တပ်မတော်ထိပ်သီးတွေနဲ့ မိသားစုဝင်တွေကို အမေရိကန် ဝင်ခွင့်ပိတ်တဲ့အပေါ် အမြင်များ
2019.07.17

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတယ်ဆိုပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင် လေးဦးနဲ့ မိသားစုဝင်တွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ကို လာရောက်ခွင့်ပိတ်လိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး ရှင်းလင်းမှုအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက ဥပဒေမဲ့ သတ်ဖြတ်မှုတွေအပါအဝင် လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေအဖြစ် အရေးယူလိုက်တာလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ ကြေညာလိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင်နဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အမေရိကန်ကို လာရောက်ခွင့် ပိတ်လိုက်တာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ဟာ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။
"တပ်မတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ နိုင်ငံတကာ အဆင့်မီ တပ်မတော် တည်ဆောက်နေတာဖြစ်တယ်။ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာပိုင်းကိုတော့ ထိပါးစေပါတယ် ခင်ဗျ။ အရင်ကတည်းက ပိတ်ဆို့မှုတွေရှိပြီး ဖြစ်ပါတယ်။ အသိမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ မြန်မာ့တပ်မတော်က နိုင်ငံတကာ အဆင့်မီတပ်မတော် တည်ဆောက်ရေး လုပ်ငန်းစဉ်က ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ ကျနော်တို့က ဖြေရှင်းသွားမယ်ဆိုတဲ့ အပိုင်းထက် ကျနော်တို့ လုပ်ဆောင်စရာရှိတဲ့ လုပ်ငန်းတွေကို လုပ်သွားမယ်။ ကျနော်တို့ ရပ်တည်ချက်အတိုင်းပဲ သတင်း ထုတ်ပြန်သင့်တာတွေ နိုင်ငံတကာကို ပြောသင့်တာတွေကို ကျနော်တို့ လုပ်ဆောင်ချက် အတိုင်းပဲ ဆက်လက် လုပ်ဆောင်သွားပါမယ်"
ဒီလိုအရေးယူမှုကို လူ့အခွင့်အရေးလှုပ်ရှားနေကြသူ တချို့က လက်ခံတယ်လို့ ပြောကြပေမယ့် ဒါဟာ ထိရောက်တဲ့အရေးယူမှုမျိုးမဟုတ်တဲ့အတွက် အကျိုးသက်ရောက် ကြီးကြီးမားမား မရှိနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။
ဒီလိုပိတ်ဆို့မှုတွေကြောင့် တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရပ်တန့်သွားဖို့ မရှိနိုင်ဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်းက ပြောပါတယ်။
"ကိုယ်လုပ်ထားတဲ့အရာတွေရှိလို့ ပြန်ခံရတဲ့ အနေအထားရှိတယ်လို့ ကျနော့် အနေနဲ့ ပြောချင်တယ်။ မြန်မာစစ်တပ်ရဲ့ ဥပဒေချိုးဖောက်မှုတွေ၊ တိုင်းရင်းသား ပြည်နယ်တွေမှာ ချိုးဖောက်နေတဲ့ ကိစ္စတွေက ရပ်တန့်သွားဖို့ အလားအလာတော့ မမြင်ဘူး။ ဒီလိုမျိုး ပိတ်ဆို့လိုက်ခြင်းက နာမည်တပ်ပြီးတော့ အရှက်ခွဲလိုက်တဲ့ဟာ ထက်မပိုဘူးလို့ မြင်တယ်။ နိုင်ငံရေးအရပေါ့နော်"
အဂတိလိုက်စားမှုတွေ၊ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံခြားတိုင်းပြည်တွေက အစိုးရအရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အမေရိကန်ကို လာရောက်ဖို့ ပိတ်ပင်နိုင်တဲ့ ဥပဒေ အမေရိကန် နိုင်ငံခြားရေးဌာနမှာ ရှိပါတယ်။
ဒီဥပဒေအရ အရေးယူတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လူသိရှင်ကြား ဒါမှမဟုတ် သီးခြားထုတ်ပြန်ပေးရမယ်လို့လည်း ပြဌာန်းထားပါတယ်။
တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို အခုလိုအရေးယူထားတာနဲ့ ပတ်သက်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာဦးစီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေ ပြောတာက
ကျနော်တို့က ဒါနဲ့ပတ်သက်လို့ သိပ်လည်း တရားဝင် ပြောလို့မရပါဘူး
"ကျနော်လည်း အဲဒါကို ကြားပါတယ်ဗျာ။ သို့သော်လည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းတာကတော့ နိုင်ငံရေးရာဦးစီးဌာနကပါ။ ကျနော်တို့က ဒါနဲ့ပတ်သက်လို့ သိပ်လည်း တရားဝင် ပြောလို့မရပါဘူး"
ဒီကိစ္စနဲ့ ပတ်သက်လို့ တာဝန်ယူဆောင်ရွက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန်ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် လက်ခံဖြေကြား တာမရှိပါဘူး။
ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဒု အမြဲတမ်းအတွင်းဝန် ဦးအောင် ကျော်ဇံတို့ကို ဆက်သွယ်ရာမှာလည်း ဖုန်းလက်ခံဖြေကြားမှုမရှိသလို ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေးကလည်း လုပ်ငန်းတာဝန်နဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီကို ရောက်ရှိနေတယ်လို့ တာဝန်ကျ ရုံးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အမေရိကန်ဟာ မြန်မာ့တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်တွေအပေါ် လူသိရှင်ကြား အရေးယူလိုက်တဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အမေရိကန်ဟာ ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် အတွင်း မြန်မာ့တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်တွေအပေါ် ဒီလိုအရေးယူမှုတွေ ချမှတ်ခဲ့တာရှိပြီး ဒါဟာ မြန်မာနိုင်ငံအပေါ်သိသာတဲ့ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အမေရိကန်နိုင်ငံက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို ဂရုစိုက်တယ်ဆိုတဲ့ ပုံကိုပြလိုတာကြောင့် အခုလိုဆောင်ရွက်တာလို့ မြင်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ကပြောပါတယ်။
"သူတို့ ပြည်တွင်းနိုင်ငံရေးမှာ အမေရိကန်နိုင်ငံက လူ့အခွင့်အရေးကို ဂရုစိုက်တယ်။ ဒီမိုကရေစီအရေးကို မြှင့်တင်တယ်ဆိုတဲ့ ပုံရိပ်ကလည်း လုပ်ရသေးတာကို အထူးသဖြင့် ထရမ့် အစိုးရ အနေနဲ့ မက္ကဆီကို ဘက်ကနေ ဝင်လာတဲ့ ခိုလှုံခွင့်တောင်းခံသူတွေအပေါ် ကိုင်တွယ်တာ ပြင်းထန် လွန်းအားကြီးတယ်။ အရှေ့အလယ်ပိုင်း ဒေသတွေမှာ ဒုက္ခသည်တွေအပေါ် ဂရုမစိုက်ဘူး၊ လူမျိုးရေး ခွဲခြားတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေတဲ့အချိန်မှာ မြန်မာနိုင်ငံလိုမျိုး ထိုးနှက်ရ လွယ်တဲ့ဟာကို လုပ်တာ ပါပဲ။ တပ်မတော်အနေနဲ့ ၂၀၁၁ ကနေ ၂၀၁၆ ကြားကာလမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ စကားအတိုင်းပြောရရင် Standard Army ပေါ့နော်။ နိုင်ငံတကာ တပ်မတော်တွေရဲ့ စံနှုန်းနဲ့ညီအောင် ကြိုးစားလာတယ်။ အနောက်နိုင်ငံ တပ်မတော်တွေနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်မယ်ဆိုတဲ့ ကိစ္စတွေတော့ ရပ်တန့်သွားမှာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် မြန်မာ့တပ်မတော်ကို အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ တရုတ်နိုင်ငံဘက်ကို တွန်းပို့ လိုက်သလို ဖြစ်မှာပဲ"
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ မြန်မာအစိုးရအနေနဲ့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးမယူသေးတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ပြောထားပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကလည်း လုပ်သင့်တာတွေကို မလုပ်သေးဘူးလို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ချယ်ရီဇာဟောင် ကပြောပါတယ်။
"အမေရိကန်အစိုးရက ဒီမိုကရေစီလမ်းကြောင်းမှာ ပိုပြီးတော့ အားကောင်းအောင်ဆိုတဲ့ သဘောနဲ့ ပိတ်ဆို့မှုတွေကို လျှော့ခဲ့တယ်။ ဒါပေမဲ့ တိုးတက်အောင်မလုပ်ဘဲ ပိုဆိုးဝါးလာတာကို တွေ့ရတယ်။ ဥပမာအားဖြင့် ၂၀၁၇ ရခိုင်မှာ ဖြစ်ပျက်နေတဲ့အရာတွေ၊ သတင်းမီဒီယာတွေကို ဖမ်းတဲ့အရာတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူ၊ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေကို ဖမ်းတဲ့ကိစ္စတွေ။ တပ်မတော်ဘက်ကကော၊ လက်ရှိအစိုးရဘက်ကကော လူ့အခွင့်အရေး မြှင့်တင်ပေးဖို့ရန်အတွက် ဘာမှလုပ်စရာရှိတာတွေ မလုပ်သေးဘူးဆိုတဲ့ သက်သေတွေ အများကြီးရှိနေတယ်။ အဲဒါတွေကြောင့် ပိတ်ဆို့မှုတွေထဲမှာ တပ်မတော် ခေါင်းဆောင်လေးဦး ပါလာတာပေါ့"
အခုလိုအရေးယူတာဟာ အင်းဒင်ရွာလူသတ်မှု ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို လပိုင်းလောက်သာ အကျဉ်းချထားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ ပြန်လွှတ်ပေးလိုက်ပေမယ့်၊ ဒီသတ်ဖြတ် မှုအကြောင်း ဖော်ထုတ်ခဲ့တဲ့ သတင်းထောက်တွေကိုတော့ ရက်ပေါင်း ငါးရာကျော် အကျဉ်းချခဲ့တာကြောင့်လည်း ပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ယှဉ်မယ်ဆိုရင် လက်ရှိ အစိုးရလက်ထက်မှာ တပ်မတော်အနေနဲ့ စစ် ဆင်ရေးနယ်မြေတွေမှာ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာ တွေပိုများလာနေတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။
"ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ စာရင်တော့ နည်းနည်းပိုပြီးတော့ တပ်မတော်က စည်းကမ်းဥပဒေ လိုက်နာမှုလျော့လာသလားလို့ ဥပမာအားဖြင့် စစ်ဆင်ရေးလုပ်တဲ့ကာလတွေမှာ အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေ ထိခိုက်တဲ့ကိစ္စတွေ၊ မသေချာဘဲနဲ့ ပစ်လိုက်ခတ်လိုက်တဲ့ဟာမျိုးတွေမှာ အရပ် သားတွေ ထိခိုက်တာမျိုးတွေပေါ့။ အဲ့ဒီကိစ္စတွေက ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်တဲ့ ဖြစ်စဉ်ထဲမှာ နည်းနည်းပိုများလာသလားလို့"
ပြည်ထောင်စုအဆင့် လွှတ်တော်တွေမှာလည်း တပ်မတော်က စစ်ဆင်ရေးနယ်မြေတွေမှာ လူ့အခွင့် အရေးချိုးဖောက်မှုတွေရှိနေတာနဲ့ ပတ်သက်လို့ လွှတ်တော်တွင်း ကိုယ်စားလှယ်တွေက ထောက်ပြ ဆွေးနွေးတာတွေ အားနည်းတယ်လို့ ပြောကြပါတယ်။
တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေအပေါ် အရေးယူပိတ်ဆို့မှုနဲ့ ပတ်သက်လို့ RFA က လူ့အခွင့် အရေးဆောင်ရွက်နေသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့ကို ဒီနေ့ မေးမြန်းကြည့်ရာမှာလည်း သူတို့အနေနဲ့ တစ်စုံတရာဖြေကြားလိုက်ခြင်းအားဖြင့် မလိုလားအပ်ဘဲ တပ်မတော်ရဲ့ အမြင်မကြည်လင်မှုကို ခံရနိုင်တာကြောင့် မဖြေကြားလိုဘူးလို့ ငြင်းဆန်တာတွေရှိသလို ကျန်းမာရေးနဲ့ တခြား ပုဂ္ဂလိက အကြောင်းပြချက်တွေနဲ့ ဖြေဆိုဖို့ငြင်းဆန်တာတွေ ရှိခဲ့ပါတယ်ရှင်။
(RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြသည်)