ဒေါ်ညိုညိုသင်းရဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး အရေးယူဖို့ မရှိသေးဘူးလို့ သတင်းထုတ်ပြန်
2018.10.20
ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ နိုင်ငံ့ဘဏ္ဍာငွေတွေ ဆုံးရှုံးနစ်နာတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့ စည်ပင်တာဝန်ရှိသူတွေထဲက အဂတိလိုက်စားမှု ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ တိုင်ကြားထားတဲ့ ဒေါ်ညိုညိုသင်း ရဲ့ တိုင်ကြားစာကို အရေးယူဖို့ မရှိသေးဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒေါ်ညိုညိုသင်းရဲ့ တိုင်ကြားစာပါ အကြောင်းအရာဟာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနဲ့ သက်ဆိုင်ရာ အစိုးရဌာနတို့က ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေ မပြီးပြတ်သေးတာတစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပြင်ဆင်ချက် ဥပဒေမပြဌာန်းခင်က ကိစ္စဖြစ်တာတစ်ကြောင်း၊ အဲဒီတိုင်ကြားစာပါ ကိစ္စတွေကို အရေးယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖောြ်ပထားပါတယ်။
ကော်မရှင်ကို တိုင်ကြားခဲ့သူ ဒေါက်တာ ဒေါ်ညိုညိုသင်းက ဒါဟာ အဲဒီတိုင်ကြားစာအပေါ် အရေးမယူတော့ဘူးလို့ ပယ်ချတာမဟုတ်ဘဲ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စောင့်ကြည့်ဆောင်ရွက်မယ်လို့ ပြောတာဖြစ်တဲ့အတွက် ပြည်သူတွေ ဆန္ဒမစောကြဖို့ RFA ကို ဒီနေ့ ပြောပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရ စီမံကိန်းတွေမှာ ငွေကျပ် ၅၁ ဘီလီယံကျော် ဆုံးရှုံးနေသလို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်းထားတဲ့ စီမံကိန်းတွေမှာလည်း နှစ်စဉ် ပြည်သူ့ဘဏ္ဍာငွေ ကျပ် ၅ ဒသမ ၈ ဘီလီယံ ဆုံးရှုံးနစ်နာနေတဲ့အပေါ် ဥပဒေအတိုင်း အရေးယူပေးဖို့ ဒေါ်ညိုညိုသင်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က တိုင်ကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ကလည်း တိုင်းလွှတ်တော်မှာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်အလက်တွေကို တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးခဲ့မှုအရ ပြည်သူ့ဘဏ္ဍာ နစ်နာမှုရှိ မရှိ စုံစမ်းဖို့နဲ့ ကျော်ဇောသတင်းရှိတယ်လို့ အခိုင်အမာယုံကြည်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တာဝန်ယူစုံစမ်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီတိုင်ကြားစာကို အောက်တိုဘာလ ၁၈ရက်နေ့က ကော်မရှင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။