ဝ ဒေသမှာ ရွေးကောက်ပွဲမရှိရင် လူထုနစ်နာမယ်လို့ နိုင်ငံရေးပါတီတွေပြော

ကံသာ
2020.08.04

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ “ဝ” လက်နက်ကိုင်အဖွဲ့  ခေါင်းဆောင်တွေ ညှိနှိုင်းခဲ့ကြပေမယ့် “ဝ” ဒေသထဲက မြို့နယ်လေးခု မှာတော့ မဲပေးခွင့်ရှိသူ စာရင်းတွေတောင် ကောက်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ အဲဒီဒေသက ပြည်သူတွေအတွက် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးရတယ်လို့ နိုင်ငံရေးပါတီတချို့က သုံးသပ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ တာဝန်ရှိသူတွေ ဟာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးလျှောက်မီလျံ ဦးဆောင်တဲ့အဖွဲ့နဲ့ ဖေဖော်ဝါရီလက ပန်ဆန်းမြို့မှာ တွေ့ဆုံခဲ့တာပါ။

UWSA  ဝ တပ်ဖွဲ့က သူတို့ ထိန်းချုပ်တဲ့မြို့နယ်လေးခုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မယ်လို့ တုံ့ပြန်ထားပေမယ့် လက်ရှိမှာတော့ UWSA ထိန်းချုပ်ရာဒေသဖြစ်တဲ့ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော လေးမြို့ နယ်နဲ့ ရှမ်းအရှေ့ဒေသတွေမှာ ရွေးကောက်ပွဲအတွက် ဘာပြင်ဆင်မှုမှ မလုပ်ရသေးတော့ ရွေးကောက်ပွဲကျင်းပ ဖြစ်မှာ မဟုတ်ဘူးလို့ ၀ တပ်ဖွဲ့ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သုံးသပ်ပါတယ်။

ပထမအကြိမ် မဲပေးနိုင်သူ စာရင်းတွေ ထုတ်ပြန်ရာမှာတော့ အဲဒီမြို့နယ်လေးခုမှာ မဲစာရင်းတွေ မထုတ်ပြန်နိုင် ခဲ့ဘူးလို့ ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက ပြောပါတယ်။

ဒေသတွင်း နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ၀ အမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဆိုင်းနပ်ကတော့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေက ဒေသခံတွေရဲ့ နစ်နာမှုအတွက် စိုးရိမ်နေပါတယ်။

ဝ အမျိုးသားပါတီဟာ ရှမ်းပြည်နယ်က ၀ ပါတီသုံးခုဖြစ်တဲ့ ၀ အမျိုးသားစည်းလုံညီညွှတ်ရေးပါတီ၊ ၀ ဒီမိုကရက် တစ်ပါတီ၊ ၀ လစ်ဘရယ်ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ ပေါင်းစည်းပြီး ၂၀၂၀ ဧပြီလမှာ အသစ် ဖွဲ့စည်းထားတာပါ။

ဝ အမျိုးသားပါတီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးခရိုင်နဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက အစိုးရ ထိန်းချုပ်နယ်မြေအတွင်းက မြို့နယ်တွေအပြင် ၀ တိုင်းရင်းသားတွေအများဆုံး နေထိုင်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွေမှာ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ နည်းနေတဲ့ ၀ ဒေသထဲက မြို့နယ်လေးခုမှာဆိုရင် လားဟူတိုင်းရင်းသားတွေ အများဆုံး နေထိုင်ကြပါတယ်။  


လားဟူအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်က မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ နေထိုင်တဲ့ တိုင်းရင်းသားတိုင်း ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့အခွင့်အရေး ရသင့်တယ်လို့  တိုက်တွန်းပါတယ်။

လားဟူပါတီဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းနဲ့ မိုင်းယန်းမြို့နယ်ကလွဲရင် ရှမ်းအရှေ့ ရှစ်မြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အပါအဝင် ကိုးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ လူဦးရေပြန့်ကျဲနေထိုင်တာကြောင့် လားဟူတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ပဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက ၀ ဒေသမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆိုတာ အစိုးရနဲ့ ၀ တပ်ဖွဲ့ကြားက နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေအပေါ်မှာ မူတည်တယ်လို့ သုံးသပ်ပါတယ်။

အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း နဲ့ပန်ဆန်မြို့ နယ် ခြောက်ခုကို ခရိုင်နှစ်ခရိုင်ခွဲပြီး ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားတာပါ။

အဲဒီထဲမှာ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောမြို့နယ်တွေဟာ UWSA ၀ တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။

UWSA ၀ လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာဒေသမှာ နေထိုင်တဲ့ လူဦးရေ ငါးသိန်းလောက်ရှိတယ်လို့ ဝတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ်က ပန်ဆမ်းမှာကျင်းပတဲ့ ဝတပ်ဖွဲ့ ငြိမ်းချမ်းရေး နှစ်သုံးဆယ်ပြည့်နှစ် အခမ်းအနားမှာ ပြောထား ပါတယ်။

အဲဒီဒေသမှာ ၀ တိုင်းရင်းသားတွေအပြင် ကချင်၊ လားဟူ၊ အခါ၊ ရှမ်း၊ ဗမာ၊ တအာင်း ပလောင်၊ ကိုးကန့်စတဲ့ တိုင်းရင်းသားတွေ နေထိုင်ကြတာပါ။

တစ်နိုင်ငံလုံးကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ဒေသအခြေစိုက် တိုင်းရင်းသားပါတီအချို့က အဲဒီဒေသတွေမှာ သူတို့တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်တွေရှိနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။