တင်းမရွာသား ၁၈ ဦးပျောက်ဆုံးမှု  လူ့အခွင့်အရေးကော်မရှင် သီးခြားစုံစမ်းဖို့မရှိ

မင်းသိန်းအောင်
2020.12.23


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာက ရွာသား ၁၈ဦး ပျောက်ဆုံးနေတဲ့ကိစ္စမှာ တပ်မတော်က ဖမ်းဆီးထားခြင်းမရှိဘူးဆိုတဲ့ ကာကွယ်ရေးဝန်ကြီးဌာနဘက်က တုံ့ပြန်ချက်ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ယုံကြည်တဲ့အတွက် သီးခြားအနေနဲ့ ကွင်းဆင်းပြီး စုံစမ်းစစ်ဆေးတာ မရှိဘူးလို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ပြောလိုက်ပါတယ်။

ရွာသားတွေ အဖမ်းခံရတဲ့ကိစ္စမှာ တပ်မတော်က တာဝန်ရှိတဲ့သူတွေကို အရေးယူပေးဖို့ ကျောက်တော် ရဲစခန်းမှာ အမှုဖွင့်နိုင်ရေး မိသားစုဝင်တွေက ကြိုးစားနေပေမယ့် ငြင်းဆိုခံနေရပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က တင်းမရွာသစ်က ရွာသား ရှစ်ဦး၊ မတ်လ ၁၆ ရက်နေ့က တင်းမကြီးရွာက ကျေးရွာသား ဆယ်ဦးကို တပ်မတော်က ဖမ်းဆီးသွားပြီးနောက် ဒီနေ့အချိန်အထိ ပျောက်ဆုံးနေတာလို့ မိသားစုတွေက ပြောပါတယ်။

တင်းမရွာသားတွေကို တပ်မတော်က ဖမ်းဆီးသွားတဲ့ ကိစ္စတွေအပါအဝင် အောက်ခြေမှာ တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေး အရေးယူပေးဖို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် လေးဦးက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ နိုင်ငံတော် အကြီးအကဲတွေထံကို မတ်လအတွင်းက စာပေးပို့ တိုင်ကြားထားခဲ့ပါတယ်။

အဲဒီတိုင်တန်းချက်တွေအပေါ် လူ့အခွင့်အရေးကော်မရှင်က ကာကွယ်ရေးဝန်ကြီးဌာနကို မေးမြန်းပြီး ဝန်ကြီးဌာနက ပြောဆိုတဲ့အတိုင်း တင်းမရွာသားတွေကို ဖမ်းဆီးထားတာ မရှိဘူးလို့ အောက်တိုဘာလ ၂၂ ရက်နေ့က အကြောင်းပြန်ခဲ့ပါတယ်။

လူ့အခွင့်အရေးကော်မရှင်နဲ့ နိုင်ငံတော် အကြီးအကဲတွေထံ တိုင်တန်းတဲ့အထဲပါဝင်တဲ့ ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက လူ့အခွင့်အရေးကော်မရှင်က တပ်မတော်ရဲ့ပြောဆိုချက်ကိုသာ အကြောင်းပြန်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ မိသားစုဝင်တွေကို ဒီနေ့အချိန်အထိ ဆက်သွယ်စုံစမ်းတာတွေ မရှိဘူးလို့ပြောပါတယ်။

“အဲဒီဖြစ်စဉ်မှာပါသွားတဲ့ နစ်နာတဲ့ တကယ်ကိုထိခိုက်နေတဲ့ လူတွေ ပြည်သူတွေ တကယ်လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်လို့ တိုင်ကြားလာတဲ့ ပြည်သူတွေဆီကို လှမ်းပြီးတော့ ဆက်သွယ်တာတို့၊ မေးမြန်းတာတို့၊ စုံစမ်းတာတို့ မရှိဘဲနဲ့ တစ်ဖက်ကအသံနဲ့ပဲ လူ့အခွင့်အရေးကော်မရှင်က လမ်းဆုံးနေတဲ့ အခြေအနေမှာ ရှိတယ်။ ဒါကတော့ သမာသမတ်ကျတဲ့ အဖြေတစ်ခုဖြစ်လာစရာ အကြောင်းလည်း မရှိဘူးလေ။ ဆိုတော့ ဥပေက္ခာပြုထားတယ်လို့ ခံစားရတဲ့ အနေအထားဖြစ်အောင် သူတို့ လုပ်နေသလို ဖြစ်နေတယ်”

တပ်မတော်က ဖမ်းဆီးသွားတယ်ဆိုတာကို မိသားစုနဲ့ ကျေးရွာသားတွေမှာ ခိုင်မာတဲ့ အထောက်အထားတွေ ရှိတယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ တင်းမရွာသားတွေကို ဖမ်းဆီးသွားတဲ့ တပ်မတော်စစ်ကြောင်းရဲ့ လက်မောင်းတံဆိပ်တွေမှာ အမှတ် (၅၅) လို့ရေးထားကြောင်း၊ တင်းမရွာအနီးက တောင်ရှည်ကို ဖမ်းဆီးသွားပြီးနောက် ဒီနေ့အထိ ပြန်မရောက်တော့တာ ဖြစ်ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

ဒါကြောင့် တပ်မတော်က ဖမ်းဆီးတာမရှိဘူးလို့ ငြင်းဆိုတာဟာ အမှန်ကို ဖုံးကွယ်ထားတာပဲလို့ ဖမ်းဆီးခံရတဲ့ အထဲပါဝင်သွားတဲ့ အသက် ၄၂ နှစ်အရွယ် ဦးထွန်းမောင်ဝင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မေဝင်းက တုံ့ပြန်ပါတယ်။

“ဒါကတော့ သူတို့က လိမ်ညာနေတဲ့ကိစ္စတွေလေ။ အဲဒီနေ့က တင်းမရွာကဖမ်းတာ လူ ၅၀ ကျော်ပေါ့။ အဲဒီ ၅၀ ကျော်အထဲက ၁၀ ဦးကို သူတို့ခေါ်သွားတာ။ အခုသူတို့က ငြင်းနေပေမယ့် တပ်မ - ၅၅ ကဖမ်းသွားတာ။ တောင်ရှည်တောင်မှာ သူတို့တပ်စွဲပြီးတော့နေခဲ့တာ။ အဲဒီတောင်ကနေ သူတို့ဆင်းလာပြီး ရွာကိုဝင်ပြီးတော့ ခြိမ်းခြောက်သတ်ပုတ်ပြီးတော့ ဖမ်းသွားတာ။ အခုငြင်းနေတယ်ဆိုတော့ မဟုတ်မမှန်တဲ့စကားတွေ ပြောတာပဲဖြစ်တယ်။ ဖမ်းသွားတာကတော့ တကယ်ဖမ်းသွားတာလေ”

လူ့အခွင့်အရေးကော်မရှင်ဟာ ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးတာတွေမလုပ်ဘဲ တပ်မတော်ဘက်ကိုပဲ ဆက်သွယ်စုံစမ်းခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့် ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ကာကွယ်ရေးဝန်ကြီးဌာနဘက်က ဖြေကြားချက်အပေါ် ယုံကြည်တဲ့အတွက် လတ်တလောမှာ စုံစမ်းစစ်ဆေးတာ မလုပ်ဘူးလို့ ဖြေပါတယ်။

“လောလောဆယ်အရ ယုံကြည်တယ်။ အခွင့်အရေးရလို့ လိုအပ်ရင်တော့ မြေပြင်ကို သွားလိုက်မှာပေါ့နော်။ အမှန်ကတော့ ဒီလိုကိစ္စတွေက မြေပြင်မှာ ကွင်းဆင်းစစ်ဆေးတာ မှားလား၊ မှန်လား ကြည့်နိုင်ရင် အကောင်းဆုံးပေါ့”

ကိုဗစ်ကပ်ရောဂါကာလဖြစ်တဲ့အတွက် ကော်မရှင်အနေနဲ့ မြေပြင်မှာ ကွင်းဆင်းစစ်ဆေးမှုတွေ မလုပ်နိုင်တာလို့ ဆိုပါတယ်။

ပျောက်ဆုံးသူတွေရဲ့ မိသားစုဝင်တွေဆီ ကော်မရှင်က ဆက်သွယ်ခြင်းမရှိတဲ့ကိစ္စကိုတော့ ကော်မရှင်ထံ တိုင်ကြားသူဟာ မိသားစုဝင်တွေမဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်တွေသာ ဖြစ်တဲ့အတွက် တိုင်ကြားသူကိုသာ အကြောင်းပြန်ကြားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

တင်းမရွာက လူ ၁၈ ဦး ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်က မေးမြန်းရာမှာ ဖမ်းဆီးခံရတဲ့ သက်သေ အထောက်အထားတွေနဲ့ ရဲစခန်းမှာ အကြောင်းကြား တိုင်တန်းကြဖို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကာယကံရှင်မိသားစုဝင်တွေက ကျောက်တော်မြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက် နေ့နဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ နှစ်ကြိမ်တိုင်တိုင် အမှုဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် ရဲစခန်းက အမှုကို လက်မခံဘူးလို့ တိုင်တန်းဖို့ ကြိုးစားနေကြတဲ့ မိသားစုဝင်တွေက ပြောပါတယ်။

တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားတဲ့အထဲမှာ ယောက်ဖဖြစ်သူ အသက် ၆၀ ကျော်အရွယ် ဦးအောင်ညွန့်နဲ့ အစ်ကိုဖြစ်သူ အသက် ၆၉ နှစ်အရွယ် ဦးအောင်သာပန်း တို့ပါသွားတယ်လို့ ပျောက်ဆုံးသူတွေရဲ့ မိသားစုဝင် တစ်ဦးဖြစ်တဲ့ ဦးထွန်းသိန်းက ပြောပါတယ်။

ဒီအမှုဟာ ရဲနဲ့မသက်ဆိုင်ဘူးဆိုပြီး ရဲကအမှုဖွင့်ဖို့ ငြင်းဆိုနေတာလို့ သူက ပြောပါတယ်။

“သူတို့က အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်ပြီးလားဆိုတာကို ကျွန်တော်တို့က စိုးရိမ်တယ်။ အဲလိုမျိုး သံသယရှိနေတယ်။ သူတို့ အသက်ရှင်လျက်ရှိသေးတယ်၊ မရှိတော့ဘူးဆိုတာကို တိတိကျကျသိချင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကျောက်တော်ရဲစခန်းမှာ တိုင်ရခြင်းဖြစ်တယ်။ ရဲစခန်းက ကျွန်တော်တို့ကို ဘာပြောလဲဆိုရင် ဒါဟာ ရဲအလုပ်မဟုတ်ဘူးတဲ့။ တပ်မှာပဲအမှုဖွင့်၊ တပ်မှာသွားတိုင်ကြ အဲလိုပြောတော့ ကျွန်တော်တို့က လူပျောက်ဖြစ်ဖြစ်ဘာအမှုပဲဖြစ်ဖြစ် ရဲကိုသွားတိုင်တာကို ရဲကလုပ်မပေးဘူးဆိုရင် ဘာလို့ မလုပ်ပေးတာလဲ၊ သက်သေမရှိတာလည်း မဟုတ်ဘူး ဒါကိုရဲက ကျွန်တော်တို့ကိုပြောပြရမယ်”

ဒါပေမဲ့ လက်တွေ့မှာ ရဲစခန်းက အမှုဖွင့်တာကို လက်မခံတာကြောင့် ဘာဆက်လုပ်ရမယ် ဆိုတာမသိအောင် အခက်တွေ့နေရတယ်လို့ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားတဲ့အထဲ အသက် ၂၆ နှစ်အရွယ် သားဖြစ်သူ ပါသွားတဲ့ ဖခင် ဦးမောင်ကျော်ဝင်းက ပြောပါတယ်။

“စစ်တပ်ကဖမ်းတာကို ရဲကမလုပ်ပေးနိုင်ဘူးဆိုပြီးတော့ အဲလိုပြောတယ်ဗျ။ ဒီကိစ္စက လမ်းစ ပျောက်နေသလို ဖြစ်နေပြီ။ အခုက ဟိုကလည်းငြင်းဆန်၊ ဒီကလည်းငြင်းဆန်ဆိုတော့ အထက်ကိုတင်တဲ့ စာတွေကလည်း ရောက်သလား မရောက်ဘူးလားဆိုတာလည်း မသိဘူး။ ဆက်လုပ်ဖို့တောင် ခက်နေပြီ”

ရဲစခန်းက အမှုဖွင့်တာကို လက်မခံတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျောက်တော်မြို့မရဲစခန်းမှူးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟတို့ထံကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကတည်းကနေ ဒီနေ့အထိ အချိန် ၁၀ ရက်ခန့်ကြာအောင် RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရဲစခန်းက အမှုဖွင့်မပေးတဲ့အပေါ် လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က အခုလိုမှတ်ချက်ပေးပါတယ်။

“ဒါကတော့ ရဲဘက်က သူတို့နဲ့ မဆိုင်ဘူးဆိုပြီး လွယ်လွယ်ကူကူပြောလိုက်တာပေါ့။ သူတို့ (ရဲတပ်ဖွဲ့) ရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ခံယူတဲ့သဘောထားအပေါ်မှာ မူတည်ပါတယ်။ သူတို့အနေနဲ့ လုပ်ပေးမယ် (အမှုဖွင့်ပေးမယ်) ဆိုတာမျိုးနဲ့ လုပ်မယ်ဆိုလည်း ရပါတယ်။ ငါတို့နဲ့မဆိုင်ဘူးဆိုပြီး လုပ်တာထက် နည်းနည်းပါးပါး ပိုပြီး ဝိုင်းဝန်းပံ့ပိုးမယ်ဆို ကြိုဆိုတာပေါ့”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် တရားလွှတ်တော်ရှေ့နေလည်း ဖြစ်တဲ့ ဦးအောင်သိန်းက အမှုဖွင့်တာကို လက်မခံတဲ့ ရဲစခန်းမှူးကို ပြန်ပြီး တရားစွဲခွင့်ရှိတယ်လို့ ပြောပါတယ်။

"အမှုတိုင်ကြားချက်ကို လက်မခံဘူးဆိုရင် အဲဒီစခန်းမှူးကို တိုင်ချက်ဖွင့်ပြီး တရားစွဲခွင့်ရှိတယ်။ သူ့မှာ တာဝန်ပျက်ကွက်တာ၊ နိုင်လွတ်လုံဥပဒေ ၁၀ နဲ့ စွဲလို့ရတယ် ဒါဝန်ထမ်းရဲ့ ပျက်ကွက်မှုပဲ။ စစ်တပ်နဲ့ပတ်သက်ရင် ရဲစခန်းတွေက ရှောင်တယ်၊ အဲဒါလုပ်လို့မရဘူး။ ဥပဒေသဘောအရတော့ တိုင်ကြားမှုရှိလာရင် လက်ခံရမယ်"

ရဲစခန်းမှာ တိုင်တန်းဖို့လိုကြောင်း ပြောဆိုခဲ့တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ အခုနှစ်အတွင်း တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးနေသူအရေအတွက် ၂၂ ဦးအထိရှိတယ်လို့ စာရင်းပြုစုထားတဲ့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။