မဲရှုံးပေမယ့် လုပ်စရာတွေရှိနေတယ်လို့ ရွေးကောက်ပွဲဝင်လူငယ်များ ပြော
2020.11.24
နိုင်ငံရေး တက်ကြွလှုပ်ရှားပြီး နာမည်ကျော်ကြားထင်ရှားတဲ့ ပညာတတ် မျက်နှာသစ် လူငယ် ကိုယ်စားလှယ် လောင်း အများအပြားဟာ ပါတီငယ်တွေကနေ ရွေးကောက်ပွဲဝင်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ ရလဒ်မကောင်းပေမယ့် ဒေသအရေး၊ နိုင်ငံ့အရေးအတွက် ဆက်လက် လုပ်ဆောင်စရာတွေ အများကြီး ရှိနေတယ်လို့ ဒီလူငယ်တွေက ပြောပါတယ်။
အမေရိကန်နိုင်ငံကနေ နိုင်ငံရေး သိပ္ပံဘွဲ့၊ အောက်စဖို့ တက္ကသိုလ်ကနေ ပြည်သူ့ရေးရာ မူဝါဒဘွဲ့တွေ ရရှိခဲ့တဲ့ ကိုနေယံဦးဟာ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ပြည်သူ့ပါတီ အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးခဲ့ပေမယ့် မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အပြောင်းအလဲအတွက် ဆက်လုပ်စရာတွေ ရှိသေးတယ်လို့ ပြောပါတယ်။
နဂိုက နိုင်ငံရေး ပညာရှင်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားခဲ့ပေမယ့် ပညာရှင်တွေရဲ့ အကြံပေးမှုတွေကို အစိုးရက နားထောင်တာ လက်ခံတာမျိုး မတွေ့ရတဲ့အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ် အားကောင်းဖို့ လုပ်ဆောင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် လွှတ်တော်ပြင်ပ နိုင်ငံရေးကနေ အစိုးရကို ထိန်းကျောင်းသွားဦးမယ်လို့ ကိုနေယံဦးက ပြောပါတယ်။
“ကျွန်တော်တို့က ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားဖြစ်ချင်တာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ တစ်ပွဲစာထက် စာရင် အနှစ် ၃၀ မြန်မာပြည် ဘယ်ရောက်နေလဲဆိုတာကို ပိုစိတ်ဝင်စားတယ်။ ဒီပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် လွှတ်တော်ပြင်ပ နိုင်ငံရေးကနေပြီး အစိုးရအဖွဲ့ကို ပြန်လည်ထိန်းကျောင်းမယ်။ ကမာရွတ်မြို့နယ်က ပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုနိုင်အောင် ကြိုးစားမယ်။ ပြည်သူလူထုကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အသိဉာဏ်မြှင့်တင်ပေးတဲ့ မီဒီယာလို လုပ်ငန်းမျိုးကို စိတ်ဝင်စားတာကြောင့် အခွင့်အရေးပေးရင်လည်း ဒါမျိုးတွေကို လုပ်ချင်တယ်။”
ရန်ကုန်မှာ နေထိုင်တဲ့ ကိုနေယံဦးဟာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ ဘွဲ့အတုကိစ္စကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ဖွင့်ချခဲ့ရာကနေ အွန်လိုင်း လူမှုကွန်ရက် သုံးသူတွေကြားထဲမှာ လူသိများလာခဲ့တာပါ။
ကချင်ပြည်နယ်မှာလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကနေ ထင်ရှားလာတဲ့ လူငယ်တချို့ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ပေမယ့် အနိုင်ရရှိခဲ့တာ မရှိပါဘူး။
ကျောင်းသားအရေး၊ စစ်ဘေးဒုက္ခသည်အရေးတွေမှာ ပါဝင်လှုပ်ရှားခဲ့ပြီး ကချင်နိုင်ငံရေးလောကကို ရောက်လာတဲ့ မဆိုင်းနူးပန်ဟာ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကို ကိုယ်စားပြုပြီး မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။
မဆိုင်းနူးပန်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ဘဏ္ဍာငွေ ပိုမို သုံးစွဲနိုင်ဖို့၊ ဒေသခံတွေအတွက် လုံလောက်တဲ့ဝင်ငွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ ကြိုးပမ်းအားထုတ် သွားမယ်လို့ ပြောပြီး ဝင်ပြိုင်ခဲ့သူပါ။ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် နေရပ် မပြန်နိုင်သေးတဲ့ စစ်ဘေး ဒုက္ခသည်အရေးတွေကို လက်မလွတ်တမ်း ဆောင်ရွက်သွားမယ်လို့ မဆိုင်းနူးပန်က ပြောပါတယ်။
“ကျွန်မတို့ဆီမှာ ငြိမ်းချမ်းရေးလည်း တရားဝင်မရသေးတော့ စစ်ဘေးရှောင်တွေအနေနဲ့ သူ့ရဲ့နေရပ်ကို ပြန်ဖို့အတွက် လုပ်နေတဲ့အပိုင်းတွေ ရှိလာတယ်။ ဒီအပေါ်မှာ နိုင်ငံရေးအရရော၊ စစ်ရေးအရရော အာမခံချက် ဘာမှမရှိသေးတဲ့အခါမှာ လူ့ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့အတွက် လုပ်ဆောင်သွားမယ်။ လူငယ်အမျိုးသမီး အရေးတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်သွားဖို့ရှိမယ်။ အခုလက်ရှိကတော့ ပါတီတွင်းကနေ လူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရေးအခွင့်အလမ်း ရရှိဖို့အတွက်ကို ကျွန်မတို့ မဟာဗျူဟာစီမံကိန်း ရေးဆွဲနေတယ်။ တစ်ဘက်မှာလည်း စွန့်ဦးတီထွင်တဲ့ လူငယ်တွေကို မွေးထုတ်ပေးတဲ့ အခန်းကဏ္ဍတွေရှိတယ်။”
အမျိုးသမီးတွေ ရှေ့တန်းရောက်ဖို့ အရှိန်ယူနေတဲ့ ဒီနေ့ကာလမှာ ကချင်ပြည်နယ် အမတ်လောင်းတွေထဲ အမျိုးသမီးအရေအတွက် အများအပြား ပါဝင်ခဲ့တာ တွေ့ရပါတယ်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ကာ လူငယ်အကြံပေးအဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ယူထားတဲ့ မဆာလီထွေးကတော့ ကချင်မျိုးနွယ်စုထဲက လီဆူလူမျိုးဖြစ်ပြီး တရားလွှတ်တော်ရှေ့နေလည်း ဖြစ်ပါတယ်။
သူဟာ ကျား၊ မ တန်းတူညီမျှရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေး၊ လူကုန်ကူးခံရသူတွေနဲ့ တောင်သူလယ်သမားတွေအတွက် မြေယာအငြင်းပွားမှုများတွေမှာ ပါဝင် ကူညီပေးနေတာပါ။
မဆာလီထွေးက ခေါင်လန်ဖူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ပညာရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေး ကျား၊ မ တန်းတူ ညီမျှရေးနဲ့ ငြိမ်းချမ်းရေးတို့အတွက် စိတ်အားထက်သန်သူ ဖြစ်ပါတယ်။
"ကျွန်မတို့က နိုင်ငံရေးလုပ်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ကိုယ့်ရဲ့ ယုံကြည်ရာ နိုင်ငံရေးကိုတော့ လုပ်နေမှာပါ။ နောက်သက်တမ်းအတွက်လည်း ပြည်သူတွေနဲ့အတူ ပြင်ဆင်ရင်း ပြည်သူတွေနိုင်ငံရေးမှာ အမြင်ပွင့်လာရင် ကျွန်မတို့ ပါတီကို လက်ခံပြီး ရွေးကောက်မယ်ဆိုတာ ယုံကြည်ပြီးသား။ ဒါကြောင့် ပြည်သူတွေ နိုင်ငံရေးအမြင်ပွင့်လာအောင် အဓိက လုပ်ဆောင်သွားမယ်။“
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပြင် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားတဲ့ လူငယ်တချို့လည်း ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ် အမှတ် (၅) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုမော်ထွန်းအောင်ကတော့ သဘာ၀ သယံဇာတအရေး ကျွမ်းကျင် ပညာရှင်တစ်ယောက်ပါ။ ကွတ်ခိုင်မြို့နယ် မဲရလဒ်ဟာ တရားမျှတမှု မရှိတဲ့အတွက် တရားမျှတမှုရှိအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကိုမော်ထွန်းအောင်က ပြောပါတယ်။
သဘာ၀ သယံဇာတတင်မကဘဲ အစိုးရရဲ့ ကျန်းမာရေး ဝန်ဆောင်မှု အခြေခံအဆောက်အအုံ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်တာတွေကို လွှတ်တော်တွင်းက မိတ်ဖက်တွေနဲ့ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ကိုမော်ထွန်းအောင်က ပြောပါတယ်။
“ကျွန်တော် ရှုံးနိမ့်တာကို တရားဝင် လက်မခံသေးဘူး။ ကျွန်တော့်ရဲ့ ပုံစံ ၁၉ ကိုလည်း ကျွန်တော် လက်မှတ် မထိုးရသေးဘူး။ ဒါနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေကို တင်ပြသွားဖို့ရှိပါတယ်။ အခုလက်ရှိ အနေအထားက ကျွန်တော်တို့ ဘယ်လိုရှေ့ဆက်လုပ်ဆောင်မလဲဆိုတာ မသိဘူး။ နိုင်ငံရေးဆိုတာ အနိုင် အရှုံးကြီးကိုပဲ ပြောနေတာ မဟုတ်ဘူး။ မဲအနိုင်အရှုံး တစ်ခုတည်းကို ပြောလို့မရဘူး။ ဒါကြောင့် ရှေ့ဆက် လုပ်ဆောင်ရမှာကတော့ အများကြီးပဲ။ ကျွန်တော်တို့နိုင်ငံမှာ ရင်းမြစ်ခွဲဝေမှုလို့ ပြောရင် သဘာ၀ သယံဇာတလည်း ပါတယ်။ လူ့အရင်းအမြစ်၊ မြေယာ အဲလိုကိစ္စတွေ ပညာရေး၊ ကျန်းမာရေး အကုန် ပါပါတယ်။ ရင်းမြစ်ခွဲဝေမှုကို ကျွန်တော်တို့က ပိုပြီး မျှတအောင်လုပ်ဖို့လိုတယ်။ ဒီဟာကိုတော့ ကျွန်တော့်အနေနဲ့ မလျှော့တမ်း လုပ်သွားဖို့ရှိတယ်။”
ကိုမော်ထွန်းအောင်က သူ့ရဲ့ကျွမ်းကျင်မှုတွေကို အသုံးချလိုသူတစ်ဦးလည်း ဖြစ်ပါတယ်။
သယံဇာတကရတဲ့ အခွန်ဝင်ငွေတွေကို ပညာရေး၊ ကျန်းမာရေးတွေမှာ မျှမျှတတ သုံးစွဲနိုင်ဖို့၊ ပမာဏကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတဲ့အခါ ကောင်းကျိုးအပြင် ဆိုးကျိုးတွေပါ ရှိတဲ့အတွက် ဒီဆိုးကျိုးတွေ ပြည်သူတွေကို ထိခိုက်မှု မရှိအောင် ကာကွယ်လုပ်ဆောင်သွားဖို့ ရည်မှန်းထားခဲ့သူပါ။
လူငယ်အများအပြားဟာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားနေကြသလို ပြုပြင်ပြောင်းလဲရေးအတွက် တတ်အားသရွေ့ ပါဝင်ဖို့ ဆန္ဒရှိနေကြပါတယ်။
ရွေးကောက်ပွဲမှာ လူငယ်တွေရဲ့ ပါဝင်လာမှု ရာခိုင်နှုန်း တိုးလာပေမယ့် လူငယ်တွေကို နေရာပေးမှုအားနည်းတယ် လို့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအဖွဲ့ ISP Myanmar အမှုဆောင်ညွှန်ကြားရေးမှုး ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
“ကျွန်တော်တလျှောက်လုံး အနာဂတ်က လူငယ်တွေရဲ့ လက်ထဲမှာရှိတယ်လို့ ပြောလာပေမယ့် လက်တွေ့ နေရာပေးတာ အားနည်းပါတယ်။ ဒါပေမဲ့ အခုလက်ရှိ ရွေးကောက်ပွဲမှာ ကြည့်တဲ့အခါ လူငယ်တွေရဲ့ ပါဝင်လာတဲ့ ရာခိုင်နှုန်းမြင့်လာတယ်။ ၉ ရာခိုင်နှုန်းလောက်ရှိတယ် ထင်တယ်။တစ်ဘက်ကလည်း ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဖို့ လိုအုံးမယ်။ ကျွန်တော်တို့ရဲ့ လူအဖွဲ့အစည်းမှာ စဉ်းစားပုံက တစ်မျိုးဖြစ်နေတယ်။ လူငယ်တွေအတွက် သိပ်ပြီးတော့ နေရာပေးချင်တဲ့သဘော မရှိတဲ့အနေအထားမှာတော့ အများကြီးလုပ်ရအုံးမယ် ထင်ပါတယ်။”
၂၀၂၀ ရွေးကောက်ပွဲမှာ အသက် ၃၅ နှစ်အောက် ကိုယ်စားလှယ်လောင်း ၁၀ ရာခိုင်နှုန်းကျော်၊ အသက် ၃၅ နှစ်နဲ့ အသက် ၆၀ ကြား ကိုယ်စားလှယ်လောင်း ၆၁ ရာခိုင်နှုန်းကျော်၊ အသက် ၆၀ အထက် ကိုယ်စားလှယ်လောင်း ၂၇ ရာခိုင်နှုန်းကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲမှာ လူသိထင်ရှားတဲ့ လူငယ်နိုင်ငံရေး အမတ်လောင်းတွေ အပါအဝင် လူသိများ ထင်ရှားတဲ့ ပါတီသစ်တွေလည်း ရှုံးနိမ့်ခဲ့ပါတယ်။ ကပ်ရောဂါကာလ မဲဆွယ်စည်းရုံးရေး မညီမျှမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာကို မယှဉ်နိုင်မှုတွေကြောင့် ရှုံးနိမ့်ရတာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)