသုံးပြုပြီး လက်နက်ဝယ်ယူရာမှာ ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးနေသူတွေဟာ စစ်တပ်က တာဝန်ရှိသူတွေကို နိုင်ငံတကာက လက်နက်ရောင်းမယ့် ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးရပြီး ငွေကြေးလွှဲပြောင်းမှုနဲ့ အခြားဝန်ဆောင်မှုတွေ လုပ်ပေးရပြီး၊ တကယ်လို့ အရောင်းအဝယ်ဖြစ်ခဲ့ရင် ရောင်းသူ၊ ဝယ်သူ နှစ်ဖက်လုံးဆီကနေ အကျိုးဆောင်ခကို ရာခိုင်နှုန်းအလိုက် ရရှိတဲ့အတွက် အလွန်အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းဖြစ်တယ်လို့လည်း RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

20140905-_dsc7968.jpg
၂၀၁၄ ခုနှစ်က ပြင်ဦးလွင်မြို့နယ်၊ စစ်နည်းပညာတက္ကသိုလ်မှာ ထူးကုမ္ပဏီနဲ့ GDZR ကုမ္ပဏီတို့က လှူဒါန်းခဲ့သော စစ်အားကစားကွင်းဖွင့်ပွဲမှာ တွေ့ရတဲ့ ဦးတေဇ။ (Photo: U Tay Za)

မြန်မာ့တပ်မတော်မအနေနဲ့ လက်နက်ဝယ်ယူရာမှာ အစိုးရချင်းချိတ်ဆက်ပြီး တိုက်ရိုက်ဝယ်ယူမယ်ဆိုရင် အကျင့်ပျက်ခြစားမှု ဖြစ်ဖို့ မလွယ်ကူကြောင်း၊ ဒါပေမယ့် ကြားခံ ပွဲစားကို အသုံးပြုပြီး လက်နက်ဝယ်ယူတဲ့အတွက် ၊ စစ်ခေါင်းဆောင်တွေဟာ ကြားပွဲစားအတွက် ရမယ့် အကျိုးဆောင်ခကနေ အကျိုးအမြတ်ရဖို့ ဖြစ်နိုင်ခြေ ရှိနေတယ်လို့လည်း အဲဒီကျွမ်းကျင်သူက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ခရိုနီလို့ အများက ခေါ်ကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ နီးစပ်မှုကြောင့်၊ စီးပွားရေး လုပ်ရာမှာ အထူးအခွင့်အရေးရနေကြပေမယ့်၊ ခရိုနီ လုပ်ငန်းရှင်အားလုံးကတော့ လက်နက်ပွဲစားလုပ်နေတာ မဟုတ်ကြောင်းလည်း အဲဒီကျွမ်းကျင်သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေရဲ့ တာဝန်ယူမှုရှိရေးအတွက် လုပ်ဆောင်နေတဲ့ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြု ဌာန (MCRB) က မစ္စဗစ်ကီ ဘိုမန် က တော့ မြန်မာစစ်တပ်အတွက် လက်နက်ပွဲစား လုပ်ပေးနေတဲ့ လုပ်ငန်းရှင်တွေကို ပစ်မှ်တထား ပိတ်ဆို့ အရေးယူတာတွေကို အမေရိကန်၊ ဥရောပ သမဂ နဲ့ အခြားနိုင်ငံတွေကလည်း အလားတူ လိုက်လုပ်လာကြလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“ ဦးတေဇနဲ့ သူပိုင်တဲ့ ထူးထရေးဒင်း ကုမ္ပဏီလုပ်ငန်းစုတွေကို ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တာဟာ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူရာမှာ ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးနေတဲ့အတွက် ဖြစ်နိုင်ပါတယ်။ ဒါဟာ အခုအချိန်မှာ ဗြိတိန်၊ အီးယူနဲ့ အခြား နိုင်ငံတော်တော်များများက တကမ္ဘာလုံး အတိုင်းအတာနဲ့ မြန်မာနိုင်ငံကို လက်နက်တင်သွင်းမှု ပိတ်ပင်ဖို့ ကြိုးပမ်းအားထုတ်မှုရဲ့ တစ်စိတ်တပိုင်းလည်း ဖြစ်ပါတယ်။ မြန်မာ့စစ်တပ်အတွက် လက်နက်ပွဲစား လုပ်ပေး နေတဲ့ အခြား လုပ်ငန်းရှင်တွေကိုလည်း ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ တိုးချဲ့လာမယ်လို့ ထင်ပါတယ်။ ဒီလို အရေးယူလိုက်တာဟာ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာ စစ်တပ်အတွက် လက်နက်ပွဲစား လုပ်နေမယ်ဆိုရင် အခြား တရားဝင်လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ်မှာလည်း ထိခိုက်လာမယ်ဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။”

20140905-_dsc8134.jpg
၂၀၁၄ ခုနှစ်က ပြင်ဦးလွင်မြို့နယ်၊ စစ်နည်းပညာတက္ကသိုလ်မှာ ထူးကုမ္ပဏီနဲ့ GDZR ကုမ္ပဏီတို့က လှူဒါန်းခဲ့သော စစ်အားကစားကွင်းဖွင့်ပွဲမှာ တွေ့ရတဲ့ ဦးတေဇ။ (Photo: U Tay Za)

ဗြိတိန်နိုင်ငံက ဦးတေဇနဲ့ ထူးကုမ္ပဏီကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေ လုပ်လိုက်တာ တကယ်ပဲ ထိရောက်မှု ရှိမလားဆိုတာနဲ့ ပတ်သက်ပြီး က ခုလို ပြောပါတယ်။

“ ဦးတေဇနဲ့ သူပိုင်တဲ့ ကုမ္ပဏီတွေဟာ ပိတ်ဆို့အရေးယူမယ့် စာရင်းထဲမှာ အမြဲလိုလို ပါဝင်နေတဲ့အတွက်၊ ၂၀၁၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ပြန်လည်ဝင်ရောက်လာတဲ့ အချိန်ကတည်းက နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေဟာ ဦးတေဇပိုင်တဲ့ ကုမဏီတွေနဲ့ ADG ဘဏ်နဲ့ အဆက်အဆံမလုပ်ပဲ သတိထား ရှောင်ကြဉ်ခဲ့ကြပါတယ်။ အစကတည်းက နိုင်ငံတကာ လုပ်ငန်းတွေနဲ့ ထိတွေ့ ဆက်ဆံမှု အနည်းဆုံး အနေအထားမှာပဲ ရှိတဲ့အတွက် ဦးတေဇနဲ့ ထူးကုမဏီအုပ်စုအတွက် သိပ်ပြီးတော့ အပြောင်းအလဲ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခုလို ပစ်မှတ်ထား အရေးယူမယ့် စာရင်းထဲမှာ ထည့်လိုက်တဲ့အတွက် ထူးကုမဏီကို သတိထားဆက်ဆံမယ့် စီးပွားရေး လုပ်ငန်းတွေ တကမ္ဘာလုံး အတိုင်းအတာနဲ့ တိုးပွားလာမှာဖြစ်ပါတယ်။ အထူးသဖြင့် အာရှနိုင်ငံတွေမှာ ဗြိတိန် နိုင်ငံနဲ့ စီးပွားရေး ဆက်ဆံမှု ရှိတဲ့ ကုမဏီတွေ ၊ ဘဏ်လုပ်ငန်းတွေ အားလုံးဟာ ဦးတေဇပိုင် ကုမဏီတွေနဲ့ အတူအလုပ်လုပ်ဖို့ လက်တွန့်လာကြမှာ ဖြစ်ပါတယ်။ “

ထူးကုမဏီဟာ စင်္ကာပူနိုင်ငံမှာ ရုံးခွဲဖွင့်လှစ်ထားပြီး စင်္ကာပူနိုင်ငံနဲ့ စီးပွားရေး ဆက်ဆံမှုလည်း အများဆုံး ရှိနေတဲ့အတွက် ဗြိတိန်နိုင်ငံက ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေဟာ အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိလာနိုင်တယ်လို့လည်း သူမက သုံးသပ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ အခုလို ဗြိတိန်အစိုးရက မြန်မာ စစ်တပ်အတွက် လက်နက်ဝယ်ယူရာမှာ ငွေကြေး ဝန်ဆောင်မှုပေးနေတဲ့ ဦးတေဇနဲ့ ထူးထရေးဒင်း ကုမ္ပဏီ အုပ်စုကို ပစ်မှတ်ထား အရေးယူဖို့ ဆုံးဖြတ်ချက် ချလိုက်တာနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်း မနေ့က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။