လယ်သမားအရေး ကူညီသူများ ထောင်ဒဏ်ကျခံရ
2013.12.23
မန္တလေးတိုင်းဒေသကြီးက လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ မိတ္တီလာမြို့ခံ ဒေါ်သန္တာအောင်၊ တောင်ငူ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုမင်းဆွေနဲ့ သာစည်မြို့နယ် သန်းတောကျေးရွာက တောင်သူ ဦးဘိုတို့ကို မိတ္တီလာခရိုင်၊ သာစည်မြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ်နဲ့ ဒဏ်ငွေအသီးသီး ချမှတ်လိုက်ပါတယ်။
အဲဒီလို အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး မိတ္တီလာခရိုင် ဗ.က.သများအဖွဲ့ချုပ်က ကိုအောင်နေပိုင်က အခုလိုပြောပါတယ်။
"ဒေါ်သန္တာအောင်ကို ပုဒ်မ ၁၄၃၊ ၅ဝ၅ (ခ) ရယ်၊ ၆(၁) ရယ်၊ ၅၀၅ (ဂ) ရယ် စုစုပေါင်း ၃ နှစ်နဲ့ ၃ လချလိုက်တယ်၊ နောက် ကိုမင်းဆွေကို ၁၄၃ နဲ့ ၅ဝ၅ (ခ)၊ (ဂ) ရယ် ၂ နှစ်နဲ့ ၃ လချလိုက်တယ်၊ ၆(၁)/၉ အရ ၆ လချလိုက်တယ်၊ အဲဒီအပြင်ကို ၄၄၇ ရယ်၊ ၁၈၉ ရယ်၊ ၁၁၄ ရယ်အရ သူတို့ဒဏ်ငွေအနေနဲ့ ၇၅ဝဝ ချတယ်"
ဒေါ်သန္တာအောင်ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ (ဂ)၊ တရားမဝင်လူစုလူဝေးမှု ပုဒ်မ ၁၄၃၊ ပုဒ် ၆ (၁) ပြည်သူပိုင်ပစ္စည်း ဝင်ရောက်ဖျက်ဆီးမှုစတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၃နှစ်နဲ့ ၃လ၊ NLD ပါတီဝင် တောင်ငူ ကိုမင်းဆွေကို ပုဒ်မ ၅၀၅(ခ)၊ (ဂ) နဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၃လ၊ သာစည်မြို့နယ် သန်းတောကျေးရွာက တောင်သူဦးဘိုကို ပြည်သူပိုင်ပစ္စည်း ဝင်ရောက်ဖျက်ဆီးမှုနဲ့ ထောင်ဒဏ် ၆ လ အသီးသီးချမှတ်လိုက်တာပါ။ သူတို့ ၃ ဦးစလုံးဟာ ထောင်ဒဏ်အပြင် ဒဏ်ငွေ ၇၅၀၀ ကျပ်စီ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၆ လောက်က သာစည်မြို့နယ် သန်းတောကျေးရွာနဲ့ မြင်းခြံကျေးရွာမှာ တောင်သူ ၂၀၀ နီးပါးပိုင်ဆိုင်တဲ့ လယ်မြေဧက ၆၀၀ ကျော်ကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းယူသွားခဲ့တယ်လို့ ပြောပါတယ်။ ဒီနှစ် မေလလောက်က အဲဒီလယ်ယာမြေတွေထဲက ၁၀ ဧကလောက်မှာ တောင်သူတွေနဲ့ လယ်သမားအရေး ဆောင်ရွက်သူတွေက ဝင်ရောက်ထွန်ယက်ခဲ့တဲ့အတွက် တရားစွဲခံရတာ ဖြစ်ပါတယ်။
သူတို့ ၃ ဦးစလုံးက အယူခံမဝင်ခဲ့ဘူးလို့သိရပြီး မိတ္တီလာထောင်မှာ ဖမ်းဆီးခံထားရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ကိုကူညီနေတဲ့ ဗကသများအဖွဲ့ချုပ် မိတ္ထီလာခရိုင် ဥက္ကဌ ကိုအောင်နေပိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။