UEC နဲ့ အစိုးရ ဆန္ဒမရှိလို့ နောက်ဆက်တွဲ ရွေးကောက်ပွဲ မလုပ်နိုင်တာလို့ AA စွပ်စွဲ

2020.12.31

ပြီးခဲ့တဲ့နိုဝင်ဘာလဆန်းကစပြီး ဒီဇင်ဘာတစ်လလုံး တိုက်ပွဲတွေရပ်ထားခဲ့ပေမယ့်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့တာဟာ၊ ကော်မရှင်နဲ့ အစိုးရက ကျင်းပ လိုစိတ် မရှိတာကြောင့်ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်ပြောခွင့်ရ ဦးခိုင်သုခက ဒီဇင်ဘာ ၃၀ ရက် မနေ့က RFA ကို ပြောလိုက်တာပါ။

NLD အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ဘက်က နောက်ဆက်တွဲရွေးကောက်ပွဲတွေ မလုပ်ချင်ဘူး ဆိုတဲ့အဖြေက ရှင်းနေတယ်လို့လည်း ဦးခိုင်သုခ က ဆိုပါတယ်။

"ကျွန်တော်တို့ ULA/AA အနေနဲ့က ရခိုင်ဒေသမှာ ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့နေရာတွေကို နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ ဆက်လုပ်ဖို့အတွက် တောင်းဆိုတာရှိတယ်။ မြန်မာစစ်တပ် ဘက်ကလည်း ဒါကို ကြိုဆိုတယ်ဆိုပြီးတော့ ပြောတယ်။ အခု ရွေးကောက်ပွဲ မလုပ်ဖြစ်ဘူး ဆိုတာကတော့၊ ဘယ်သူ့ကြောင့် မလုပ်ဖြစ်ဘူးလဲ ဆိုတာကတော့ အဖြေက ရှင်းနေတာပဲ။ NLD အစိုးရနဲ့ UEC ကနေပြီးတော့ လုပ်ချင်ရင် လုပ်လို့ရတယ်၊ မလုပ်ချင်ရင်လည်း မလုပ်ဘူးပေ့ါဗျာ။ အဖြေက ရှင်းနေတဲ့ကိစ္စလို့ မြင်ပါတယ်"

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော စတဲ့ ကိုးမြို့နယ်မှာ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ လုပ်ပေးဖို့  ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၁၂ ရက်နေ့ကတည်းက တောင်းဆိုထားပြီး၊  ဒီတောင်းဆိုချက်အပေါ် တပ်မတော်ဘက်ကလည်း ချက်ချင်း ကြိုဆိုခဲ့ပါတယ်။

ဒါပေမဲ့ တစ်လကျော်အကြာ ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က အမြင်သဘောထား မေးမြန်းရာမှာတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ  မှတ်ချက်မပေးလိုဘူးလို့ ပြောပါ တယ်။

ဒီဇင်ဘာ ၃၁ ရက်ရောက်တဲ့အထိ ရခိုင်မြောက်ပိုင်းမှာ ဘာကြောင့် နောက်ဆက်တွဲရွေးကေက်ပွဲတွေ မလုပ်နိုင်ခဲ့သလဲဆိုတာ သိနိုင်ဖို့အတွက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို RFA က ဖုန်းနဲ့ရော၊ အီးမေးလ်နဲ့ပါ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမျိုး မရှိပါဘူး။

အခုဆိုရင် လွှတ်တော်တတိယသက်တမ်းကျင်းပဖို့ အချိန်တစ်လသာ ကျန်တော့တဲ့အတွက် ကော်မရှင်အနေနဲ့ တာဝန်ယူမှုရှိရှိနဲ့  သဘောထားမှတ်ချက်ပေးသင့်ပြီလို့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက အကြံပြု ပါတယ်။

"တကယ်လို့သာ ရွေးကောက်ပွဲလုပ်ချင်ရင်တော့ လုပ်ဖို့ကြေညာလို့ရတဲ့ အချိန်အခါရောက်နေပါပြီ၊ ပထမမေးခွန်းတစ်ခုကတော့ ကော်မရှင်သည် တကယ်ရော အမှီအခိုကင်းကင်းနဲ့ ဆုံးဖြတ်နေရဲ့လားဆိုတဲ့ မေးခွန်းတော့ ပေါ်လာတာပေါ့၊ ဒုတိယတစ်ခုအနေနဲ့ ပြောမယ်ဆိုရင်တော့ လုပ်တာ မလုပ်တာနဲ့ ပတ် သက်ပြီးတော့ လုပ်ချင်တယ်ဆိုလို့ရှိရင် လုပ်လို့ရပါတယ်၊ မလုပ်ချင်ရင်တော့ အကြောင်းပြချက်မျိုးစုံ ပေးလို့ရတဲ့ အနေအထားမျိုးပါ၊ သို့သော်လည်း လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ကော်မရှင်အနေနဲ့ ကတော့ သဘောထားမှတ်ချက်ပေးဖို့လိုနေပြီလို့ ထင်ပါတယ်၊ လွှတ်တော် တတိယသက်တမ်းက ဖေဖော်ဝါရီစမယ်ဆိုတော့ အချိန်က တစ်လပဲ ကျန်တဲ့အချိန်မှာ ကော်မရှင်က မှတ်ချက်ရဲရဲပေးဖို့ လိုပြီထင်ပါတယ်၊ ကိုယ်ဆုံးဖြတ်တဲ့အပေါ်မှာလည်း တာဝန်ယူမှုရှိဖို့လိုပြီလို့ ထင်ပါတယ်"

 ရခိုင်မြောက်ပိုင်းမှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ ပြန်ကျင်းပပေးတာဟာ ရခိုင်ပြည်နယ် ငြိမ်းချမ်း ရေးအတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သဘောထားရင်တော့၊ ကော်မရှင်အနေနဲ့ မဖြစ်မနေကျင်းပပေးသင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲဖြစ်တဲ့  အာနန္ဒာအဖွဲ့က ညွှန်ကြားရေးမှူး ကိုထင်ကျော်အေး ကတော့ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဟာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရာမှာ အားနည်းပြီး အစိုးရရဲ့ ဆုံးဖြတ်ချက်ပေါ်မှာလိုက်ပြီး ဆောင်ရွက်နေရတယ်လို့ မြင်မိကြောင်း ပြောပါတယ်။

"ဒီသက်တမ်း တာဝန်ထမ်းဆောင်မယ့် ရွေးကောက်ပွဲကော်မရှင်က သူတို့ဆုံးဖြတ်ချက်တွေကိုချတဲ့ အခါမှာ အမြဲတမ်းနှောင့်နှေးတတ်တယ် ပြတ်ပြတ်သားသား သူတို့ ဆုံးဖြတ်ချက်ကိုချတာမျိုး ပွင့်ပွင့် လင်းလင်းထုတ်ပြောတာမျိုး အဲဒါမျိုး လုပ်လေ့လုပ်ထရှိလေ့ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်မျိုး မဟုတ်ဘူး ပေါ့နော်၊ ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ သြဇာလွှမ်းမိုးနိုင်တယ်လို့ ယူဆရတဲ့ အစိုးရအဖွဲ့ဆုံးဖြတ်ချက် ပေါ်မှာ အမြဲတမ်းစောင့်နေပုံရတယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေက ဒီဘက်ကနေပြီးတော့ မီးစိမ်းပြပေမယ့် လို့ အစိုးရက သူတို့မီးစိမ်းမပြလို့ဆိုတဲ့ အခြေအနေပေါ်မှာ စောင့်နေသေးတယ်လို့ ယူဆတယ်ပေါ့နော်၊ ဒါကလည်း အစိုးရရဲ့ မလုပ်နဲ့ လုပ်ပါလို့ ပြောတာမျိုး မဟုတ်ရင်တောင်မှ ဒီရွေးကောက်ပွဲကော်မရှင် ဘက်ကနေ အစိုးရအပေါ်မှာ အစိုးရက သူ့ကို မီးစိမ်းပြပြီလား မပြသေးဘူးလား ဆိုတာကြည့်နေတဲ့ အခြေအနေကြောင့်မို့လို့ တုပ်တုပ်မလှုပ်တာလို့ မြင်တယ်ပေါ့နော်"

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို လုပ်နိုင်သမျှလုပ်မယ်လို့ စိတ်အားထက်သန်မှုကို မမြင်ရသလို ပွင့်လင်းမြင်သာမှုမှာလည်း အားနည်းတယ်လို့ သူကဆက်ပြီး ဝေဖန်ပါတယ်။

ရခိုင်အမျိုးသားပါတီ  နိုင်ငံရေးဦးဆောင်မှုကော်မတီဝင်လည်းဖြစ်၊ လက်ရှိ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဖေသန်း ကလည်း ကော်မရှင်အနေနဲ့ ရခိုင်မှာရွေးကောက်ပွဲပြန်ကျင်းပဖို့ နှောင့်နှေး တာဟာ အစိုးရရဲ့သဘောထားလား၊  ကော်မရှင်သဘောထားလားဆိုတာကို ရှင်းရှင်းလင်းလင်းထုတ်ပြောဖို့ လိုနေပြီလို့  ပြောပါတယ်။

"အခုဒီဘက်မှာ နယ်မြေလည်း အေးချမ်းနေပြီ၊ တပ်မတော်ဘက်ကလည်း ရွေးကောက်ပွဲလုပ်ဖို့ ထောက်ခံ ထားတယ်ဆိုတော့ အစိုးရရဲ့ သဘောထားမှတ်ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတောင်း တာလား၊ တောင်းရဲ့သားနဲ့ အစိုးရက ဒါကို မလုပ်သင့်ဘူးလို့ မှတ်ချက်ပေးတာလား၊ နှစ်ခု တစ်ခုခုပေါ့နော်၊ ဖြစ်ဖို့များတာက ဒီဘက်အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ ပြောနေတာကို ထောက်ကြည့်ရင် ဒါကတိုက်ပွဲမဖြစ်ရုံ နဲ့ လုပ်နိုင်တာမဟုတ်ဘူးဆိုပြီး တခြားအကြောင်းတွေပါ ဆွဲထည့်ပြီးတော့ သူတို့ဘက်ကပြောနေတာတွေ ရှိတယ်၊ ဒါကအစိုးရရဲ့  သဘောထားမှတ်ချက်ပေါ်မူတည်ပြီးတော့ ကော်မရှင်က မလုပ်တာပါလို့ ကျနော် တို့ကတော့ ယေဘုယျမှန်းဆလို့ရတယ်၊ တကယ်လို့သာ အစိုးရက လုပ်လို့ရတယ်ဆိုရင် ကော်မရှင် ကလည်း လုပ်မှာပေါ့၊ ဒီအပေါ်မှာတော့ ဖြစ်စဉ်တွေကို ယူအီးစီက ရှင်းပြပေးဖို့ လိုတယ်လို့ မြင်ပါတယ်"

အခုလို ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ သဘောထားမှတ်ချက်သိနိုင်ဖို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အွန်လိုင်းကနေတဆင့် စာနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်းမရှိပါဘူး။

သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက နိုဝင်ဘာ ရက်နေ့က ကျန်ခဲ့တဲ့နေရာတွေမှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပနိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်သွားမှာပါလို့ နိုဝင်ဘာ ၁၂ ရက်နေ့က RFA ကို ပြောခဲ့ဖူးပါတယ်။

 ဒါပေမဲ့ အခု တစ်လကျော်ကြာတဲ့အထိ ရခိုင်မြောက်ပိုင်းမှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ ဖြစ်မလာခဲ့ပါဘူး။

 ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် အထွေထွေရွေးကောက်ပွဲအပြီး တစ်နှစ်ကြာမှ ပြန်ကျင်းပလို့ရမှာ ဖြစ်ပေမယ့်၊ နောက်ဆက်တွဲရွေးကောက်ပွဲတွေဆိုရင်တော့ နိုဝင်ဘာ ရက် အထွေထွေရွေးကောက်ပွဲအပြီး အခု ဒီဇင်ဘာလထဲမှာ လုပ်လို့ရတဲ့အခြေအနေရှိခဲ့တယ်လို့ နိုင်ငံရေးအကဲခတ်တချို့က မှတ်ချက်ပေးပါတယ်။

 ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၉၊ ပုဒ်မ ၃၉၉ () မှာတော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ သဘာဝ ဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊  နယ်မြေလုံခြုံရေး အခြေအနေရသော်လည်းကောင်း၊ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းနိုင် တယ်လို့ ဖေါ်ပြထားပေမယ့် ဆက်စပ်ရွေးကောက်ပွဲ နောက်ဆက်တွဲရွေးကောက်ပွဲတွေကို ဘယ်အချိန်မှာ ကျင်းပရမယ်ဆိုတာ အတိအကျ ဖေါ်ပြမထားပါဘူး။

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ခေါင်းဆောင် မစ္စတာ ဆာဆာကာဝါယိုဟီအိဟာနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ဟာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသကို နိုဝင်ဘာ ၂၈ ရက်နေ့က သွားရောက်လေ့လာခဲ့သလို နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊  ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့နဲ့ပါ တွေ့ဆုံပြီး ရခိုင် မြောက်ပိုင်းက ချန်လှပ်ထားတဲ့ မြို့နယ် ကိုးခုမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။

 ဧရာဝတီသတင်းဌာနနဲ့ မစ္စတာဆာဆာကာဝါတို့ရဲ့ သီးသန့်အင်တာဗျူးမှာတော့ ရခိုင်ပြည်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ တိုက်တွန်းချက်အပေါ် ကော်မရှင်ဘက်က လုပ်ပေးချင်တဲ့စိတ်မရှိဘူးဆိုတာ တွေ့ရတဲ့အတွက်  အင်မတန်စိတ်ပျက်မိတယ်လို့ ဖြေကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသူရိန်ထွဋ် ကတော့ ရခိုင်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေးအတွက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားလာရင် ဆောင်ရွက်ဖို့ အသင့်ပြင်ထားပြီး၊  အခုချိန်ထိတော့ ကော်မရှင်ဘက်က တစ်စုံတစ်ရာ ညွှန်ကြားတာမျိုး မရှိဘူးလို့ ပြောပါတယ်။

"ကျနော်တို့ကတော့ ခိုင်းရင်လုပ်မှာပေါ့၊ မခိုင်းရင်မလုပ်ဘူးပေါ့၊ အဲလောက်ပဲ ပြောလို့ရမယ်၊ ကျန်တာ တော့ သိချင်ရင် ယူအီးစီကို မေးကြည့်ပေါ့"

 နိုဝင်ဘာ ရက်ရွေးကောက်ပွဲအတွင်း ရခိုင်မြောက်ပိုင်းက မြို့နယ် ကိုးခုမှာ ရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့တာကြောင့် မဲပေးခွင့်ရှိသူ ၁၆ သိန်းကျော်အနက် ၁၂ သိန်းကျော်လောက် မဲပေးခွင့် ဆုံးရှဲးခဲ့ပါတယ်။

 ရခိုင်ဒေသခံတွေကတော့ ရခိုင်မြောက်ပိုင်းမှာ နောက်ဆက်တွဲရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပပြီးနောက် ရခိုင်ပြည်နယ် အမြန်ဆုံးငြိမ်းချမ်းလာဖို့ကို မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။