AA အပစ်ရပ် ကြေညာချိန် တိုက်ပွဲ ပြင်းထန်

ဝေမာထွန်း
2020.01.02
chin-refugees-622.jpg အမ်းမြို့နယ် နတ်မော်ကျေးရွာစာသင်ကျောင်းမှာ ခိုလှုံနေကြတဲ့ ချင်းစစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Salai Ye Aung

ရခိုင့်တပ်တော် AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့ ကနေ ဖေဖော်ဝါရီလ ၂၉ ရက် နေ့အထိ  နှစ်လကြာ အပစ်အခတ်ရပ်စဲတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပေမယ့် မနေ့ကနဲ့ ဒီနေ့မှာ မြေပုံ၊ အမ်း၊ မင်းပြားနဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြေပုံ၊ အမ်း၊ မင်းပြားနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ် နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေကပြောပြီး တပ်မတော်၊ ရခိုင်တပ်တော် AA ဘက်ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုပြောကြပါတယ်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အနေနဲ့ ၂၀၁၉ စက်တင်ဘာ ၁၉ ရက်နေ့ထဲက ထိုးစစ်တွေ ရပ်မယ်လို့ထုတ် ပြန်ထားပေမယ့် တပ်မတော်က အင်အား အလွန်အကျွံသုံးပြီး သူတို့နယ်မြေတွေထဲကို ဝင်ရောက် တိုက်ခိုက်တဲ့ အတွက် မြေပြင်မှာ တိုက်ပွဲတွေ ရပ်စဲတာမရှိခဲ့ဘူးလို့ AA ဘက်က ပြောပါတယ်။

တပ်မတော်ဘက်ကလည်း မြောက်ပိုင်းအဖွဲ့တွေက အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေမယ့် တပ်ဌာနချုပ်တွေကို ပစ်ခတ်တာ၊ နေရာတိုးချဲ့တာ၊ ပြည်ထောင်စုလမ်းမပေါ်မှာ ဆပ်ကြေးကောက်တာတွေရှိပြီး အပြောနဲ့အလုပ် မညီတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က မြောက်ပိုင်းအဖွဲ့ဘက်က အပစ်ခတ် ရပ်စဲကြောင်း ကြေညာထားပေမယ့် ဒီနေ့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ ဟုတ်တယ်လို့ ပြောပါတယ်။

“ဟုတ်တယ်။ သူ့ဘာသူ ကြေညာတာ၊ တောပြောတောင်ပြောလျှောက်လုပ်တာ၊ ကျနော်တို့က အဲအတွက် စိတ်ထဲလည်း စိတ်မဝင်စားဘူး။ သူ့ဘာသူ ကြိုက်သလိုလုပ်၊ ကျနော်တို့ လုပ်စရာရှိတာ လုပ်မှာပဲ။”

ပလက်ဝမြို့နယ်၊ တွီတောင်ရွာရဲ့ အနောက်ဘက် ၄ ကီလိုမီတာခန့်အကွာက တောင်ကုန်းကို မနေ့က နေ့လည် ၂ နာရီ ခွဲခန့်မှာ တပ်မတော်က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဒီနေ့မနက်မှာလည်း တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ရခိုင့်တပ်တော် AA ဘက်က ပြောပါတယ်။

တပ်မတော်ဘက်ကတော့ နှုံးဗူးတပ်မတော်စခန်းကို AA ဘက်က ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ပလက်ဝမြို့နယ်၊ နှုံးဗူးကျေးရွာနားက တပ်မတော်စခန်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့ကစပြီး မနေ့က ထိ သုံးကြိမ်တိုင် AA ဘက်က အင်အားအမြောက်အများနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ICJ မှာနိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်သွားပြီးပြောခဲ့တာ ၄၀၀ လောက်နဲ့ ဝိုင်းတိုက်တယ်ဆိုတာ အဲ နှုံးဗူးဆိုတဲ့ တပ်မတော် စခန်းတစ်ခုပဲ။ ဒီဇင်ဘာ ၁၇ ၊ ၁၈ ၊ ၁၉ လောက်တုန်းကတိုက်တယ်။ ၂၄၊ ၂၅ မှာ တစ်ခါတိုက်တယ်။ မနေ့တနေ့ကမှလည်း အဲစခန်းကို တစ်ခါလာရောက် ပစ်ခတ်တာတွေရှိတယ်။ အနီးနား တဝိုက်မှာ တိုက်ပွဲဖြစ်တာတွေ ရှိတယ်။ ဒါတွေက လက်တွေ့ဖြစ်နေတာတွေပါ။ ကြေညာချက်ထုတ်ပြီး အဲကြေညာချက်တိုင်း လိုက်မလုပ်တာလည်း အကုန်လုံးသိပြီးသား ဖြစ်ပါတယ်။”

ပလက်ဝမြို့ ၂၈၉ ဌာနချုပ်ကနေ လက်နက်ကြီးပစ်ကူနေသလို နှုံးဗူးတပ်စခန်းကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ရခိုင့်တပ်တော် AA က ခိုင်သုခ ကလည်းပြောပါတယ်။

“ပလက်ဝမြို့က ၂၈၉ ဌာနချုပ်က လက်နက်ကြီး ပစ်ကူပေးနေတာတွေရှိတယ်။ နောက်ပြီး နှုံးဗူးဗျူဟာ အဲဒီကလည်း လက်နက်ကြီး ပစ်ကူပေးနေတာရှိတယ်လို့ သိရတယ်။ မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေ ရပ်တယ်မရပ်ဘူး ဆိုတာကတော့ သူတို့ရဲ့ အပိုင်းပေါ့။ မြန်မာစစ်တပ်ဘက်က ဆက်ပြီး ထိုးစစ် ဆင်နေမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ခုခံရုံမှအပ အခြားနည်းမရှိဘူးပေါ့နော်။ ”

မနေ့ကဆိုရင် ဘူးသီးတောင်၊ ရသေ့တောင်ဘက်မှာလည်း တပ်မတော်ဘက်က လက်နက်ကြီးတွေ နဲ့ ပစ်တာတွေရှိတယ်လို့ ခိုင်သုခက ပြောပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး၊ ဖားပြိုရွာနားမှာလည်း ဒီနေ့ နေ့လည် ၂ နာရီ  လောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

အမည်မဖော်လိုတဲ့ မင်းပြားမြို့ခံတစ်ဦး ပြောပြတာက တိုက်ပွဲဖြစ်ရာနေရာဟာ မင်းပြားမြို့ပေါ်နဲ့ ၆ မိုင် လောက် ဝေးပေမယ့် လက်နက်ကြီးသံတွေကို မြို့ပေါ်ကနေပါ ကြားရတယ်လို့ ပြောပါတယ်။

“လက်နက်ကြီးတွေ ပေါက်ကွဲတယ်။ ၂ နာရီလောက်က စဖြစ်တယ်ပြောတယ်။အခုလက်နက်ကြီး သံကြားနေရတယ်။ ဒုန်းဒုန်း ဒုန်းဒုန်းနဲ့။ မင်းပြားမြို့ပေါ်ကနေ ကြားရတာပါ။”

ဒီရက်ပိုင်းအတွင်းမှာ မြေပုံမြို့နယ် စညှင်းကျေးရွာအုပ်စုကနေ တစ်မိုင်ခန့်ဝေးတဲ့နေရာမှာ တိုက်ပွဲတွေ  ဖြစ်နေလို့ စညှင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာ ငါးရွာက ဒေသခံ ၂၀၀၀ လောက် အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရပါတယ်။

ရွာနားကို လက်နက်ကြီးတွေကျလို့ ဒေသခံတွေက ထွက်ပြေးသွားကြတာလို့ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“၅ ရက်၊ ၆ ရက်လောက်က ပြေးသွားကြတာ။ ရွာအနီးနားကို လက်နက်ကြီးတွေ ကျတယ်ဆိုပြီးတော့ မနေရဲတော့ဘူး။လူဦးရေ ၂၀၀၀ ကျော်လောက်ရှိမှာပါ။ ကမ်းထောင်းကြီးရယ် စိတ္တရရယ်၊ ညောင်ကန် သူတို့နဲ့ နီးစပ်တဲ့ရွာတွေ၊ အမ်းမြို့နယ်ထဲမှာလည်း ဒလက်ချောင်းတို့ အဲဘက်ကို ကူးသွားပြီပေါ့ မြေပုံမြို့နယ်ထဲက။”

အမ်းမြို့နယ်မှာတော့ ကဇုကိုင်းတံတားအနီးမှာ ဒီနေ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က အမ်း၊ မြေပုံနဲ့ မင်းပြားအစပ်မှာ နေ့တိုင်းနီးပါး တိုက်ပွဲ တွေဖြစ်နေတာလို့ ပြောပါတယ်။

“အမ်းရယ်၊ အမ်း အစပ်ရယ်၊ မင်းပြားအစပ်ရယ် မြေပုံအစပ်ရယ် နေတိုင်းဖြစ်နေတာ။ ကျနော်တို့ကတော့ အကြားပဲရှိတယ် သွားကြည့်လို့လည်းမရဘူး။ ”

မနေ့က မြောက်ပိုင်းအဖွဲ့က ထုတ်ပြန်တဲ့ နှစ်လကြာ တဖက်သတ် အပစ်အခတ်ရဲစဲကြောင်း ကြေညာ ချက်မှာ တပ်မတော်ဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ကို ချက်ချင်း ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို ဖော်ဆောင်ပေးဖို့နဲ့ အပစ်ရပ်စာချုပ် အမြန် လက်မှတ်ရေးထိုးဖို့ တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။