မဲစာရင်းမှာ အမှားအယွင်းပါနေပြီး သွားရောက်စစ်ဆေးသူလည်း နည်းပါး
2020.08.03
နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားတဲ့ မဲပေးခွင့်ရှိသူစာရင်းမှာ အမှားအယွင်းတွေ ပါဝင်နေသလို မဲစာရင်းကို သွားရောက်စစ်ဆေးဖို့ စိတ်ဝင်စားတဲ့ မဲဆန္ဒရှင်လည်း နည်းပါးနေပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲပေးခွင့်ရရှိသူစာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်နေ့ကစတင်ပြီး ကြေညာထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မဲစာရင်းမှာပါခဲ့သူတွေဟာ အခုထုတ်ပြန်ထားတဲ့ ၂၀၂၀ မဲဆန္ဒရှင်စာရင်းမှာ မိသားစုလိုက် နာမည်မပါတာတွေ၊ အမည်မှားယွင်းနေတာတွေ ရှိနေပါတယ်။
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ ဦးလှမြင့်က အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မိသားစုဝင်အားလုံး မဲစာရင်းမှာမပါလို့ ပြန်လျှောက်ထားရပါတယ်။
"သွားကြည့်တဲ့အခါ ၂၀၁၅ တုန်းကပါခဲ့ပြီး အခု ၂၀၂၀ မှာ မပါဘူး၊ ဘာလို့မပါတာလဲဆိုတော့ ခင်ဗျားတို့ စည်ပင်ရွေးကောက်ပွဲတုန်းက ပါလားမေးတယ်၊ မပါဘူးဆိုတော့ အဲဒါကြောင့် မပါတာလို့ပြောတယ်၊ ပုံစံ ၁၃ ကို ပေးလိုက်တယ် ဖြည့်ပြီး ပြန်ပေးလို့ပြောတော့ အခု ဖြည့်ပြီး သွားပို့ထားတယ်။"
၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေ အုပ်ချုပ်ရေးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတို့ စုပေါင်းပြီး ၂၀၁၉ ခုနှစ် ဇွန်လကစပြီး လေးလကြာ ကောက်ယူခဲ့ပါ။
မဲစာရင်း မှားယွင်းမှုတချို့နဲ့ ပတ်သက်ပြီး နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင် ကတော့ မဲစာရင်း ကောက်ယူတဲ့ကာလအတွင်း တွေ့ရှိတဲ့ မဲဆန္ဒရှင်တွေကိုပဲ စာရင်းပြုစုရတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိနိုင်တယ်လို့ ရှင်းပြပါတယ်။
"ဖြစ်နိုင်ခြေတွေက အများကြီးရှိတယ် တချို့က မဲစာရင်းကောက်ချိန် တမိသားစုလုံးရှိမနေဘူး၊ ကျွန်တော် တို့က စီမံချက်နဲ့ကောက်တာဆိုတော့ အဲဒီချိန် အဲဒီနေ့မှာ ရှိမနေရင် မပါသွားဘူး အဲဒါကြောင့် ဖြစ်တာ များတယ်။"
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မဲစာရင်းတွေမှန်ကန်ဖို့ ပြည်သူတွေမဲပေးခွင့် မဆုံးရှုံးဖို့နဲ့ သမာသမတ်ဖြစ်စေဖို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ကို မှာကြားခဲ့ပါတယ်။ သြဂုတ်လ ၂ ရက်နေ့ ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ ကိုယ်စားလှယ်လောင်းစာရင်း လာတင်သွင်းစဉ်မှာ ပြောကြားခဲ့တာလို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။
မဲစာရင်းမှားယွင်းမှုတွေကို ၁၄ ရက်အတွင်း ပြန်လည် ပြင်ဆင် ဖြည့်စွက်ပေးနေတဲ့အတွက် ၁၈ နှစ် ပြည့်ပြီး သူတိုင်း မဲစာရင်း စစ်ကြပါလို့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က တိုက်တွန်းပါတယ်။
"အသံချဲ့စက်တွေနဲ့ လာကြည့်ဖို့ ကြော်ငြာထားတယ်၊ မဲစာရင်းတွေ လာကြည့်ဖို့ ၁၄ ရက်အတွင်း မပါတဲ့ သူတွေ လာပြန်ထည့်လို့ရအောင် အုပ်ချုပ်ရေးအဖွဲ့တွေကရောကူညီပြီး အကုန်လုံးမဲထည့်လို့ရအောင် အဆင်ပြေအောင် လုပ်ပေးနေပါတယ်။"
ဇူလိုင် ၂၅ ရက်နေ့ကနေ သြဂုတ် ၈ ရက်နေ့အထိ ကြေညာထားမယ့် မဲဆန္ဒရှင်စာရင်းတွေမှာ ကိုယ့်နာမည်မပါခဲ့ရင် အမည်ဖြည့်သွင်းဖို့ ပုံစံ ၃ လို့ ခေါ်တဲ့ လျှောက်လွှာမှာ ဖြည့်စွက်တောင်းဆိုနိုင်ပါတယ်။ မဲစာရင်းမှာ မပါဝင်သင့် သူတွေ ပါဝင်နေမယ်ဆိုရင် ပုံစံ ၄ နဲ့ ကန့်ကွက်နိုင်သလို မဲစာရင်းပါ အချက်အလက် မှားယွင်းနေမယ်ဆိုရင်တော့ ပုံ ၄(ဂ) နဲ့ ပြင်ဆင်နိုင်ပါတယ်။
လိုအပ်တဲ့ပုံစံတွေကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ အခမဲ့ တောင်းယူ ဖြည့်စွက်နိုင်ပါတယ်။ မဲပေးခွင့်ရှိသူစာရင်းတွေကို လာမယ့် အောက်တိုဘာလထဲမှာ နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ ထုတ်ပြန်တဲ့အခါမှာလည်း အချက်အလက် မှန်မမှန်ကို ထပ်မံစစ်ဆေးရမှာဖြစ်ပါတယ်။
မဲစာရင်းမှာ ကိုယ့်နာမည်ပါမှသာ မဲပေးခွင့်ရှိမှာဖြစ်လို့ မဲဆန္ဒရှင်စာရင်းတွေကို အိမ်ထောင်စုတစ်စုမှာ အနည်းဆုံး တစ်ယောက်က မဖြစ်မနေ စစ်ဆေးကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စား လှယ်လောင်းတွေ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက တိုက်တွန်းကြပါတယ်။
ဒါပေမဲ့လည်း မဲစာရင်းကြေညာထားတာ တပတ်ကျော်ကြာနေပြီဖြစ်ပေမယ့် ကြည့်ရှုစစ်ဆေးသူ နည်းပါးနေ ပါတယ်။
လူအယောက် ၂၀၀ လောက်ကို မေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက် နယူးမြန်မာဖောင်ဒေးရှင်းအဖွဲ့ရဲ့ စစ်တမ်းအရ မဲဆန္ဒရှင်တဝက်လောက်က မဲစာရင်းကို မစစ်ဆေးကြပါဘူး။
"စိတ်ဝင်စားမှုက တမြို့နဲ့တမြို့ မတူဘူးထင်တယ်၊ ပုံတွေကြည့်ရတာတော့ တချို့မြို့နယ်တွေမှာ သွားကြည့် တဲ့သူတွေလည်းရှိနေတယ်၊ ကျမ အလွတ်သဘော မေးကြည့်တဲ့အခါကျတော့ မကြည့်ရသေးဘူးလို့ ဖြေတဲ့သူ ၅၀ ရာခိုင်နှုန်းလောက် ရှိနေတယ်၊ ထက်ဝက်ကျော်နီးပါးရှိနေတယ်၊ နယူးမြန်မာဖောင်ဒေးရှင်းက မိတ်ဖက် အဖွဲ့အစည်းအတွေနဲ့ ပူးပေါင်းပြီးပေါ့ မဲစာရင်းကြည့်ဖို့ နှိုးဆော်နေတယ်၊ ဒါပေမဲ့ မကြည့်တဲ့သူ တော်တော် များများရှိနေသေးတယ်၊ လူ ၂၀၀ လောက် မေးကြည့်တာမှာ ၅၀ ရာခိုင်နှုန်းက မကြည့်ရသေးဘူးပြောတယ်။ ဒါပေမဲ့ ၇ ရက်နေ့လောက်ထိ ကျမတို့စောင့်ကြည့်ရမှာပါ။"
နယူးမြန်မာဖောင်ဒေးရှင်းအဖွဲ့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး မမြနန္ဒာသင်း ပြောသွားတာပါ။
မဲဆန္ဒရှင်စာရင်းကို ပြည်သူတွေ စိတ်ပါဝင်စားစွာ စစ်ဆေးဖို့အတွက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေက ဆော်သြပေးသင့်တယ်လို့လည်း ဒေါ်မြနန္ဒာသင်းက တိုက်တွန်းပါတယ်။
မြို့နယ်အများစုမှာ အလွယ်တကူ သွားရောက်ကြည့်ရှုနိုင်တဲ့ မဲစာရင်းအချက်အလက်ကိုတောင် မစစ်ဆေးဘူး ဆိုရင် ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ဆိုတာလည်း မသေချာတော့ဘူးလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၄ သန်းကျော်ရှိပြီး ဒီရွေးကောက်ပွဲမှာတော့ ၃၇ သန်း ကျော်ရှိတယ်လို့ သိရပါတယ်။