အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ သမ္မတ ဦးဝင်းမြင့် တေ့ွဆုံ
2018.04.11

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ပိုင်ခွင့် အာဏာအရှိန်အဝါရှိသူတွေက ဝင်ရောက်စွက်ဖက်တာတွေ၊ စွပ်စွဲခံရသူဘက်ကနေ အကာ အကွယ်ပေးတာတွေရှိရင် ပွင့်ပွင့်လင်းလင်း တင်ပြပေးဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်က နိုင်ငံတော် သမ္မတအိမ်တော်မှာ သမ္မတ ဦးဝင်းမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် နဲ့ အဖွဲ့ဝင်တွေကို တေ့ွဆုံခဲ့တာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။
သမ္မတက သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်ဖို့အတွက် အဂတိတရား ကင်းရှင်းမှုရှိဖို့ လိုအပ်ကြောင်း အဂတိတရား ကင်းရှင်းမှုဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကော်မရှင်အနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကို မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ် သားသား ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်းလည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲကို သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် သမ္မတရုံး ဒုတိယဝန်ကြီး ဦးမင်းသူ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ အတွင်းရေးမှူး ဦးစန်းဝင်း၊ အဖွဲ့ဝင် ၉ ဦး တက်ရောက်ခဲ့ပါတယ်။