NLD ပါတီ ရွေးကောက်ပွဲစည်းကမ်းတွေကို ဖောက်ဖျက်မဲဆွယ်တယ်လို့ USDP စွပ်စွဲ

သက်စုအောင်
2020.09.10

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကပ်ရောဂါကာလ စည်းကမ်းသတ်မှတ်ချက်တွေကို ကျော်လွန်ပြီး လူရာနှင့်ချီ မဲဆွယ်ခဲ့တဲ့အတွက်၊ သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ဒီအပေါ် ဘယ်လိုထိန်းကျောင်းသွားမလဲ ဆိုတာကို စာပေးပို့ မေးမြန်းသွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောပါတယ်။

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒီစွပ်စွဲချက်ကို ငြင်းပယ်လိုက်ပါတယ်။

ပြိုင်ဘက်ပါတီဖြစ်တဲ့ NLD ဟာ မဲစဆွယ်ခွင့်ရတဲ့ စက်တင်ဘာ ၈ ရက်နေ့မှာပဲ နေပြည်တော် ဇေယျာသီရိမြို့နယ် က ရွာနှစ်ရွာကို မဲဆွယ်သွားတဲ့အခါမှာ လူရာနဲ့ချီ မဲဆွယ်နေတာကို တွေ့ခဲ့ရပြီး၊ ဒါဟာ ကိုဗစ်ကာလအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။

"မနေ့က ကျနော့်နယ်မြေထဲမှာ ရွာနှစ်ရွာလောက် သွားလိုက်ပါတယ်၊ သွားတဲ့အခါ အဓိက ပြိုင်ဖက်ပါတီက လူတွေ ရာပေါင်းများစွာနဲ့ လှုပ်ရှားနေတာကိုတွေ့တယ်၊ ကိုဗစ်နဲ့ ထုတ်ပြန်ထားတာတွေနဲ့လည်း မကိုက်ညီဘူး၊ လူတွေ ဆိုင်ကယ်တစ်စီးပေါ်မှာ လူသုံးလေးယောက်၊ ကားတွေရော လူတွေရော ရာနဲ့ချီပြီးတော့ လှုပ်ရှားနေ တာတွေက ဒီနေ့ ကြိမ်ဖန်များစွာ ထိပ်ဆုံးက တာဝန်ရှိသူတွေပြောနေတဲ့ ကိုဗစ် စည်းကမ်းနဲ့အညီ ရွေးကောက် ပွဲ မဲဆွယ်မှုတွေ လုပ်ပါဆိုတာတွေနဲ့ ကိုက်ရဲ့လား၊ ကျနော်တို့ ဒီနေ့ စာထုတ်ပြီး ဝန်ကြီးဌာနကို မေးမှာပါ၊ ဘယ်သူထိန်းမလဲ"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာ စက်တင်ဘာ ၉ ရက်နေ့ကလုပ်တဲ့ ပါတီအောင်လံလွှင့်ထူတဲ့ အခမ်းအနားအပြီးမှာ ဦးသန်းဌေးက မီဒီယာတွေကို ပြောကြားခဲ့တာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးဟာ လာမယ့်ရွေးကောက်ပွဲမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာ သီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ ဇေယျာ သီရိမြို့နယ်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ၊ တပ်မတော်သားမိသားစုဝင်တွေ နေထိုင်တာများတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။

လက်ရှိ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဇေယျာသီရိနဲ့ အတူ မြို့နယ် လေးခုပါဝင်တဲ့ နေပြည်တော်ကောင်စီနယ်မြေ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေ ကတော့ ပြိုင်ဘက်ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးရဲ့ စွပ်စွဲချက်တွေအပေါ်  အခုလိုတုံ့ပြန်ပါတယ်။

"ကျွန်နော်တို့ အောင်နိုင်ရေးရုံးကနေ ထွက်တာနဲ့ ထွက်တဲ့လူစာရင်းကို ရွေးကောက်ပွဲကော်မရှင်ရုံးကို တိတိ ကျကျတင်ထားတာရှိပါတယ်၊ အဲဒီနောက်မှာ ပြည်သူတွေဆိုတာကလည်း တစ်နိုင်ငံလုံးမှာ နီနေကြတဲ့အခါ ကျတော့ သူ့အသိစိတ်ဓာတ်နဲ့အတူ အားပေးထောက်ခံတဲ့သူတွေ လိုက်လာတဲ့အပိုင်းမှာတော့ သူ့အမြင်က များကောင်းများတယ်ဆိုတာ ဖြစ်သွားနိုင်ပါတယ်၊ ပြည်သူတွေ ဝန်းရံခြင်းသည် ကျနော်တို့ ကော်မရှင်မှာတင် ထားတဲ့ စာရင်းနဲ့မဆိုင်ပါဘူး၊ သူ့ဘာသာ ပြည်သူတွေက လိုက်ပါဆောင်ရွက်ပေးကြတာပါ၊ ဒါပေမဲ့ အဲလို လိုက်ပါဆောင်ရွက်ပေးကြတယ် ကူညီပေးကြတယ် ဝန်းရံပေးကြတာကိုတောင် ကျနော်တို့က ကိုဗစ် စည်းမျဉ်းစည်းကမ်းတွေ ကျော်လွန်မှာစိုးလို့ ကျနော်တို့ ကိုယ်တိုင်တောင် ပြန်ပြီးတော့ မေတ္တာရပ်ခံပြီးတော့ ကိုဗစ် စည်းကမ်းနဲ့အညီ ရွေးကောက်ပွဲကို ဆောင်ရွက်ကြဖို့ဆိုပြီးတော့ ကျနော်တို့ကိုယ်တိုင် မေတ္တာရပ်ခံ နေတာတွေရှိနေပါတယ်၊ ကျနော်တို့က တစ်ခုမှစည်းကမ်း မချိုးဖောက်ဘဲ တိတိကျကျကို မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ လုပ်နေပါတယ်"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကတော့၊ အခုလို စည်းကမ်းကျော်လွန်ပြီး မဲဆွယ်နေတဲ့အပေါ်  “တိုင်းပြည်ကို စည်းကမ်းနဲ့ ပတ်သက်ပြီး စံပြလုပ်ပြရမယ့်ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က မသိချင်ယောင်ဆောင်နေရင် မျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာဖို့ ခက်ခဲလိမ့်မယ်”လို့ NLD နဲ့ ရွေးကောက်ပွဲကော်မရှင် UEC ကို ရည်ညွှန်းပြောဆို သွားပါတယ်။

အာဏာရှိတဲ့သူကိုတော့  လုပ်ချင်ရာလုပ်ခွင့်ပြုထားပြီး ကျန်တဲ့သူကလုပ်လို့မရရင် အဓိပ္ပာယ်မရှိသလို NLD ပါတီ လုပ်သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလုပ်ရင်လည်း အရေးမယူဘူးလား  ဒါမေးခွန်းထုတ်ရမယ်လို့လည်း ဦးသန်းဌေးက ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့  သဘောထားကို မေးမြန်းဖို့ RFA က ရွေးကောက်ပွဲ ကော်မရှင်ကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ ညွှန်ကြားရေးမှူး စိုင်းရဲကျော်စွာမြင့် ကတော့ အခုလို အရေးကြီးတဲ့ ကပ်ရောဂါကာလမှာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်တဲ့ ပိုတိကျတဲ့ဥပဒေတွေကို ထုတ်ပြန်သင့်တယ်လို့ တိုက်တွန်းပါတယ်။

"ဒီထက်ပိုပြီးတော့ ရွေးကောက်ပွဲဥပဒေမူဘောင် အထူးသဖြင့် မဲဆွယ်စည်းရုံးရေးဥပဒေမူဘောင် ဒီထက် ပိုပြီးတော့ တိကျတဲ့ ဒီထက်ပိုပြီးတော့ အသေးစိတ်ဖို့လိုတယ်၊ နို့မို့ဆိုလို့ရှိရင် ဒီလိုပဲ အမြဲတမ်းကျနော်တို့က ဖြစ်နေမှာပဲလို့ မြင်တယ်၊ အခုဆိုရင် နေအိမ် အကန့်အသတ်တွေစဖြစ်လာပြီ၊ မဲဆွယ်စည်းရုံးရေးကလည်း စပြီဆိုတော့ နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့ဒါမျိုးဖြစ်တဲ့အခါမှာ ဘယ်လိုလုပ်ကြမလဲဆိုတာကို ဝိုင်းပြီးတော့ အဖြေရှာစေချင်တယ် နောက်မို့ဆိုရင် ရွေးကောက်ပွဲကာလမှာ အားလုံးက ယုံယုံကြည်ကြည်နဲ့ ဖြတ်သန်း စေချင်တယ်၊ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းစေချင်တယ်၊  ဆွေးနွေးတာတွေ လုပ်သင့်တယ်၊ ထုတ်ပြန်ထား တာတွေ ဒါတွေရှိတယ် လိုအပ်ရင်ပြုပြင်ရမှာပေါ့ဗျာ၊ ဥပဒေဆိုတာက အမြဲတမ်းပြည့်စုံတာမှမရှိတာ အခြေအနေ အချိန်အခါပေါ်မူတည်ပြီးမှ  လိုအပ်ရင် ဖြည့်စွက်တာမျိုး ဖြုတ်ပစ်တာမျိုး အဲဒါမျိုးတွေ လုပ်ဖို့လိုတယ် ကျနော်က အဲဒါလုပ်စေချင်တယ်"

ရွေးကောက်ပွဲအတွက် မဲဆွယ်ရာမှာ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခြားခွာပြီး နှာခေါင်းစည်းနဲ့အတူ မျက်နှာအကာ တပ်ဆင်ပြီးမဲဆွယ်ဖို့၊ လူ ၅၀ ဦးထက်ပိုပြီး စုဝေးတာမျိုးမလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက စည်းမျည်း စည်းကမ်းတွေ ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ဆိုပြီး မြို့နယ် ရှစ်ခု ပါဝင်ပါတယ်။ အဲဒီမြို့နယ် ရှစ်ခုအတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ရှစ်နေရာနဲ့ အမျိုးသားလွှတ်တော် (၂) နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် (၁၀) နေရာမှာ၊ NLD နဲ့ USDP အပါအဝင် ပါတီပေါင်းစုံက ကိုယ်စားလှယ်လောင်းတွေ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

နေပြည်တော်ကောင်စီနယ်မြေမှာ တပ်မတော်သားတွေနဲ့ တပ်မိသားစုတွေအပါအဝင် စုစုပေါင်း မဲပေးခွင့်ရှိသူ ရှစ်သိန်းကျော်ရှိနေပြီး၊ အဲဒီ ရှစ်သိန်းကျော်အတွက် မဲရုံပေါင်း ၆၃၃ ရုံ လျာထားကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စာရင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။