စက်မှုလိုင်စင် ၄၅ ရက်အတွင်း ရမယ်


2016.05.26

စက်မှုလုပ်ငန်း လိုင်စင်တွေလျှောက်ရာမှာ အရင်ကလို ၁ နှစ်လောက်အထိ ကြာတာမျိုးမဟုတ်တော့ဘဲ ၁ လခွဲနဲ့ လုပ်ငန်းလိုင်စင်ရအောင် ချပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက စက်မှုဇုန်လုပ်ငန်းရှင်တွေကို ကတိပေးလိုက်ပါတယ်။

မနေ့က နေပြည်တော် စက်မှုဝန်ကြီးဌာနမှာ စက်မှုဇုန်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် စက်မှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးခင်မောင်ချို က ပြောခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ရွှေလင်ဗန်း စက်မှုဇုန် ဥက္ကဌ ဦးအေးသောင်း က ပြောပါတယ်။

"စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် ဖြေလျေ့ာမှုလေးတွေပေးပြီးတော့ စက်မှုလိုင်စင်တွေ ကြန့်ကြာ မှုလေးတွေကို အမြန်ဆုံးလုပ်ပေးဖို့ပေါ့၊ အခုသူပြောသွားပါပြီ ၄၅ ရက်အတွင်းချပေးမယ်ပေါ့၊ အခန့်မသင့်ရင် ၄၊ ၅ လ၊ တစ်နှစ်ကြာရင်ကြာမယ်ပေ့ါ၊ တချို့ကျတော့လည်း စာရွက်မပြည့်စုံတာတွေ ဖြစ်ရင်ဖြစ်နိုင်သလို တချို့ကျတော့ လည်း ပြည့်စုံရဲ့နဲ့ အောက်ကဝန်ထမ်းတွေရဲ့ မသမာမှုလေးတွေလည်းပါတာပေါ့၊ စက်မှုလုပ်ငန်းကို အားပေးတဲ့ အတွက်ကြောင့် ဒီကိစ္စလေးတွေကို သူတို့ညွှန်ချုပ်တွေနဲ့ တိုင်ပင်ပြီး ဒါတွေကို အမြန်ဆုံးဖြေလျော့ပေးမယ်ပေါ့"

စက်မှုဝန်ကြီးဌာနရဲ့ ရက် ၁ဝဝ စီမံချက်အတွင်း စက်မှုဇုန်ဥပဒေကို ရေးဆွဲပြဌာန်းသွားမှာ ဖြစ်တဲ့အတွက် ဥပဒေရေးဆွဲရာမှာ အလုပ်သမား ဒါမှမဟုတ် အလုပ်ရှင်တစ်ဘက်ဘက်ကို အသာစီးပေးထားတဲ့ စကားလုံးအသုံး အနှုန်းတွေ၊ ပြဌာန်းချက်တွေ မပါဝင်အောင် ရေးဆွဲပေးဖို့ လုပ်ငန်းရှင်တွေဖက်က အကြံပြုတင်ပြခဲ့ကြပါတယ်။

ဒါ့အပြင် အရင်က ပြည်ပကနေ စက်ပစ္စည်းတွေ တရားဝင်တင်သွင်းရာမှာ ပစ္စည်းအသစ်တွေကိုသာ တင်သွင်း ခွင့်ပြုခဲ့ပေမယ့် အခုဆိုရင် အသေးစား လုပ်ငန်းရှင်တွေကို စက်ပစ္စည်းအဟောင်းတွေ တင်သွင်းခွင့်ပေး လိုက်တယ်လို့လည်း ဦးအေးသောင်းက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း စက်မှုဇုန် ၂၉ ဇုန်က ဥက္ကဌနဲ့ အတွင်းရေးမှူး စုစုပေါင်း ၁၅ ဦးကို ရွေးချယ်ပြီး စက်မှုဝန်ကြီး ဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ကော်မတီတစ်ရပ်လည်း ဖွဲ့စည်းထားပါတယ်။ မနေ့က တွေ့ဆုံပွဲကို ကော်မတီဝင် ၁၅ ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။