၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ဖျောက်ဖျက်မရနိုင်လို့ ပြည်ထောင်စုလွှတ်တော် နာယကပြော
2011.11.03

AFP PHOTO/POOL/NYEIN CHAN NAING
ရန်ကုန်တိုင်းမ် သတင်းဂျာနယ်နဲ့ အောက်တိုဘာလ ၃၁ ရက်က တွေ့ဆုံ မေးမြန်းခန်းမှာ ဦးခင်အောင်မြင့်က အခုလို ပြောကြားခဲ့တယ်လို့ နောက်ဆုံးထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အခုလို လွှတ်တော်အကြီးအကဲ ဦးခင်အောင်မြင့်က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုကြောင်း ပြောဆိုချက်ဟာ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေးအတွက် လုံလောက်မှု ရှိမရှိ ပါတီမှာ ဆွေးနွေးမှု မလုပ်ရသေးဘူးလို့ အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
အန်အယ်လ်ဒီ ပါတီ မှတ်ပုံပြန်တင်မယ်ဆိုရင် လွှတ်တော် အကြီးအကဲ မိမိနဲ့တကွ လွှတ်တော် ကိုယ်စားလှယ်တွေ ကြိုဆိုမှာ ဖြစ်ကြောင်း၊ ပြည်သူတွေ ရွေးချယ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ရောက်လာမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ
နိုင်ငံတကာ ဗဟုသုတ ကြွယ်ဝတဲ့ ပညာတတ် တစ်ယောက် ဖြစ်တာကြောင့် နိုင်ငံ တည်ဆောက်ရေး အတွက် အများကြီး အားကိုးရမှာ ဖြစ်ကြောင်းကိုလည်း ရန်ကုန်တိုင်းမ်က တွေ့ဆုံမေးမြန်းရာမှာ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားသွားပါတယ်။