နိုင်ငံ့ဘဏ္ဍာ ကိုယ်ကျိုးမသုံးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် သတိပေး
2018.09.16

နိုင်ငံတော်ကပေးထားတဲ့ ဘဏ္ဍာငွေတွေကို ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲတာဟာ တရားမျှတမှု မရှိဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောလိုက်ပါတယ်။
ဆင်းရဲခြင်းလွတ်ကင်းအောင် ဆိုတဲ့ ခေါင်းစဉ်နဲ့ ယောမင်းကြီးစကားဝိုင်းအပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဦးအောင်ကြည်က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"နိုင်ငံတော် အကျိုးစီးပွားအတွက်ပဲ မိမိကလုပ်ပေးရမယ့် တာဝန်ဝတ္တရားရှိတယ်၊ မိမိရဲ့ အလုပ်ချိန်တွေအားလုံးက နိုင်ငံတော် အကျိုးစီးပွားအတွက်ပဲ လုပ်ရမယ်ဆိုတဲ့ ကျင့်ဝတ်မျိုးကို စွဲမြဲစွာ ခံယူဖို့လိုပါတယ်၊ ဒါနံပါတ် ၁ အချက်၊ နံပါတ် ၂ အချက်ကတော့ တာဝန်ယူမှုရှိရမယ်၊ တာဝန်ယူမှု မရှိရင် ဘယ်ဌာနမှ နိုင်ငံတော်ရဲ့ ပေးအပ်ထားတဲ့ ဘဏ္ဍာရန်ပုံငွေကနေပြီးတော့ ရယူသုံးစွဲနေတာဟာ တရားမျှတမှု မရှိပါဘူး၊ ကိုယ့်အလုပ်နဲ့ကိုယ် ခေါင်းဆောင် အနေနဲ့ ကိုယ့်ဌာနနဲ့ ကိုယ်တာဝန်ယူမှု ရှိဖို့လိုပါတယ်လို့ပဲ ပြောချင်ပါတယ်"
အဂတိလိုက်စားမှု အကျင့်ကြီးရဲ့ တန်ဖိုးထားမှုတွေက ရုန်းမထွက်နိုင်သေးတဲ့သူတွေကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တယ်လို့ ဒီနေ့ စကားဝိုင်းမှာ ပြောခဲ့ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို တိုက်ဖျက်နေတာမဟုတ်ဘဲ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်နေတာဖြစ်ကြောင်းလည်း ဦးအောင်ကြည်က ပြောပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးပိုင်မှာလည်း ပြည်သူလူထု အကျိုးစီးပွားနဲ့ ပုဂ္ဂလိက စီးပွားရေး မခွဲခြားတတ်တဲ့အတွက် စွမ်းဆောင်ရည် ကျဆင်းလာတယ်လို့ ပြောပါတယ်။