လက်တွဲညီကြဖို့ ရှစ်လေးလုံး ၂၇ နှစ်မြောက်နေ့မှာ ကိုမင်းကိုနိုင် တိုက်တွန်း


2015.08.08
minkonaing-620.jpg ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင် ကို တွေ့ရစဉ်
Photo: RFA

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုအတွက် တူညီတဲ့လုပ်ငန်းစဉ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်တာကြောင့် တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုဟာ လက်တွဲညီရမှာဖြစ်ကြောင်း ကိုမင်းကိုနိုင်က ဒီနေ့ ကျရောက်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ ဒီနေ့ ကျင်းပတဲ့ ၂၇ နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ် လည်နေ့ အထိမ်းအမှတ်အခမ်းအနားမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

"အားလုံးသွားချင်တာက ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုဖြစ်ပါတယ်၊ တူညီတဲ့လုပ်ငန်းစဉ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲရေးပါပဲ၊ ဖက်ဒရယ်ကိုသွားချင်ရင်လည်း ဖွဲ့စည်းပုံကိုပြင်မှရမယ်၊ ဒီမိုကရေစီအပြည့်အဝအနေနဲ့လည်း ဖွဲ့စည်းပုံပြင်မှရမယ်၊ တိုင်းရင်းသားနဲ့ အလုပ်အတူ အမြဲတမ်း တွေ့နေရတယ်၊ စဉ်းစားလို့ရှိရင် တိုင်းရင်းသားကိစ္စကို အမြဲတမ်းထည့်ပြီးတော့ ကျနော်တို့ စဉ်းစားသလို တိုင်းရင်းသားများအခွင့်အရေးတွေ တက်တဲ့အစိုးရမှန်သမျှနဲ့ ဆွေးနွေးတဲ့အခါ ဒီမိုကရေစီအရေးကို အစကနေပြီးတော့ ကြိုးပမ်းခဲ့ကြတဲ့သူများနဲ့ အမြဲတမ်းလက်တွဲညီပေးပါ"

ဒီနေ့ အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေ က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေဟာ ဖွဲ့စည်းပုံပြင် ဆင်ရေးအတွက် အာမခံချက် မရှိသေးသလို ငြိမ်းချမ်းရေးဆိုတာလည်း အာမခံချက်မရှိသေးကြောင်းနဲ့ တိုင်းပြည်အနာဂတ်အတွက်ဆိုရင် ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားတွေအရေးကို တပါတည်းပြော ရမှာဖြစ်ကြောင်းလည်း ကိုမင်းကိုနိုင်က ပြောခဲ့ပါတယ်။

၂၇ နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ်အခမ်းအနားကို ဒီနေ့ မနက်က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ မှာ မေတ္တာလှုပ်ရှားမှုအဖဲွဲ့က လမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပါတယ်။

ဒီအတောအတွင်း တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) ဗဟိုဌာနချုပ်မှာလည်း ရှစ်လေးလုံးနေ့အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ကေအိုင်အိုဌာနချုပ်အနီးရှိ ဂျန်ထုန်လခွမ်းဘွန် ဌာချုပ်စခန်းမှာ ရှစ်လေးလုံး အခမ်းအနားကျင်းပခဲ့ပုံနဲ့ ပတ်သက်လို့ ABSDF မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ရဲဘော်လဆိုင်းက အခုလို ပြောပြပါတယ်။

“ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်းက ပြည်သူလူထု တောင်းဆိုခဲ့တဲ့အချက်တွေဟာ ဒီနေ့အထိ တစ်ခုမှမရသေးပါဘူး၊ စစ်အာဏာရှင်စနစ်အောက်ကလည်း ဒီနေ့အထိ မလွတ်မြောက်သေးပါဘူး ဆိုတဲ့အတွက်ကြောင့် ဒီနေ့ တိုင်းရင်းသားပြည်သူလူထု လိုလားတောင့်တတဲ့ ဒီမိုကရေစီ အခြေခံကျတဲ့ လွတ်လပ်ခွင့် လူအခွင့်အရေးဆိုင်ရာ အချက်တွေနဲ့ တိုင်းရင်းသားလူမျိုးစု အားလုံးနဲ့တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ အချက်တွေ ဆက်လက်ရနိုင်ဖို့အတွက် ရှစ်လေးလုံးကိစ္စနဲ့ ပတ်သက်ပြီးမှ အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ဖို့အတွက် ကျင်းပတဲ့အခမ်းအနားဖြစ်ပါတယ်”

အခမ်းအနားအတွက် MNDAA မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်အဖွဲ့၊ TNLA တအန်းလွတ်မြောက်ရေးတပ်မတော်၊ ဗကသအဖွဲ့နဲ့ SYCB မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် အဖွဲ့တွေက သဝဏ်လွှာတွေ ပေးပို့ကြပြီး လူ ၄ဝဝ ဝန်းကျင်လောက် တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်မြို့က ရှစ်လေးလုံးနှစ်ပါတ်လည်နေ့ အခမ်းအနား တက်ရောက်ခဲ့သူတွေရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မမိုးကလျာဦးက တင်ပြထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ကို RFA အဖွဲ့သူ မသင်းသီရိ မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။