နိုင်ငံ့ဘဏ္ဍာငွေတွေ ဆုံးရှုံးနစ်နာမှု အရေးယူပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြား


2018.10.13
accm-office-622.jpg အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးကို တွေ့ရစဉ်
Photo: ACC Myanmar - facebook

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရ စီမံကိန်းတွေမှာ ငွေကျပ် ၅၁ ဘီလီယံကျော် ဆုံးရှုံးနေတဲ့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်းထားတဲ့ စီမံကိန်းတွေမှာလည်း နှစ်စဉ်ပြည်သူ့ ဘဏ္ဍာငွေ ကျပ် ၅ ဒဿမ ၈ ဘီလီယံ ဆုံးရှုံးနစ်နာနေတဲ့အပေါ် ဥပဒေအတိုင်းအရေးယူပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက တိုင်ကြားလိုက် ပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့မေးမြန်းမှုကို မဖြေရှင်းဘဲ နေတာဟာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး မျက်နှာနာနေရတဲ့သူတွေ၊ အားနာနေရတဲ့သူတွေ ရှိနိုင်တဲ့အတွက် တိုင်းအစိုးရ ကိုယ်စား ကြားထဲက ဝင်ရောက်တိုင်ကြားလိုက်တာ ဖြစ်တယ်လို့ ဒေါ်ညိုညိုသင်းက RFA ကို ပြောပါတယ်။

အစီရင်ခံစာအရ တိုင်းအစိုးရကို ရည်ရွယ်တာမဟုတ်ဘဲ အစိုးရအဖွဲ့ဝင်တွေနဲ့ ရန်ကုန်တိုင်းစည်ပင် တာဝန်ရှိ သူတွေထဲက ဘယ်သူတွေဟာ အဂတိလိုက်စားမှု ကျူးလွန်တယ်ဆိုတာကို စုံစမ်းဖော်ထုတ်ပေးဖို့ တိုင်ကြား တာဖြစ်ပြီး ကျော်ဇောသတင်းဖြစ်နေသလို ခိုင်လုံတဲ့ အထောက်အထားတွေရှိတယ်လို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်အလက်တွေကို တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးခဲ့ကြပေမယ့် အစိုးရက ဖြေရှင်းမှုမရှိခဲ့သလို စီမံကိန်းတွေနဲ့ ပတ်သက်လို့ ထောက်ပြဝေဖန်ရေးသားခဲ့တဲ့ Eleven သတင်းမီဒီယာက သတင်းသမား ၃ ဦးကို အရေးယူခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။