၈၈ ငြိမ်း/ပွင့်အဖွဲ့မှ မနီလာသိန်းက ရဲစခန်းမှူးကို ပြန်လည်တရားစွဲ
2016.03.21

တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မနီလာသိန်း က သူ့ကို တရားခံပြေး အဖြစ် ကြေညာခဲ့တဲ့ မရမ်းကုန်းမြို့နယ် ရဲစခန်းမှူး ရဲအုပ် ဦးသန်းဝင်း ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ အရေးယူပေးဖို့ မရမ်းကုန်းမြို့နယ် တရားရုံးထံ ဒီနေ့ လျှောက်ထားတာကို တရားသူကြီးက လက်ခံလိုက်ပါတယ်။
ရဲအုပ် ဦးသန်းဝင်းဟာ အိမ်လိပ်စာမှားယွင်းပြီး ရှာဖွေစစ်ဆေးခဲ့ပြီးနောက် မတွေ့ရှိတဲ့အတွက် တရားခံပြေး အဖြစ် ကြေညာလိုက်တာဟာ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေတယ်လို့ ယူဆတာကြောင့် အရေးယူပေး ဖို့ လျှောက်ထားတာဖြစ်တယ်လို့ မနီလာသိန်း က ပြောပါတယ်။
မနီလာသိန်းရဲ့ လျှောက်ထားမှုနဲ့ ပတ်သက်ပြီး လာမယ့် ရှေ့အပတ်ရုံးချိန်းမှာ ရဲအုပ်ဦးသန်းဝင်းကို ဘယ်လိုပုဒ်မနဲ့ တရားစွဲဆိုမယ်ဆိုတာကို အတိအကျသိရှိရမှာဖြစ်ပါတယ်။
မနီလာသိန်းဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့ သမိုင်းလမ်းဆုံမှာ လက်ပံတန်းကျောင်းသားသပိတ် စစ်ကြောင်းကို ထောက်ခံဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရတာဖြစ်ပြီး အာမခံမယူတဲ့အတွက် အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။
မနီလာသိန်းနဲ့အတူ ဗကသကျောင်းသား ကိုလင်းထက်နိုင်(ခ) ဂျိမ်းစ် နဲ့ မဖြိုးဖြိုးအောင်တို့လည်း မရမ်းကုန်းမြို့နယ် တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဒီနေ့ တရားရုံးချိန်းမှာ မနီလာသိန်း ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။