ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ကြိုးစားမှု မြန်မာ့အရေး လှုပ်ရှားသူတွေ ရှုတ်ချ

2021.08.05

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ နေထိုင်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အဖွဲ့အစည်း တစ်ခုက ဒီရက်ပိုင်းအတွင်း အခကြေးငွေပေးပြီး ကြိုးစားခဲ့ပါတယ်။

သံအမတ်ကြီးကို သတ်ဖြတ်ပေးဖို့ နယူးယောက်မြို့မှာ လက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို အဲဒီအဖွဲ့အစည်းက အခကြေးငွေပေး ငှားရမ်းခဲ့တာဖြစ်ပြီး အဲဒီ မြန်မာနိုင်ငံသားက ဦးကျော်မိုးထွန်းကို ဆက်သွယ်ပြီး အကြောင်းစုံကို ပြောပြခဲ့ပြီးနောက်မှာ သံအမတ်ကြီးက အမေရိကန်အစိုးရ လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်တွေကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီမြန်မာနိုင်ငံသားဟာ အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ဗီဇာနဲ့ လာရောက်ပြီးနောက်မှာ ခိုလှုံခွင့် တောင်းထားသူဖြစ်ကြောင်းနဲ့ သူ့ကို အခု အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေးအရာရှိတွေက စစ်ဆေးမေးမြန်းနေကြောင်းလည်း သိရပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို လက်မခံကြောင်း ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံအတွက် ရပ်တည်ပြခဲ့သူ ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းကို ခုလို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတာနဲ့ ပတ်သက်ပြီး ၁၉၉ဝ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် အင်ဒီယားနားပြည်နယ်မှာ နေထိုင်တဲ့ ဒေါက်တာတင့်ဆွေက မြန်မာပြည်က စစ်ခေါင်းဆောင်တွေဟာ အခုလို လုပ်ကြံသတ်ဖြတ်တာတွေကို အရင်ကလည်း ကျူးလွန်ဖူးတယ်လို့ ဆိုပါတယ်။

drtintswe1.jpg"နဝတ နအဖ အစိုးရလက်ထက်ကလည်း ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ထဲက ဝန်ကြီးနှစ်ဦးဟာ ပြည်ပမှာ လုပ်ကြံသတ်ဖြတ်ခြင်းခံရပါတယ်။ တစ်ဦးက တရုတ်ပြည်မှာ တစ်ဦးက ထိုင်းနိုင်ငံမှာ ဖြစ်ပါတယ်။ အဲ့ဒီလုပ်ကြံမှုနောက်မှာ စစ်အစိုးရပါတယ်လို့ ကျနော်က တထစ်ချ ယုံကြည်ပါတယ်။ ဒါကြောင့် စစ်အစိုးရဟာ သူ့အတိုက်အခံတွေကို ဘယ်နေရာနေနေ သတ်ဖြတ်ဖို့ ရှင်းလင်းဖို့ ဝန်မလေးဘူးလို့ သမိုင်းသာဓက ရှိပါတယ်။ အာဏာရှင်နိုင်ငံတွေလို့ ပြောနိုင်တဲ့ မြောက်ကိုရီးယားရယ် အလားတူ ရုရှားဟာ သူ့ရဲ့ အတိုက်အခံတွေကို နည်းမျိုးစုံနဲ့ ဘယ်နေရာမှာနေနေ ဘယ်နေရာရောက်နေနေ သတ်ဖြတ်တဲ့စနစ် ရှင်းလင်းတဲ့စနစ်ကို သုံးနေတော့ အခု စစ်ကောင်စီ အာဏာသိမ်း စစ်အစိုးရကလည်း အရင်ကတည်းက မြောက်ကိုရီးယားနဲ့ ဆက်ဆံမှု ကောင်းခဲ့တယ်။ အခုဆိုရင် ရုရှားနဲ့ပိုပြီးတော့ ဆက်ဆံလာတော့ကာ ဒီနှစ်နိုင်ငံရဲ့ ဥပမာတွေကို အသုံးချတယ်လို့လည်း ကျနော်သံသယရှိပါတယ် ခင်ဗျ"

နော်ဝေနိုင်ငံမှာ နေထိုင်တဲ့ ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဘိုသောင်းက အခုလိုသုံးသပ်ပါတယ်။

"ဒီအာဏာသိမ်း စစ်ကောင်စီ မင်းအောင်လှိုင်နဲ့ ပတ်သက်လို့ ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ သူတို့ရဲ့သဘောထား သူတို့ရဲ့ ရပ်တည်ချက်အရ ဦးကျော်မိုးထွန်းကိုလည်းပဲ သူတို့ရဲ့ လမ်းစဉ် လုပ်ငန်းစဉ်အရ ရွေးချယ်စရာ စဉ်းစားစရာ မရှိတဲ့အခါမှာ ဒီလိုအကြမ်းဖက်လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတယ်လို့ မြင်မိတယ်"

တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့က မြန်မာ့အရေးလှုပ်ရှားသူ ကိုရန်နိုင်ထွန်းကတော့ သံအမတ်ကြီးရဲ့ လုံခြုံရေးအတွက် ပိုပြီးဂရုစိုက်ဖို့ လိုလာပြီလို့ ရှုမြင်သုံးသပ်ပါတယ်။

"ဒါကတော့ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက်လို့ပဲ ပြောရမှာပဲ။ ဘယ်သူကနေပြီးတော့ ဒီလိုမျိုးလုပ်ကြံဖို့အတွက် စေလွှတ်လိုက်တယ် ဆိုတာက အများက သိရှိမှာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ သံအမတ်ကြီးရဲ့ လုံခြုံရေးအတွက်ကို ကျနော်တို့ ပိုပြီးဂရုစိုက်ရမယ်။ ဝိုင်းဝန်းပြီးတော့ အရင်ကထက်ပိုပြီး စောင့်ရှောက်ကြပါ။ ကာကွယ်ကြပါလို့ပဲ ကျနော်ပြောချင်ပါတယ်"

ဂျပန်နိုင်ငံမှာ မြန်မာ့အရေးလှုပ်ရှားနေတဲ့ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ ANU ရဲ့ အကြံပေး မိုင်ကျော်ဦးကလည်း အခုလိုပြောပါတယ်။

"အာဏာရှင်တွေကတော့ ထုံးစံအတိုင်းပေါ့။ သူတို့ကို ထိပါးကိုင်လှုပ်နိုင်တဲ့သူဆိုရင်တော့ အမြဲတမ်း ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ တုံ့ပြန်တတ်တယ်ဆိုတာ သိထားဖို့လိုတယ်။ ကျနော်တို့ တိုင်းရင်းသားမှာဆိုရင် မဟာမိတ်တွေမှာ အင်မတန်မှ အရေးကြီးတဲ့ ပုဂ္ဂိုလ်၊ အားလုံးပေါင်းစပ်ပေးနိုင်တဲ့ ခေါင်းဆောင် ပဒိုမန်းရှာ လုပ်ကြံခံရတာကို အမှတ်ရနေမိတယ်။ နောက်တစ်ခုက စစ်အာဏာရှင်တွေရဲ့အလိုကျ အမိန့်ပေးတာကို လက်ရဲဇက်ရဲလုပ်နေတဲ့သူရှိတာကို သတိထားဖို့ လိုတယ်။ နိုင်ငံတကာစာမျက်နှာမှာ အလွန်အရေးပါတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းလိုမျိုး အရေးကြီးတဲ့ ပုဂ္ဂိုလ်ဟာ ဘေးကင်းလုံခြုံဖို့ အရေးကြီးပါတယ်။ ဒီအချိန်မှာ ကျနော်တို့ ခေါင်းဆောင်ကောင်းမျိုးတွေ အဆုံးရှုံးမခံနိုင်ဘူးပေါ့နော်။

e1c814be-ec2a-49c3-baba-2d3625896723.jpeg
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ၂၀၂၁ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တွေ့ရစဥ်။ (Photo: UN)

နယူးယောက်မြို့က မြန်မာ့အရေးလှုပ်ရှားသူ ဦးသောင်းလှိုင်က ဦးကျော်မိုးထွန်းလုံခြုံရေး အတွက် မြန်မာနိုင်ငံသားတွေအားလုံး ကူညီဆောင်ရွက်နေကြကြောင်းနဲ့ အမေရိကန် ဖက်ဒရယ်လုံခြုံရေးအဖွဲ့ FBI ကလည်း တာဝန်ယူထားကြောင်း ပြောပါတယ်။

"ကျနော်တို့ ဒီကတော့ သံအမတ်ကြီးရဲ့ လုံခြုံရေးအရ အခုလို သတင်းကြားရတော့ ပိုပြီးတော့ စောင့်ရှောက်နေပါတယ် သံအမတ်ကြီးကို။ ကျနော်တို့ နယူးယောက်မှာ ရှိတဲ့ Community ကတော့ သံအမတ်ကြီးအပေါ်မှာ ၂၄ နာရီ တာဝန်ယူနေပါတယ်။ ဖက်ဒရယ်ကလည်း လုံခြုံရေးအပြည့်ပေးထားပါတယ်"

အမေရိကန်ပြည်ထောင်စု ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း မိမိတို့ရဲ့ ကာကွယ်ရေးအစီအစဉ်တွေကို အသေးစိတ် ပြောဆိုထုတ်ပြန်ခြင်း မရှိပါဘူးလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

ဒီအမှုရဲ့ နောက်ကွယ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ် ပါဝင်ပတ်သက်နေတယ်လို့ လူတချို့က ယူဆပေမယ့် RFA က အတည်ပြုနိုင်ခြင်း မရှိသေးသလို မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူကိုလည်း လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။

အခုလို သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် အခကြေးငွေပေး ခိုင်းစေမှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပိုမိုရရှိဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။