မဖြစ်မနေ မဲပေးကြဖို့ ဥပဒေပြဋ္ဌာန်းသင့်သလား

ဝေမာထွန်း
2020.10.06

အထွေထွေနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲပေးမှု ရာခိုင်နှုန်း ကျဆင်းမှုတွေရှိခဲ့တာမို့ မဲပေးခွင့်ရှိသူတွေထဲက အနည်းဆုံး ဘယ်လောက်ရာခိုင်နှုန်း မဲလာပေးမှ ရွေးကောက်ပွဲ အထမြောက်တယ်ဆိုတဲ့ သတ်မှတ်ချက်ထားဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်တွေရှိလာနေပါတယ်။

စီးပွားရေး အဆင်မပြေမှု၊ အစိုးရရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် အားမလိုအားမရဖြစ်မှု၊ တိုက်ပွဲကြား အခက်အခဲတွေအပါအဝင် အကြောင်းအရာအမျိုးမျိုးကြောင့် ရွေးကောက်ပွဲတွေကို ပြည်သူလူထု စိတ်ဝင်စားမှု နည်းလာနေပြီး ရွေးကောက်ပွဲတွေအပေါ် သက်ရောက်မှုတွေလည်း ရှိလာနေပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ပွဲတွေမှာ မဲပေးသူအနည်းဆုံးရာခိုင်နှုန်း ကန့်သတ်ချက် ထားရှိသင့်တယ်လို့ ယူဆသူတွေထဲ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်လည်း ပါပါတယ်။

“ကန့်သတ်ချက် ကျွန်တော်တို့က မထည့်ခဲ့ဘူးဗျ။ အတွေ့အကြုံမရှိတဲ့အခါကျတော့ သူများနိုင်ငံကဟာတွေကို မစဉ်းစားဘဲနဲ့  ကျွန်တော်တို့က ၄၇ နဲ့ ၇၄ တုန်းကဟာကိုပဲကြည့်ပြီး တွယ်လိုက်တဲ့ဟာကျတော့ အဲဒါတွေ ကျန်နေခဲ့တယ်။ ရှိသင့်တာပေါ့။ သူများနိုင်ငံဆို နောက်တစ်ဆင့်တောင်ရှိသေးတယ်။ လူတစ်ယောက်ယောက် က ပထမတော့ရတယ်။ မဲဆန္ဒပေးပိုင်ခွင့်ရှိသူရဲ့  ၅၀ ရာခိုင်နှုန်းအထက် မရဘူးဆိုလို့ရှိရင် ပထမနဲ့ ဒုတိယကို ပြန်ပြိုင်ခိုင်းတယ်။ ဒါကတော့ ပိုက်ဆံပိုကုန်တာပေါ့။ အဲလောက်မဟုတ်ရင်တောင် မဲပေးပိုင်ခွင့်ရှိသူရဲ့  ၅၀ ရာခိုင်နှုန်းအထက်လာပေးမှ အထမြောက်တယ်ဆိုတာကတော့ ရှိသင့်တာပေါ့။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၂၉ သန်းကျော်အနက် မဲလာပေးသူ ၂၂ သန်းကျော်ရှိခဲ့တာကြောင့် မဲပေးတဲ့ရာခိုင်နှုန်းဟာ ၇၇ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၄ သန်းကျော်အနက် မဲလာပေးသူဟာ ၂၄ သန်းနီးပါးရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၆၉ ရာခိုင်နှုန်းကို ကျသွားခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတွေကို ကြည့်မယ်ဆိုရင်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ အားလုံးရဲ့ ၆၈ ရာခိုင်နှုန်းက မဲပေးခဲ့ပြီး ၂၀၁၇ ကြားဖြတ်မှာတော့ ၃၇ ရာခိုင်နှုန်းနဲ့ ၂၀၁၈ ကြားဖြတ်မှာ ၄၃ ရာခိုင်နှုန်းကို ပြန်တက်လာခဲ့ပေမယ့် ၂၀၁၂ ကြားဖြတ်မှာ မဲပေးခဲ့တဲ့အရေအတွက်ကို ပြန်မရောက်ခဲ့ပါဘူး။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မဲပေးသူရာခိုင်နှုန်း အနည်းဆုံးသတ်မှတ်ချက်ထားဖို့ အချိန်မမှီနိုင်တော့ ပေမယ့် လာမယ့်ရွေးကောက်ပွဲတွေမှာ ဒီသတ်မှတ်ချက်ဟာ ဒီမိုကရေစီအတွက်ရှိသင့်တယ်လို့ NLD ပါတီရဲ့  ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က သူ့အမြင်ကို ပြောပါတယ်။

“ရာခိုင်နှုန်းသတ်မှတ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ မဲဆန္ဒရှင်ရဲ့ ဘယ်လောက်ရာခိုင်နှုန်းထည့်မှ ဒါက အထမြောက်တယ်ဆိုတာမျိုးပေါ့လေ အခုထိတော့ ဒါက အဆင်သင့်မဖြစ်သေးတဲ့အတွက်ကြောင့် ဒီလို မကြေညာသေးတာလို့ ကျွန်တော်တော့ပြောချင်ပါတယ်။ အခုတော့ မရနိုင်တော့ဘူး အချိန်က မမှီတော့ဘူး။ နောက်ရွေးကောက်ပွဲတွေမှာတော့ ပြဌာန်းချင်လည်း ပြဌာန်းမှာပေါ့ ဒါကတော့ မပြောနိုင်ဘူး။”

အများသဘောနဲ့ ရွေးချယ်တင်မြောက်တဲ့ ဒီမိုကရေစီအစိုးရဖြစ်ဖို့အတွက် ရွေးကောက်ပွဲမှာ မဲလာပေးသူ အနည်းဆုံးရာခိုင်နှုန်း ဘယ်လောက်ရှိရမယ်ဆိုတဲ့အချက်က လိုအပ်တာလို့ ဆိုကြပါတယ်။

အနည်းဆုံး သတ်မှတ်ချက်ထားမှသာ အစိုးရနဲ့ နိုင်ငံရေးပါတီတွေဘက်က မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲမှာ မဲပေးချင်လာအောင် စည်းရုံးလှုပ်ဆော်မှုတွေ အားကောင်းပြီး ဆောင်ရွက်ချက်တွေ ပိုအားကောင်းနိုင်မှာလို့ ယူဆချက်တွေရှိပါတယ်။

ဒီမိုကရေစီစနစ်ခိုင်မာဖို့အတွက် ဆောင်ရွက်တာမို့ ဒီသတ်မှတ်ချက်ကို နိုင်ငံရေးပါတီတွေဘက်ကလည်း လက်ခံလိမ့်မယ်လို့ ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ယူဆပါတယ်။

“ဖြစ်သင့်တယ်။ ကျွန်တော်ထင်ပါတယ်။ လက်ခံဖို့ကတော့ များပါတယ်။ ဘာကြောင့်လည်းဆိုတော့ တိုင်းပြည် အတွက် စဉ်းစားပြီးလုပ်တဲ့ဟာလေ။ တစ်ခုတော့ရှိတာပေါ့လေ။ သတ်မှတ်တဲ့ အချိုးအစားက ဖြစ်သင့်ဖြစ် ထိုက်တဲ့ အချိုးအစားဖြစ်ဖို့တော့ လိုတာပေါ့လေ။ သိပ်ကောင်းနေတယ်။ သိပ်ပြီးတော့ ဒါကိုမြှင့်ထားရင်လည်း ကောင်းတာတော့ကောင်းတယ်။ လက်တွေ့မဖြစ်လာရင်လည်း ကျွန်တော်တို့ ဒါက အချိန်ကုန် လူပန်းငွေကုန် ဆိုတဲ့ဟာမျိုး ဖြစ်မယ်လေ။”

နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်ပိုင်းတွေကို မေးကြည့်ရာမှာတော့ အနည်းဆုံးရာခိုင်နှုန်းကို ၃၅ ကနေ ၅၀ အတွင်း သတ်မှတ်သင့်တယ်လို့ ပြောကြပါတယ်။ ရာခိုင်နှုန်းကို မြင့်မြင့်ထားလိုက်မယ်ဆိုပြန်ရင်လည်း ဒီအရေ အတွက်ကို မပြည့်မှီလို့ ရွေးကောက်ပွဲပြန်ကျင်းပရမယ့် အနေအထားတွေရောက်ပြီး ကုန်ကျစရိတ်တွေ ပိုနိုင်ပါတယ်။

တဘက်မှာလည်း မဲပေးတဲ့ရာခိုင်နှုန်း တိုးလာအောင်လုပ်ဖို့လိုပေမယ့် ဥပဒေအရ သတ်မှတ်တာမျိုးကို မလိုလားသူတွေလည်း ရှိပါတယ်။

“ရွေးကောက်ပွဲကို လူတွေစိတ်ဝင်စားလာအောင် မဲပေးတဲ့ ရာခိုင်နှုန်းတိုးလာအောင်တော့ လုပ်ဖို့လိုတယ်။ ဥပဒေအရ ဘယ်နှစ်ရာခိုင်နှုန်းထည့်မှ ရွေးကောက်ပွဲ အောင်မြင်တယ်ဆိုပြီး သတ်မှတ်တာမျိုးကိုတော့ ကျွန် တော်က သိပ်ပြီးသဘောမကျဘူး။ သတ်မှတ်လိုက်တဲ့အခါမှာ အဲဒီရာခိုင်နှုန်းမပြည့်မှီလာဘူးပေါ့။ ရွေးကောက် ပွဲကို မဲမထည့်ကျလို့ရှိရင် အထမမြောက်တာမျိုးတွေ ဖြစ်လာနိုင်တယ်လေ။ ရွေးကောက်ပွဲ အထမမြောက်လို့ ရှိရင် ကျွန်တော်တို့က ဘယ်ရောက်သွားမလဲဆိုတာလည်း ပြန်ပြီး စဉ်းစားဖို့လိုတာပေါ့နော်။”

ဒါကတော့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအေးကျော် ပြောခဲ့တာပါ။

မဲပေးသူရာခိုင်နှုန်းအနည်းဆုံး သတ်မှတ်ချက်ထားဖို့ အစီစဉ်ရှိ မရှိနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ RFA က ဖုန်း၊ အီးမေလ်းကတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်ကြားမှု မရသေးပါဘူး။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ကပ်ရောဂါ အခြေအနေအရ မဲပေးသူအရေအတွက်က ကျဆင်းနိုင်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် က ခန့်မှန်းပါတယ်။

“ကိုဗစ်နဲ့ဆိုတော့ မဲလာပေးသူအရေအတွက်ကတော့ကျမှာပဲ။ နိုင်ငံတကာမှာလည်း မဲပေးချင်တဲ့သူတွေ မဲပေးလို့မရတဲ့ ဒုက္ခတွေရှိတယ်လေ။ ခရီးသွားလို့ မရတော့လေ။ သံရုံးရှိတဲ့နေရာတွေ သွားလို့ မရတာ။ ကြိုတင်မဲပေးတဲ့အခုချိန်လေ ခါတိုင်းထပ်တော့နည်းမှာပဲ။ သြစတြေးလျတို့ ဘာတို့ဆို မဲပေးကိုပေးရမယ်။ ဘာကြောင့် မဲမပေးပေး ငွေဒဏ်ဆောင်ရတာပေါ့နော်။ အဲလိုအထမြောက်ခြင်း မမြောက်ခြင်းထပ် မဲမပေး ရင်တော့ ဒဏ်ငွေဆောင်ရမယ်ဆိုရင်တော့ မဆိုးဘူး။ အဓိကတော့ မဲလာပေးဖို့ထည့် မဲစာရင်းမှန်အောင်တောင် မနည်းလုပ်ရဦးမှာ။”

ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်းမှာ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ အာရှတိုက်က နိုင်ငံနှစ်ခုကတော့ တောင်ကိုရီး ယားနဲ့ စင်္ကာပူပါ။ နှစ်နိုင်ငံလုံးက မဲပေးသူ ရာခိုင်နှုန်းများခဲ့ပါတယ်။

တောင်ကိုရီးယားက မဲပေးခွင့်ရှိသူ ၄၃ သန်းကျော်ရှိတဲ့အနက် ၂၉ သန်းကျော် မဲလာပေးပြီး အရွယ်ရောက်ပြီး သူတိုင်း မဖြစ်မနေ မဲပေးရမယ့် စင်္ကာပူမှာတော့ မဲပေးခွင့်ရှိသူ ၂.၆ သန်းကျော်ရှိတဲ့အနက် မဲပေးသူ ၂.၅ သန်း ကျော်ရှိခဲ့တယ်လို့ ဝန်ကြီးဟောင်း ဦးရဲထွဋ် က နှိုင်းယှဉ်ပြပါတယ်။ ဘယ်လ်ဂျီယံ၊ သြစတြေးလျနိုင်ငံတွေမှာလည်း မဲပေးတဲ့သူနည်းတာကို ကာကွယ်ဖို့ မဲပေးခွင့်ရှိသူတိုင်း မဲမပေးမနေရ ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ရန်ကုန်နဲ့ ရခိုင်ကလွဲပြီး ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေမှာ မဲပေးမှုက မလျော့နည်းနိုင်ဘူးလို့ နိုင်ငံရေးပါတီကြီးတွေက ယူဆနေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူဟာ ၃၇ သန်းကျော်ရှိပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲပေးခွင့်ရမယ့် မဲဆန္ဒရှင်က ငါးသန်းပါဝင်ပါတယ်။ ကပ်ရောဂါအခြေအနေနဲ့ တိုက်ပွဲဖြစ် ပွားရာ ဒေသတွေမှာ မဲပေးသူရာခိုင်နှုန်း ကျဆင်းမှုတွေ ထပ်ရှိလာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။