မွန်ပြည်နယ်က ကြိုတင်မဲပေးသူတွေ ဘာပြောကြသလဲ
2020.11.04

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၂၉ ရက်ကစပြီး အသက် ၆၀ နဲ့အထက် ကြိုတင်မဲပေးနေ ကြပြီဖြစ်ပါတယ်။
မွန်ပြည်နယ်မှာလည်း မြို့နယ်အလိုက် ကျေးရွာရပ်ကွက်အသီးသီးက သက်ကြီးပိုင်းတွေ ကြိုတင်မဲပေးနေ ကြတာပါ။
သက်ကြီးပိုင်းတွေက ကိုဗစ်ကြားက မဲရုံးသို့လာရောက်ပြီး မဲလာပေးနေတာဟာ မတူညီတဲ့မျှော်လင့်ချက်တွေ ရှိနေကြပါတယ်။
ပေါင်မြို့နယ်မှာတော့ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်ထဲမှာ အကျုံးမဝင်တဲ့အတွက် အသက် ၆၀ နဲ့အထက် သက်ကြီးပိုင်းတွေက ဆိုင်ကယ်တွေ သုံးဘီးတွေနဲ့ မဲရုံးသို့ လာရောက်ဆန္ဒမဲပြုနေကြတာပါ။
ဒီမြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိထားခဲ့တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။
ပေါင်မြို့နယ်ဒေသခံ အသက် ၆၀ ကျော်ရှိတဲ့ ဦးသိန်းဇံကတော့ ဒေသအကျိုး မြို့နယ်အကျိုးကို ကောင်းကျိုး ပြုပေမယ့် ကိုယ်စားလှယ်လောင်းတွေကို လာရောက်ဆန္ဒမဲပြုပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့မြို့နယ်ကို ပိုပြီးကောင်းအောင် ပိုပြီးတိုးတက်အောင် လုပ်ဆောင်းပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို မဲလာပေးခြင်းဖြစ်ပါတယ်”
သက်ကြီးပိုင်း ကြိုတင်မဲ လာရောက်ဆန္ဒပြုတဲ့မဲရုံတွေမှာ ကိုဗစ်ရောဂါကူးစက်မှုအတွက် အကာအကွယ်ပေးနိုင်ဖို့ ဆန္ဒမဲပြုသူတွေက ခြောက်ပေအကွာ၊ လက်သန့်ဆေးရေတွေ နှာခေါင်းစည်းတွေ စီစဉ်ပေးထားပါတယ်။
ရွေးကောက်ပွဲကို စောင့်ကြည့်ပေးနေတဲ့ ပေါင်မြို့နယ် လူငယ်တွေကတော့ သက်ကြီးပိုင်းတွေ ဆန္ဒမဲပြုနေတာဟာ မဲပေးပုံပေးနည်းတွေ သေချာမသိထားတဲ့အတွက် ပယ်မဲများလာမှာကို စိုးရိမ်နေတယ်လို့ ပေါင်မြို့နယ် လူငယ်ဒေသခံ မင်းလှိုင်ထော က ပြောပါတယ်။
“အဓိကတော့ ကြိုတင်မဲပေးပုံပေးနည်းတွေကို ပြည်သူတွေက သေသေချာချာမသိထားဘူးပေါ့။ ဒါကတစ်ချက်၊ နောက်တစ်ချက်က ကြိုတင်မဲက အမှန်ပေးရမလား ခြစ်ရမလား ဒါလည်း သေသေချာချာမသိထားဘူး။ နောက် တစ်ချက်က မဲစာရွက်ပေါ့နော် တစ်ခါတည်း တပြိုင်နက် သုံးရွက် လေးရွက်ထုတ်ထားတယ်။ ထုတ်ထားပြီး တော့ စာရွက်ထဲမှာ ပြန်ထည့်ဖို့က ပြည်သူ့မဲစာရွက်အမျိုးသား အဲဒီလိုထည့်မှားမှာကို စိုးရိမ်တယ်”
ကျောက်သင်ပုန်းတွေ ထုတ်လုပ်တဲ့နေရာလို့ လူသိများတဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က မုဒွန်းကျေးရွာမှာ နေထိုင်ကြတဲ့ အသက် ၆၀ နဲ့အထက် လူကြီးတွေလည်း ကြိုတင်မဲပေးနေကြတာပါ။
မုဒွန်းကျေးရွာအုပ်စုဟာ ချောင်းဆုံမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် (၁) နယ်မြေဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဒေါက်တာအောင်နိုင်ဦးက ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာပါ။
လက်ရှိမှာတော့ ဒေါက်တာအောင်နိုင်ဦးက မွန်နှစ်ပါတီပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီကနေ ဒီမဲဆန္ဒ နယ်မြေမှာပဲ ရွေးကောက်ပွဲ ပြန်လည်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်က နေရာအများစုမှာ ရွေးကောက်ပွဲ အောင်နိုင်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒီမဲဆန္ဒနယ်မှာ ရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပါတယ်။
ချောင်းဆုံအမှတ်(၁) မုဒွန်းကျေးရွာမဲရုံးသို့ လာရောက်ဆန္ဒမဲပြုပေးနေကြတဲ့ သက်ကြီးပိုင်းတွေကတော့ ဒေသအကျိုး၊ လူမျိုးအကျိုးကို သယ်ပိုးပေးမယ့် ကိုယ်စားလှယ်လောင်းတွေကိုလည်း ချောင်းဆုံမြို့နယ် ဒေသခံတွေက မျှော်လင့်ထားကြတယ်လို့ ပြောပါတယ်။
“မွန်လူမျိုးအတွက် ဒေသအကျိုးအတွက် မွန်အမတ်လိုချင်လို့ မဲလာပေးတာ”
“အပြောင်းအလဲလိုချင်လို့။ ကိုယ့်လူမျိုးအတွက် လုပ်ပေးချင်လို့။ နောက်ပြီးတော့ အမတ်ကောင်းကောင်းလေး လိုချင်တာပါ ဒါပဲ”
မဲရုံကို ကြိုတင်မဲ လာမပေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေရဲ့ ဆန္ဒမဲလက်မှတ်တွေကို ကော်မရှင်က အိမ်တိုင် ရာရောက် ကောက်ယူပေးနေတယ်လို့ မုဒွန်းကျေးရွာ ရပ်ကျေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးဝင်းက ရှင်းပြပါတယ်။
“မြို့နယ်ကော်မရှင်ရဲ့ ညွှန်ကြားချက်အရပေါ့ ဘယ်လိုမဲရုံးတည်ဆောက်မလဲ၊ ဘယ်လိုလုပ်ရမလဲ။ ကပ်ရောဂါ ကြောင့် ဆောင်ရန် ရှောင်ရန်တွေ အဲဒီကအစ ကျွန်တော်တို့ အဆင်ပြေအောင်လုပ်ပေးထားတယ်။ မလာနိုင် တဲ့သူတွေကတော့ ကားနဲ့ မြို့နယ်က စီစဉ်ပေးထားတဲ့ ကွင်းဆင်းရေးအဖွဲ့ဆိုတာရှိတယ်။ အဲဒီအဖွဲ့နဲ့အတူ ကျွန်တော်တို့ ကားနဲ့သွားပြီးတော့ အိမ်အရောက် အဲဒီမလာနိုင်တဲ့သူတွေ ဆန္ဒမဲပေးနိုင်အောင် ကျွန်တော်တို့ စီမံထားပါတယ်”
မွန်ပြည်နယ်မှာတော့ Stay at Home မသတ်မှတ်ထားတဲ့မြို့နယ်တွေမှာ မဲရုံးသို့ သွားရောက်မဲပေးကြ ရမှာဖြစ်ပေမယ့် မဲရုံးသို့ မသွားနိုင်တဲ့ သက်ကြီးပိုင်းတွေကိုတော့ အိမ်တိုင်ရာရောက် ကော်မရှင်တွေက ကြိုတင်မဲတွေ သွားရောက်ကောက်ယူပေးနေပါတယ်။
Stay at Home လို့ သတ်မှတ်ထားတဲ့ မော်လမြိုင်မြို့မှာတော့ အိမ်တိုင်ရာရောက် ဆန္ဒမဲလာရောက်ကောက်ယူ နေပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေလည်း ရပ်ကွက်အလိုက် ပါဝင်စောင့်ကြည့်နေပါတယ်။
မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက်မှာ နေထိုင်တဲ့ ဦးကျော်မြင့်ကတော့ ကိုဗစ်ကြားက မဲရုံးသို့ လာရောက်ဆန္ဒမဲလာ ပြုတာဟာ ရွေးကောက်ပွဲမှာ မဲတပြားရဲ့ အရေးကြီးတဲ့ကိစ္စကို အခုလို ပြောဆိုလိုက်ပါတယ်။
“ကိုယ့်ပါတီကို ရွေးချယ်မယ်၊ ကိုယ့်ပါတီရဲ့ အမျိုးသာသနာ၊ နိုင်ငံရေး၊ မဲရွေးတာတစ်ချက်မှားသွားတာနဲ့ တိုင်းပြည်နဲ့လူမျိုးက ပြုန်းတီးသွားနိုင်တယ်။ လူမျိုး၊ဘာသာအတွက်ကို ဦးတည်ပြီးတော့ လုပ်ပေးရမယ်။ ဒါမှ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် တိုးတက်မယ်၊ အဲဒါမှမဟုတ်ရင် မတိုးတက်ဘူး။ မဲရွေးတာ တစ်ချက်မှား သွားတာနဲ့ တိုင်းပြည်က ပျက်စီးသွားနိုင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ မဲလာပေးတာပါ”
မုဒုံမြို့ပေါ်မှာနေထိုင်တဲ့ အသက် ၆၀ နဲ့အထက် ကျန်းမာရေးမကောင်းတဲ့ကြားက မဲရုံးသို့လာရောက်ပြီး မဲလာပေးတဲ့ ဒေါ်ရွှေလုံးကတော့
“အဖွားတို့ ဆင်းရဲနေတာ ဟိုငယ်ငယ်လေးကတည်း ဒုက္ခဖြစ်လို့ ထောက်ပံ့ကြေးဆိုလို့ တစ်ခါမရခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ ထောက်ပံ့ကြေးတွေ ဘာတွေရတာပေါ့နော်၊ အခုက အမေကို အားပေးချင်တာပေါ့နော်၊ ကျန်းမာရေးမကောင်းတဲ့ကြားထဲကမှ လာတယ်”
မြို့နယ် ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာ ဒီနှစ် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၁၆ ပါတီက အမတ်လောင်းတွေ၊ တသီးပုဂ္ဂလ အမတ်လောင်းတွေ ဝင်ရောက်အရွေးခံမှာဖြစ်ပြီး ပြည်နယ်အတွင်း မဲပေးခွင့်ရှိသူ စုစုပေါင်း ၁၇ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။
ဒီနှစ်ရွေးကောက်ပွဲဟာ ခါတိုင်း ရွေးကောက်ပွဲတွေထက် မဲပေးမယ့်သူ များလာနိုင်တယ်လို့ လေ့လာသူတွေက ယူဆနေကြပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)