အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရုံးခွဲတွေ ဖွင့်မည်


2018.04.13
accm-winmyint-622.jpg သမ္မတ ဦးဝင်းမြင့်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တွေကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ဆုံစဉ်
Photo: Myanmar President Office Facebook

အဂတိလိုက်စားမှု တိုက်ဖျက်နိုင်ရေးကို တပြည်လုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့အတွက် ရုံးခွဲတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဖွင့်လှစ်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က ပြင်ဆင်နေပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံ ခဲ့ကြပြီး သမ္မတကြီးရဲ့လမ်းညွှန်ချက်အရ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတာလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင် ကပြောပါတယ်။

‘’တိုင်းနဲ့ပြည်နယ်တွေမှာပါဖွင့်ပြီးတော့ လုပ်ဆောင်မယ်ဆိုရင် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မယ် လို့ပြောတယ်၊ နဂိုကတည်းက ပြီးခဲ့သက်တမ်းမှာကတည်းက ဥပဒေမှာပါပါတယ်၊ ဒါပေမဲ့ အခြေအနေ အရ မလုပ်ခဲ့နိုင်ဘူးပေါ့နော်၊ ဒီသမ္မတကလုပ်ပါလို့ ပြောတဲ့ဥစ္စာနဲ့ ကျွန်မတို့က ဥပဒေလည်း ပြင်ဆင် ချက်တင်ထားတယ်လေ၊ အမျိုးသားလွှတ်တော်မှာရောက်ပြီးတော့ အတည်ပြုပြီးချိန်မှာ ပြည်ထောင်စု လွှတ်တော်ဆီတင်ဖို့ လွှတ်တော်နားထားလို့ အမျိုးသားလွှတ်တော် မှာတင်ရပ်နေတာ၊ လုပ်တော့လုပ်မယ် ချက်ချင်းတော့ဖြစ်လာမှာ မဟုတ်ဘူး၊ သွားရမယ့်လမ်းကြောင်းက အများကြီးရှိသေးတယ်’’

လက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အရင်အစိုးရ လက်ထက်က ပြန်ကြားရေးဝန်ကြီး တာဝန်ယူခဲ့သူ ဝန်ကြီးဟောင်း ဦးအောင်ကြည်က ဦးဆောင်နေတာဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥပဒေကို အမျိုးသားလွှတ်တော်အဆင့်အထိ တင်ပြထားပြီးဖြစ်သလို အဲဒီဥပဒေထဲမှာ တစ်နိုင်ငံလုံးမှာ ရုံးခွဲတွေဖွင့်နိုင်ဖို့၊ ဝန်ထမ်းအင်အားတွေ ဖြည့်ဆည်းဖို့အတွက် ဖွဲ့စည်းပုံလည်း ပါဝင်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ ကော်မရှင်ကို တိုင်ကြားစာပေါင်း ၁၈၀၀ နီးပါးလောက်ရှိပြီး ကော်မရှင်ဥပဒေနဲ့ ညီညွတ်တဲ့ တိုင်ကြားစာ ၁၁ စောင်ကို ဖြေရှင်းထားရာမှာ အများဆုံးကတော့ တရားသူကြီးတွေလာဘ်စားတဲ့ တိုင်ကြားမှုတွေဖြစ်တယ်လို့ ဒေါ်လဲ့လဲ့သွင်က ပြောပါတယ်။

တိုင်ကြားလိုတဲ့ ပြည်သူတွေအနေနဲ့ သက်သေအထောက်အထားရှိဖို့နဲ့ အချက်အလက်ခိုင်ခိုင်မာမာနဲ့ တိုင်ကြားဖို့လိုတယ်လို့ပြောပါတယ်။

တစ်ပြည်လုံးအတိုင်းအတာနဲ့ ရုံးခွဲတွေဖွင့်နိုင်မယ်ဆိုရင် တိုင်ကြားလိုသူ ပြည်သူတွေလည်း ကော်မရှင်ထံ ထိရောက်တဲ့တိုင်ကြားမှုတွေဖြစ်လာနိုင်ပြီး အရေးယူမှုအပိုင်းမှာလည်း ပိုမိုထိရောက်လာနိုင်မယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။