ဆဲဗင်းဂျူလိုင်နေ့ အခမ်းအနားဦးဆောင်သူတွေ တရားစွဲခံထားရ


2019.07.14
7july-622.jpg ဆဲဗင်းဂျူလိုင်နေ့ အခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ကျင်းပခဲ့စဉ်
Photo: RFA

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က ဆဲဗင်းဂျူလိုင်နေ့ အခမ်းအနားကျင်းပခဲ့ရာမှာ ဦးဆောင်သူ ခြောက်ဦးကို ကမာရွတ်မြို့နယ်ရဲစခန်းက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားတယ်လို့ တရားစွဲခံ ထားရသူတွေက ပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ကိုမင်းသွေးသစ်၊ ကိုခန့်မင်းထက်၊ မသီရိကျော်အပါအဝင် ဗကသ ကျောင်းသားတွေ တရားစွဲဆိုခံထားရတာလို့ ကိုခန့်မင်းထက်က ပြောပါတယ်။

ဒီနေ့မနက်မှာ ကမာရွတ်မြို့နယ် ရဲစခန်းက ကိုခန့်မင်းထက်ကို လာရောက်ခေါ်ဆောင်ပြီး အမှုနဲ့ ပတ်သက်လို့ ကိုယ်ပိုင်ခံဝန်နဲ့ အာမခံပေးလိုက်တယ်လို့ ကိုခန့်မင်းထက်က ပြောပါတယ်။

ကိုမင်းသွေးသစ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းက သူ့ဆီကိုတရားဝင် အကြောင်းကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။

RFA က ကမာရွတ်ရဲစခန်းကို ဒီကနေ့ နေ့လယ် ၂ နာရီလောက်က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့် ရာမှာ တာဝန်ရှိသူတစ်ဦးက ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုတာတော့မရှိခဲ့ပါဘူး။

ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့လှည်းတန်း ဆင်ရေတွင်းကနေ ရန်ကုန် တက္ကသိုလ်ထဲက ဗိုလ်အောင်ကျော်ကျောက်တိုင်ရှေ့အထိ ချီတက်ကာ လွမ်းသူ့ပန်းခွေချခဲ့ကြပါတယ်။

(RFA သတင်းထောက် ကိုသူ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။